မေလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန်တစ်သိန်းခွဲကျော် တင်ပို့ထားပြီး ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန်နှစ်သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထား

ယခုနှစ်  မေလအတွင်းက  ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထားပြီး    ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန်နှစ်သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ  ဆန်စပါး အသင်းချုပ်မှ သိရသည်။

ထိုသို့ တင်ပို့ရာတွင် ပြည်တွင်းကုမ္ပဏီ ပေါင်း ၃၆ ခုမှ မဒါဂတ်စကားနိုင်ငံအပါ အဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံ သို့ ဆန်တန်ချိန် ၉၄၆၉၁ တန်နှင့် ဆန်ကွဲ တန်ချိန် ၅၈၈၁၅ ဒသမ ၅ တန် တင်ပို့ခဲ့ကာ တစ်လလျှင် ပျမ်းမျှအားဖြင့် တန်ချိန် တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်အထိ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှထွက်ရှိသည့် ဆန်နှင့်ဆန် ကွဲကို ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့်  ပင်လယ်ရေကြောင်းတို့မှ တင်ပို့နေခြင်းဖြစ်ကာ လတ်တလောတွင်     ရန်ကုန်ဈေးကွက်အတွင်း      ပြည်ပတင်ပို့သည့်ဆန်များ အရောင်းအဝယ်ကောင်း နေကြောင်း သိရသည်။

လက်ရှိမှာ ပြည်ပတင်ပို့တဲ့ဆန်ကတော့   ဈေးတက်နေတယ်။ ဝယ်လိုအားများနေလို့ ဈေးတက်တဲ့သဘောပါ ဟု  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ဝါးတန်းဆန်ကုန်စည်ဒိုင်)မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်ခိုင်က ပြောသည်။

ထိုသို့    ပြည်ပတင်ပို့မည့်ဆန်များ ဝယ်လိုအားများနေသောကြောင့်  တစ်လအတွင်း   ဆန်တစ်အိတ်လျှင်  ငွေကျပ် ၂၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

လတ်တလောတွင် သီးထပ်တစ်အိတ် လျှင်   ငွေကျပ်  ၃၁၀၀၀  မှ  ၃၂၀၀၀ ဝန်းကျင်၊ ရက် ၉၀ တစ်အိတ်လျှင် ငွေကျပ်  ၃၅၀၀၀   ဝန်းကျင်အထိ   ဈေးနှုန်းရှိနေကြောင်း သိရသည်။              

 နဒီ