မြန်မာ(ကော့သောင်း)-ထိုင်း(ရနောင်း) နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်

မြန်မာ(ကော့သောင်း)-ထိုင်း(ရနောင်း) နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်ပွားခဲ့သည့် အချိန်မှစတင်ကာ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူများက နှစ်နိုင်ငံ ကူးသန်း သွားလာလျက်ရှိသည့် နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ရာမှ ဇွန် ၆ ရက်မှစတင်ကာ မြန်မာ-ထိုင်းနှစ်နိုင်ငံ ပြည်သူများအပြန်အလှန် ကူးသန်းသွားလာနိုင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ရာတွင် နှစ်နိုင်ငံကူးသန်း သွားလာကြမည့်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက် သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကူးသန်းသွားလာရမည်ဖြစ်ကြောင်း၊ နယ်စပ်ဂိတ်မှတစ်ဆင့် ကူးသန်းသွားလာမှုတွင် ထိုင်းနိုင်ငံကူး လက်မှတ် (Passport) ကိုင်ဆောင်ထားသူများနှင့် တတိယနိုင်ငံသားများအား ကူးသန်းသွားလာခွင့် မပြုသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကူးသန်းသွားလာရာတွင် မြို့ခံပြည်သူများ ကူးသန်းရန် သတ်မှတ်ထားသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP(Border Pass နှင့် ဧည့်သည်များ ကူးသန်းရန် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်  TBP (Temporary Border Pass) နှစ်မျိုးလုံးဖြင့် ကူးသန်း သွားလာခွင့်ပြုမည်ဖြစ်ပြီး ကော့သောင်းမြို့သို့ လာရောက် လည်ပတ်မည့် ထိုင်းနိုင်ငံသားများ အပါအဝင် ထိုင်းနိုင်ငံ(ရနောင်းမြို့)မှ ပြန်လည် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများအား ကျန်းမာရေး ဝန်ကြီးဌာန၏ (၁-၅-၂၀၂၂)ရက်စွဲပါ ကျန်းမာရေး ညွှန်ကြားချက်ဖြစ်သည့် အသွားအလာ ကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ်အတိုင်း ဆောင်ရွက်မှုကို ခံယူကြရမည်ဖြစ်ကြောင်း သိရသည်။