အာဖဂန်နစ္စတန်၌ စစ်သွေးကြွ ၂၇၅ ဦး လက်နက်ချအလင်းဝင်

ကဘူး၊ ငြိမ်းချမ်းရေး

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် အစိုးရနှင့် တာလီဘန် စစ်သွေးကြွများ အကြား ကာတာနိုင်ငံ ဒိုဟာမြို့၌ ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် နိုင်ငံမြောက်ပိုင်းရှိ ဘာ့နှင့် ဆာရီပူးပြည်နယ်တို့၌ စစ်သွေးကြွ ၂၇၅ ဦးက လက်နက်ချ အလင်းဝင်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

ဘာ့ပြည်နယ်ရှိစစ်သွေးကြွ ၁၂၅ ဦးသည် အောက်တိုဘာ ၅ ရက်နှောင်းပိုင်းတွင် လက်နက်ချ အလင်း ဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာကြောင်း စစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ယင်းနေ့ အစောပိုင်းတွင်မူ စစ်သွေးကြွ အယောက် ၁၅၀ က ဆာရီပူးပြည်နယ်ရှိ တာဝန်ရှိသူ များထံ လက်နက်ချ အလင်းဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယခုကဲ့သို့ လက်နက်ချ အလင်းဝင်ခြင်းသည် လက်ရှိလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဆောင်ရွက်မှု များကို ပိုမိုတိုးတက်စေရန်ဖြစ်ကြောင်း အလင်းဝင်လာသည့် စစ်သွေးကြွများက ပြောသည်။ အဖွဲ့ဝင် ၂၁ ဦးပါဝင်သော အာဖဂန်အစိုးရ ဆွေးနွေးရေးအဖွဲ့သည် စက်တင်ဘာ ၁၂ ရက်ကတည်းက ကာတာနိုင်ငံ ဒိုဟာမြို့၌ တာလီဘန်စစ်သွေးကြွ ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေး နေခြင်းဖြစ်သည်။

သို့သော် အဆိုပါဆွေးနွေးပွဲ စတင်ပြီးနောက်ပိုင်း ကာလများ၌ တာလီဘန် စစ်သွေးကြွများက   နိုင်ငံအတွင်းရှိနေရာအနှံ့တွင် တိုက်ခိုက်မှုများ အရှိန်တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှုများတွင် အရပ်သား အယောက် ၆၀ ကျော်သေဆုံးပြီး ၁၄၀ ကျော်ဒဏ်ရာရရှိသည်။ ထို့ပြင် ထိတွေ့တိုက်ခိုက်မှု အကြိမ်ရေ ၆၅၀ နှင့် ဗုံးခွဲတိုက်ခိုက်မှုအကြိမ်ရေ ၈၆ ကြိမ်ရှိကြောင်း သိရသည်။

Ref: Xinhua