ရုရှားက အာရှဒေသသို့ ရေနံကိုတိုးမြှင့်တင်ပို့ပေးနေ

ရုရှားနိုင်ငံက နိုင်ငံအရှေ့ပိုင်းရှိ ကော့ဇမီနိုဆိပ်ကမ်းမှနေ၍ အာရှဒေသရှိနိုင်ငံများသို့ ရေနံကို တိုးမြှင့်တင်ပို့ ပေးလျက်ရှိကြောင်း သိရသည်။

တိုးမြှင့်တင်ပို့ပေးနေသည့်ပမာဏမှာ ပုံမှန်တင်ပို့မှုထက် ငါးပုံတစ်ပုံခန့်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောဆိုချက်ကိုကိုးကား၍ သတင်းဌာနတစ်ခုက ဇွန် ၈ ရက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံပိုင် ရေနံပိုက်လိုင်းကုမ္ပဏီဖြစ်သည့်  ထရန်စနက်က ကော့ဇမီနိုဆိပ်ကမ်းရှိ အာရှဒေသပိုက်လိုင်းသို့ တစ်ရက်လျှင်ရေနံစိမ်းစည် ၇၀၀၀၀ ပို့လွှတ်နေခြင်း ဖြစ်သည်။

ထို့ပြင် ရေနံစီးဆင်းမှုမြန်ဆန်စေရေးအတွက်   ဓာတုပစ္စည်းများကို အသုံးပြု ဆောင်ရွက်နေကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်များက ပြောသည်။

ထို့ကြောင့် ကော့ဇမီနိုဆိပ်ကမ်းမှနေ၍ အာရှဒေသသို့ ရေနံစိမ်းတင်ပို့မှုသည် ယခုနှစ်အစောပိုင်းတွင် တစ်ရက်လျှင် စည်ပေါင်း ၇ သိန်းခွဲခန့်ရှိရာမှ ယခုအခါ စည်ပေါင်း ၉ သိန်းအထိ တိုးမြှင့်တင်ပို့ ပေးနိုင်စေမည်ဖြစ်သည်။

ယင်းသို့ရေနံတင်ပို့မှုကို အရှေ့ဆိုက်ဘေးရီးယား ပစိဖိတ်သမုဒ္ဒရာ ပိုက်လိုင်းမှတစ်ဆင့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး ထိုပိုက်လိုင်းသည် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ ရေနံတွင်းများတွင် မြစ်ဖျားခံကာ ကော့ဇမီနိုဆိပ်ကမ်းမှတစ်ဆင့်  တရုတ်နိုင်ငံအထိ ဖောက်လုပ်ထားခြင်းဖြစ်သည်။ ယင်းပိုက်လိုင်းမှနေ၍ တစ်ရက်လျှင်ရေနံစည်စုစုပေါင်း ၁ ဒသမ ၆၄ သန်း   အထိတင်ပို့နိုင်သည်။

ရုရှားနိုင်ငံက ၎င်းတို့အနေဖြင့် အနောက်နိုင်ငံများသို့တင်ပို့နေသော စွမ်းအင်များကို ဝယ်လိုအား မြင့်တက်လာသည့် အာရှဒေသသို့ လမ်းကြောင်းပြောင်းလဲပေးပို့သွားနိုင်ရေး မျှော်မှန်းထားသည်။

အာရှဒေသသည်လည်း ၂၀၂၂ ခုနှစ် ဧပြီလတွင်  ရုရှားနိုင်ငံမှစွမ်းအင်များကို အများဆုံး တင်သွင်းသည့် ဒေသဖြစ်လာပြီး အထူးသဖြင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က အများဆုံးဝယ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။                    

Ref: RT