စည်းကမ်းလိုက်နာ ဘေးကင်းကွာ စည်းကမ်းရိုသေ အသက်ရှည်

ဤလောကရှိလူသားတို့ကို ထိန်းချုပ်ထားသောအရာသည် စည်းကမ်းဖြစ်သည်။ စည်းကမ်းဟုဆိုရာတွင် တားမြစ်ထားခြင်း၊ တိုက်တွန်းထားခြင်းနှစ်မျိုး ရှိလေသည်။ မသွားရ၊ မလာရ၊ အိမ်ထဲမှာပဲနေထိုင်ပါ စသည်တို့သည် တားမြစ်ထားသောစည်းကမ်းဖြစ်သည်။ အသက်ရှည်ရှည်နေနိုင်ရေး လိုက်နာကျင့်ကြံ လုပ်ဆောင်ရန် ပြောဆိုခြင်းမျိုးသည် တိုက်တွန်းထားသော စည်းကမ်းဖြစ်သည်။ တားမြစ်ထားသည်ဖြစ်စေ၊ တိုက်တွန်းထားသည် ဖြစ်စေ လူတိုင်းသည်စည်းကမ်းကို လိုက်နာသင့်ကြသည်။ စည်းကမ်းရှိမှ တိုးတက်မည်ဟူသော ဆောင်ပုဒ်သည် ကိစ္စမြားမြောင်လူတို့ ဘောင်ဝယ် တိုးတက်အောင် လုပ်ဆောင်သင့်သော လမ်းညွှန်ချက်ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် ကမ္ဘာတစ်ဝန်းလုံးဘေးဒုက္ခနှင့် ရင်ဆိုင်နေကြရသည်။ ထိုအခါရောဂါကူးစက်မှု မရှိစေရေးအတွက် စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ထားရသည်။ ထိုစည်းကမ်းသတ်မှတ်ချက်အတိုင်း လိုက်နာလုပ်ဆောင်လျှင် ရောဂါဟူသည် ဖြစ်လာနိုင်မည်မဟုတ်၊ ကူးစက်ပျံ့နှံ့မှုရှိမည်မဟုတ်ပါ။ သို့သော်အချို့သောသူတို့သည် စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာသောအခါ တစ်ယောက်ကတစ်ရာ၊ တစ်ရာမှသည်ရာထောင်ချီကာ ကူးစက်မှုလွယ်ကူတော့သည်။ စည်းကမ်းမရှိသူတစ်ဦး တစ်ယောက်ကြောင့် ဆက်နွှယ်ကာဒုက္ခနှင့် ရင်ဆိုင်ကြရသည်။

Covid-19 ရောဂါဖြစ်ပွားမှုကြောင့် အမြန်လမ်းမကြီးပေါ်၌ ယာဉ်အသွားအလာ နည်းပါးသည်။ ယာဉ်အသွားအလာ နည်းပါးသော်လည်း ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ ကူညီနိုင်ရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ အမြန်လမ်းရဲစခန်းများ၊ ရဲကင်းများမှ တပ်ဖွဲ့ဝင်များသည် နေ့/ညမပြတ် လှည့်ကင်းဆောင်ရွက်လျက်ရှိသည်။အထူးသဖြင့် မော်တော်ယာဉ်များ စည်းကမ်းနှင့်အညီ မောင်းနှင်သွားလာရေးကိုလည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

သတ်မှတ်စည်းကမ်းများနှင့် မောင်းနှင်သွားလာမှု မရှိခြင်းကြောင့် အမြန်လမ်းမကြီးပေါ်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုပေါင်း ၃၁၃ မှုဖြစ်ပွားပြီး သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၃၅၆ ဦးရှိကြောင်း သိရှိရသည်။ ယာဉ်မတော်တဆ ဖြစ်ပေါ်ရသော အကြောင်းရင်းများတွင် လူကြောင့်ဖြစ်ပွားမှု ၂၂၃ မှု၊ ယာဉ်ကြောင့်ဖြစ်ပွားမှု ၈၆ မှု၊ ရာသီဥတုကြောင့် ဖြစ်ပွားမှုလေးမှုရှိခဲ့သည်။

လူကြောင့်ဖြစ်ပွားမှုတွင် အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ လမ်းကူးသူပေါ့ဆခြင်း၊ ဆိုင်ကယ်ပေါ့ဆစွာ မဆင်မခြင်မောင်းနှင်ခြင်း စသောအကြောင်းအရာများ ပါဝင်သည်။

