အာဆီယံ၏ တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်

နေပြည်တော် ဇွန် ၉

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ယင်း တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံစဉ် H.E. Dr. KUNG Phoak က မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ် ထားခြင်းကို မပြုလုပ်သင့်ဟု ကမ္ဘောဒီးယားနိုင်ငံမှ ယူဆကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်၏ စတုတ္ထအချက်အား အကောင် အထည်ဖော်ဆောင်ရာတွင် လိုအပ်ချက်ဆန်းစစ်ခြင်း လုပ်ငန်းများအပါအဝင် ဖြစ်ပေါ်တိုးတက်မှုများကို ကျေနပ်အားရ ကြောင်း၊ ကျန်ရှိသည့်အချက်များနှင့် ပတ်သက်၍ အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်သွားရန် ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည့်ဝသော ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့် သာယာဝ ပြောရေးသည် အခြေခံအုတ်မြစ်များဖြစ်သည့်အားလျော်စွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာပြည်သူများ၏ အကျိုးကိုရည်မျှော်၍  အာဆီယံ၏ တူညီဆန္ဒ(၅) ချက်အကောင်အထည်ဖော်ဆောင်ရေး၌ သိသာထင်ရှားသော ဖြစ်ပေါ်တိုးတက်မှုများရှိကြောင်း၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်သည့်ကိစ္စရပ်များသည် နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်အဖြစ် ပုံဖော်မှုမပြု သင့်ကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ  အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)