မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲနှင့် ပခုက္ကူ ဦးအုံးဖေစာပေဆု ရရှိသူအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် မြန်အောင်မြို့နယ် စာရေးဆရာအသင်းရုံး ရသအောင်မြေစာကြည့်တိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေဝင်း(နေဝင်းဝင်း-လွန်ဆေး)က မြန်မာနိုင်ငံစာရေး ဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက လှူဒါန်းသည့် သုတ၊ ရသ၊ စာအုပ်စာစောင်အုပ်ရေ ၁၀၀   ကို မြို့နယ်အတွင်းရှိ စာကြည့်တိုက်တို့အား ခွဲဝေလှူဒါန်းသည်။

ဆက်လက်၍ မြန်အောင်မြို့နယ် စာရေးဆရာအသင်းသို့  ဒေါ်မြင့်မြင့်စန်းက   Alpha Brand Bluetooth Speaker Box  ပေးအပ်လှူဒါန်းရာ မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ရသအောင်မြေမဂ္ဂဇင်း အမှတ်(၅)ထုတ်ဝေနိုင်ရေးအတွက် စာမူဖိတ်ခေါ်မှုနှင့် သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၀ ပြည့်နှစ် ပခုက္ကူ  ဦးအုံးဖေစာပေဆုပြိုင်ပွဲတွင်  ယူဇနာနှစ်သိန်းလေးသောင်းနှင့် အခြားဝတ္ထုတိုများ စာအုပ်ဖြင့် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသူ  ဦးစံဝင်းအောင် (မြန်အောင်)အား  မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌဦးနေဝင်း(နေဝင်းဝင်း-လွန်ဆေး)က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် ပခုက္ကူ ဦးအုံးဖေစာပေဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသူ ဦးစံဝင်းအောင်(မြန်အောင်)အား မြို့နယ်စာရေးဆရာအသင်းဝင်များနှင့် စာပေဝါသနာရှင်မိတ်ဆွေများက စုပေါင်းဂုဏ်ပြု အမှတ်တရ လက်ဆောင်ပေးအပ်ကြပြီး ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဂုဏ်ပြုကြကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)