အီရန်နိုင်ငံအလယ်ပိုင်း၌ မီးရထားတစ်စင်းလမ်းချော် လူ ၁၇ ဦးသေဆုံး

အီရန်နိုင်ငံ အလယ်ပိုင်း၌ ဇွန် ၈ ရက်တွင် မီးရထားတစ်စင်း လမ်းချော်မှုကြောင့် အနည်းဆုံးလူ ၁၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါမီးရထားသည်    နိုင်ငံအရှေ့မြောက်ပိုင်းရှိ မက်ရှဟတ်မြို့မှ နိုင်ငံအလယ်ပိုင်းရှိ ယက်မြို့သို့ခရီးသည် ၃၄၈ ဦးနှင့်အတူ ခုတ်မောင်းလာစဉ် ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲ၌ မီးရထားသံလမ်းဘေးရှိ မြေတူးစက်ကို ဝင်တိုက်မိပြီးနောက် လမ်းချော်တိမ်းမှောက်သွားခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူ ၈၆ ဦးရှိသည့်အနက် ၃၇ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းနှင့် ဒဏ်ရာရသူအများစုမှာ စိုးရိမ်ရသော အခြေအနေ ရှိသည့်အတွက် သေဆုံးသူ ဦးရေဆက်လက်မြင့်တက်လာနိုင်ကြောင်း အရေးပေါ်ဌာနမှ  ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါမီးရထားသည် အတွဲ ၁၁ တွဲ ပါဝင်ပြီး ငါးတွဲမှာ လမ်းချော်တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း      အီရန်လခြမ်းနီ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

Ref:CNA