ထိုင်းနိုင်ငံ၌ အခြေခံကုန်ဈေးနှုန်းမြင့်တက်မှု ၁၃ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိ

ထိုင်းနိုင်ငံမှာ  မေလအတွက်အခြေခံကုန်ဈေးနှုန်းမြင့်တက်မှုက ၁၃ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ လာတယ်လို့  ကုန်သွယ်ရေးမူဝါဒနဲ့  မဟာဗျူဟာရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုကုန်ဈေးနှုန်း မြင့်တက်မှုတွေထဲမှာမှ အများဆုံး မြင့်တက်လာတာတွေကတော့ စွမ်းအင်နဲ့ စားသောက်ကုန်ဈေးနှုန်း ဖြစ်နေတာကို တွေ့ရပါတယ်။

ဧပြီလတုန်းက ကုန်ဈေးနှုန်းမြင့်တက်မှုပမာဏဟာ ၄  ဒသမ  ၇  ရာခိုင်နှုန်းသာရှိရာမှ  မေလမှာတော့ ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့လည်း ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံးက ဆိုပါတယ်။

အခုလိုကုန်ဈေးနှုန်း မြင့်တက်လာမှုဟာ အမေရိကန်အပြင်  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလို စီးပွားရေး အင်အားကြီးနိုင်ငံတွေ အနေနဲ့  ကြုံတွေ့ရတဲ့အတိုင်း ဖြစ်တယ်လို့  အဲဒီရုံးမှညွှန်ကြားရေးမှူးချုပ်  ရွန်နာရောင်းဖူးပီပတ်က ပြောပါတယ်။

ဒီလိုမျိုးကုန်ဈေးနှုန်းတွေ ကြီးမြင့်ရတဲ့အဓိက အကြောင်းရင်းတွေက  စီးပွားရေး လုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်လာမှုနဲ့အတူ ဝယ်လိုအားမြင့်တက်လာမှု၊ ရောင်းလိုအားနည်းပါးမှုနဲ့ ရုရှားနိုင်ငံအပေါ် ကုန်သွယ်ရေးနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ရောင်းလိုအားနဲ့ ဝယ်လိုအားမညီမျှမှုကြောင့်ပါပဲ။

ဈေးနှုန်းကြီးမြင့်လာတဲ့ ကုန်ပစ္စည်းတွေကို ကြည့်မယ်ဆိုရင် စက်သုံးဆီဈေးနှုန်းက ဒီနှစ်မေလမှာ ပြီးခဲ့တဲ့နှစ်မေလကထက် ၃၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

ဒါဟာလည်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမြင့်တက်မှု၊ မီးဖိုချောင်သုံးဓာတ်ငွေ့အပေါ်    အစိုးရက   ငွေကြေးစိုက် ထုတ်ပေးခြင်း ရပ်ဆိုင်းမှု၊ စက်သုံးဆီအပေါ် ကောက်ခံတဲ့ အခွန်မြင့်မားမှုတို့ကြောင့် ဖြစ်တာကို တွေ့ရပါတယ်။

အခုလိုမျိုး  ကုန်ဈေးနှုန်းတွေ မြင့်တက်လာပေမယ့် ဆန်၊ အဝတ်အထည်၊ နေအိမ်ငှားရမ်းမှုနဲ့ ပညာသင်စရိတ် တို့လိုမျိုး အမျိုးအမည် တချို့အတွက် ဈေးနှုန်းကတော့ ဆက်လက်ကျဆင်းလာနိုင်တယ်လို့ ကုန်သွယ်ရေး မူဝါဒနဲ့ မဟာဗျူဟာရုံးက ထုတ်ပြန်ထားပါသေးတယ်။

ဒါပေမဲ့ ကမ္ဘာ့ဈေးကွက်မှာ လောင်စာဆီဈေးနှုန်းက မနှစ်ကနဲ့နှိုင်းယှဉ်ရင် ဆက်လက်မြင့်တက်နေဆဲ ဖြစ်တဲ့အတွက် အခုဇွန်လမှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှုက ဆက်လက်တည်ရှိနေ ဦးမယ်လို့ ရွန်နာရောင်းဖူးပီပတ်က ပြောပါတယ်။  

Ref: Bangkok Post