တိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းပညာ ဖွံ့ဖြိုးတိုးတက်ရေး “အစားအစာချက်ပြုတ်သင်တန်း” ဖွင့်ပွဲကျင်းပ

ထားