ဂျာမနီ၌စားသောက်ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာ နိုင်သည်ဟုဆို

ဂျာမနီနိုင်ငံအတွင်း စားသောက်ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သည်ဟု ဂျာမန်လယ်သမားများ အဖွဲ့အစည်းက ဇွန် ၈ ရက်တွင်   သတိပေးထားကြောင်း သိရသည်။

ယူကရိန်းပဋိပက္ခနှင့် ယင်းနိုင်ငံ၏ စီးပွားရေးကျဆင်းမှုက ဂျာမနီစိုက်ပျိုးမွေးမြူရေး ကဏ္ဍအပေါ် ကြီးစွာသော အကျိုးသက်ရောက်စေကြောင်း ဂျာမန်လယ်သမားများ အဖွဲ့အစည်းဥက္ကဋ္ဌဂျိုအာချင်ရက်ဝီးက ပြောသည်။

ထို့ပြင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုက ဓာတ်မြေသြဇာ အထူးသဖြင့် နိုက်ထရိုဂျင် ဓာတ်မြေသြဇာ ဈေးနှုန်းများကို နှစ်ဆမက မြင့်တက်စေသည့်အပြင်    တိရစ္ဆာန်အစာဈေးနှုန်းများကိုလည်း မြင့်တက်စေသည့် အတွက် ကုန်ကျစရိတ်ပိုများရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိဂျာမနီနိုင်ငံ၏   မေလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိရာ ထိုပမာဏမှာ ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းပြီးနောက်   အမြင့်ဆုံးဖြစ်ကာ ၁၉၇၀ ပြည့်နှစ် ရေနံအကျပ်အတည်း ကာလနှင့်အတူတူပင်ဖြစ်လာကြောင်း ဂျိုအာချင်ရက်ဝီးကဆိုသည်။

အလားတူ ဂျာမနီနိုင်ငံသို့သဘာဝဓာတ်ငွေ့တင်ပို့မှုနှင့်ပတ်သက်၍   ဖြစ်ပေါ်နေသည့် မသေချာမရေရာမှုကလည်း နိုင်ငံ၏လယ်သမားများကို စိုးရိမ်ပူပန်မှု မြင့်တက်စေသည်။

အကယ်၍   သဘာဝဓာတ်ငွေ့ အလုံအလောက်မရရှိပါက   ကောက်ပဲသီးနှံထုတ်လုပ်ရေးတွင်  အဓိကမရှိမဖြစ် လိုအပ်သည့် မြေသြဇာဖြစ်သော  နိုက်ထရိုဂျင်ကို မထုတ်လုပ်နိုင်လျှင် ကောက်ပဲသီးနှံအထွက်နှုန်းမှာ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း သိရသည်။

Ref: RT