ယာဉ်ကြောင့် မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းများတွင် ဘီးပေါက်ခြင်း၊ စက်ချွတ်ယွင်းခြင်းတို့ဖြစ်သည်။ ယာဉ်မတော်တဆ ဖြစ်ပွားရခြင်းသည် အဓိကအားဖြင့် ခြုံငုံသုံးသပ်ရလျှင် ယာဉ်မောင်းများ စည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မော်တော်ယာဉ်တစ်စီးကိုမောင်းနှင်ရန် စတင်သင် ယူစဉ်ကပင် သင်ကြားပြသသူက မော်တော်ယာဉ်နှင့် ပတ်သက်၍ စည်းကမ်းများကို အသေးစိတ် သင်ကြားပေးခဲ့ပြီးဖြစ်သည်။ ယာဉ်မောင်းလိုင်စင်ရရှိရန်အတွက် စာတွေ့လက်တွေ့ဖြေဆို အောင်မြင်ပြီးမှ ယာဉ်မောင်းနှင်ခွင့်ကတ်ထုတ်ပေးခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ယာဉ်မောင်းတစ်ဦးသည် မည်သည့်နေရာတွင် မည်သည့်ကားကို မည်သို့မောင်းနှင်ရမည်၊ လမ်းဆုံလမ်းခွတွင် မည်သို့မောင်းနှင်ရမည်၊ ခရီးတစ်ခုမထွက်ခွာမီ မိမိယာဉ်ကို မည်သို့စစ်ဆေးရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များရှိထားပြီး ဖြစ်သည်။ ထိုစည်းကမ်း သတ်မှတ်ချက်အတိုင်းသာ မောင်းနှင်ပါလျှင် ယာဉ်မတော်တဆဖြစ်မှုသည် ရှိလာလိမ့်မည်မဟုတ်ပေ။ တစ်ခါတစ်ရ ံရာသီဥတုကြောင့် ဆိုသော်လည်း ထိုရာသီဥတုကို အန်တုရန် မိုးသည်းထန်နေစဉ် ရှေ့မြင်ကွင်းမမြင်ရတော့လျှင် မည်သို့မောင်းနှင်ရမည်ကို ယာဉ်မောင်းတိုင်းသိပြီး ဖြစ်သည်။ သို့သော် သတိလက်လွတ်ဖြစ်ကာ လိုက်နာရန် အားနည်းခဲ့သည်။

ရလဒ်မှာယာဉ်တိမ်းမှောက်ခြင်း၊ ယာဉ်တိမ်းမှောက်ခြင်းကြောင့် သေကျေဒဏ်ရာရခြင်း စသောဆိုးကျိုးများ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

လူတိုင်းသည် စည်းကမ်းရှိရှိ တာဝန်သိသိပြုမူ နေထိုင်သွားလာကြမည်ဆိုလျှင် ယာဉ်မတော်တဆဖြစ်ရပ်မျိုး၊ ရောဂါကူးစက်ပျံ့နှံ့ခြင်းမျိုးများ ဖြစ်ပေါ်လာမည်မဟုတ်ပါ။ COVID-19 ရောဂါမဖြစ်ပွားစေရန်အတွက် တတ်နိုင်သမျှ မိမိနေအိမ်၌နေထိုင်ပါ။ အထူးသဖြင့် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများ၊ သွေးတိုး၊ နှလုံး၊ဆီးချို၊ ကျောက်ကပ်၊ အသည်းနှင့်ကင်ဆာ ကဲ့သို့သော နာတာရှည်ရောဂါရှိသူများ ရောဂါဖြစ်ပွားပါက အသက်ဆုံးရှုံးမှု အလွန်များသည်။ မဖြစ်မနေ အပြင်ထွက်ရပါကလည်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ရမည်။ နှာချေချောင်းဆိုးပြီးတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း၊ ငွေစက္ကူပိုက်ဆံလက်ခံကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန်လာသည့် အခါတိုင်းမှာ လက်ကိုအနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောရမည်။ ဤအချက်များသည် လူတိုင်းလွယ်လွယ်ကူကူ လုပ်နိုင်သော စည်းကမ်းချက်ဖြစ်သည်။ အသက်ရှည်ရှည် နေနိုင်ရေးအတွက် တိုက်တွန်းထားသော တိုက်တွန်းချက်စည်းကမ်း ဖြစ်သည်။ အနှစ်ချုပ်ရလျှင် မိမိလုပ်ကိုင်နေရသော အလုပ်၏ စည်းကမ်းကိုလည်း လိုက်နာပါ။ လက်ရှိရောဂါကာကွယ်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာပါ။ စည်းကမ်းလိုက်နာဘေးကင်းကွာသကဲ့သို့ စည်းကမ်းကို ရိုသေလျှင် အသက်ရှည်လိမ့်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။