ဘင်္ဂလားဒေ့ရှ်ရှိ ကုန်သေတ္တာဝင်းမီးလောင်မှု မီးသတ်သမားကိုးဦးအပါအဝင် သေဆုံးသူ ၄၉ ဦးအထိမြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုန်သေတ္တာဝင်းတစ်ခု၌ ဇွန် ၅ ရက်တွင် မီးလောင်မှုဖြစ်ပွားရာ မီးသတ်သမားကိုးဦး အပါအဝင် သေဆုံးသူ ၄၉ ဦးအထိမြင့်တက်လာကြောင်းနှင့် ထိုဝင်းအတွင်းဓာတုပစ္စည်းများ သိုလှောင်ထားသည်ကို သတင်းမပို့သည့် အဆိုပါ ဝင်းတာဝန်ရှိသူများကို အစိုးရတာဝန်ရှိသူများက ဇွန် ၆ ရက်တွင် အပြစ်တင်ထားကြောင်း သိရသည်။

အဆိုပါ ကုန်သေတ္တာဝင်းသည် ဆီတာခွန်ဒါမြို့၌တည်ရှိပြီး   မီးလောင်မှုဖြစ်ပွားပြီးနောက် မီးလုံးကြီးများ ပေါက်ကွဲ ထွက်ပေါ်လာသည်ကို မြင်တွေ့ရကြောင်းနှင့် သေဆုံးသူဦးရေမှာ ဆက်လက် မြင့်တက်နိုင်ကြောင်း တာဝန်ရှိသူများကပြောသည်။

ထို့ပြင်   အချို့ကုန်သေတ္တာများမှာ မီးလောင်မှုဖြစ်ပွားပြီးနောက် ၃၆ နာရီအကြာ ဇွန် ၆ ရက်အထိ တစ်ငွေ့ငွေ့ လောင်ကျွမ်းနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမားများ အနေဖြင့် မီးလောင်ပြင်ကိုစစ်ဆေးမှုများ မလုပ်နိုင်သေး သည်ကိုလည်း တွေ့ရသည်။

ထိုမီးလောင်မှုကြောင့်   ဒဏ်ရာရရှိသူအယောက် ၃၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့အနက်  ၁၀  ဦးကျော်မှာ  စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။

အလားတူ မီးသတ်သမားကိုးဦးသေဆုံးရမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယင်းကဲ့သို့မီးလောင်မှုကြောင့် မီးသတ်သမားအများ ဆုံးသေဆုံးမှုဖြစ်သည်။

ကုန်သေတ္တာဝင်း တာဝန်ရှိသူများအနေဖြင့် အန္တရာယ်များသောဓာတုပစ္စည်းများ သိုလှောင်ထားသည်ကို သတင်းပို့ခြင်း မရှိကြောင်း၊ မီးသတ်သမားကိုးဦး သေဆုံးပြီး   နှစ်ဦးပျောက်ဆုံး နေကြောင်းနှင့် လူအများအပြားလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟု သိရသည်။         

Ref: Bangkok Post