အင်ဒိုနီးရှားအစိုးရက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို ငွေလုံးငွေရင်း စိုက်ထုတ်ပေးမည်

အင်ဒိုနီးရှားနိုင်ငံရဲ့   နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှာ အဲဒီစီးပွားရေး လုပ်ငန်းတချို့ကို   ငွေလုံးငွေရင်း စိုက်ထုတ်ပေးဖို့အတွက် လွှတ်တော်ရဲ့ အတည်ပြုချက်ကို တောင်းခံ ထားပါတယ်။

အစိုးရအနေနဲ့ စိုက်ထုတ်ပေးမယ့်     ငွေလုံးငွေရင်း ပမာဏက တော်တော်များပါတယ်။ အင်ဒိုနီးရှားရူပီးယား ၆၉ ဒသမ ၈၂ ထရီလီယံ၊ အမေရိကန်ဒေါ်လာနဲ့ပြန်တွက်ရင် ၄  ဒသမ  ၈၃  ဘီလီယံရှိတာကို တွေ့ရပါတယ်။

အဲဒီထဲကမှ ရူပီးယား ၃၀ ဒသမ ၅၆ ထရီလီယံကို ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဟူတာမာကာယာဆီကို ပေးအပ်သွားမှာပါ။ အဓိကကတော့ ဆူမားတြားဒေသဖြတ်ကျော်အမြန်လမ်းမကြီးစီမံကိန်းအတွက် ဖြစ်တယ်လို့ ဝန်ကြီးဌာနက လွှတ်တော်ဆီတင်သွင်းတဲ့ တင်ပြချက်မှာ ဖော်ပြထားပါတယ်။

လူသုံးကုန်ပစ္စည်း   ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ PLN    ကတော့   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများအတွက် အပါအဝင် အခြေခံအဆောက်အအုံ စီမံကိန်းများ တည်ဆောက် နိုင်ရေးအတွက် ရူပီးယား ၁၀ ထရီလီယံရရှိမှာပါ။

အလားတူ အစိုးရအနေနဲ့ ဂျကာတာ-ဘန်ဒေါင်း ဆက်သွယ်ထားတဲ့ မြန်နှုန်းမြင့်မီးရထားလမ်းအတွက် ရည်ရွယ်ပြီး KAI မီးရထားကုမ္ပဏီကို ရူပီးယား ၄ ဒသမ ၁ ထရီလီယံ စိုက်ထုတ်ပေးသွားမှာပါ။

ဒါတင်ပဲလားဆိုတော့  မဟုတ်ပါဘူး။ စစ်ဘက်အတွက် ပံ့ပိုးပေးမှုလည်း ပါဝင်ပါတယ်။ အဲဒါကတော့ ရေဒါများ၊ လေယာဉ်များ၊ သင်္ဘောများ၊ တင့်ကားများ၊ ခဲယမ်းများနဲ့ လက်နက်များ အဆင့်မြှင့်တင်ရေးအတွက် လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးဖို့နဲ့ စက်ရုံအသစ်တွေ တည်ဆောက်ဖို့အတွက် Defend ID ကုမ္ပဏီကို ရူပီးယား ၃ ထရီလီယံ ထောက်ပံ့ပေးမှုပဲ ဖြစ်ပါတယ်။        

Ref: CNA