ဆော်ဒီက အာရှဒေသအတွက် ရေနံဈေးနှုန်းရုတ်တရက်တိုးမြှင့်

လောင်စာဆီဈေးမြင့်တက်ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးဖြစ်သော ဆော်ဒီအာရမ်ကိုက အာရှဒေသအတွက် ရေနံဈေးနှုန်းကိုမမျှော်လင့်ဘဲ ရုတ်တရက်တိုးမြှင့်လိုက်သည့်အတွက် ဇွန် ၆ ရက်တွင် လောင်စာဆီဈေးမြင့်တက်လာကြောင်း သိရသည်။

ဆော်ဒီအာရမ်ကိုက ဇူလိုင်လအတွက် ရေနံစိမ်းတစ်စည်ဈေးနှုန်းကို     ဇွန်လဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၀ ဒေါ်လာတိုးမြှင့်ကြောင်း ဇွန် ၅ ရက်တွင် ကြေညာလိုက်ခြင်း ဖြစ်သည်။

ထိုသို့ဈေးနှုန်းတိုးမြှင့်မှုသည် ဈေးကွက်အတွင်း မျှော်မှန်းတိုးမြှင့်မှုဖြစ်သော တစ်စည်လျှင် ၁ ဒေါ်လာ၊ ၁ ဒေါ်လာခွဲထက်များစွာ ပိုနေသည်ကို တွေ့ရသည်။

ထို့ကြောင့် ဇွန် ၆ ရက်နံနက်ပိုင်းတွင် Brent ရေနံစိမ်းတစ်စည်လျှင် ၄၂ ဆင့် ဈေးတက်ပြီး ဒေါ်လာ ၁၂၀ အထိပေါက်ဈေးရှိလာသည်။

အလားတူ WTI  ရေနံစိမ်းသည်လည်း ၃၅ ဆင့်မြင့်တက်ကာ တစ်စည်လျှင် ၁၁၉ ဒေါ်လာအထက်နှင့် အရောင်းအဝယ်ဖြစ်နေသည်။

ဇွန်လအစောပိုင်းတွင်   ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများ အဖွဲ့အစည်းက လာမည့်လများတွင်  တစ်ရက်လျှင်  ရေနံစည်ပေါင်း ၆၄၈၀၀၀ အထိတိုးမြှင့် ထုတ်လုပ်သွားမည်ဟု ကြေညာထားသည်။

အဆိုပါအဖွဲ့အစည်းက ရေနံကိုတိုးမြှင့် ထုတ်လုပ်မည်ဟု ကတိပြုထားသော်လည်း အမေရိကန်တွင် နွေရာသီကာလ မော်တော်ယာဉ်မောင်းနှင်မှု မြင့်တက်လာခြင်း၊ တရုတ်နိုင်ငံ၌ ကိုဗစ်လော့ဒေါင်းများ ဖြေလျှော့လာခြင်းနှင့် ရုရှားနိုင်ငံမှ ရေနံတင်ပို့မှုမသေချာခြင်း တို့ကြောင့် ဝယ်လိုအားများကာ ရောင်းလိုအားနည်းနိုင်ဆဲ ဖြစ်သည့်အတွက်   ရေနံဈေးနှုန်း   ဆက်လက်မြင့်တက် နိုင်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ထားသည်ဟု သိရသည်။           

Ref: RT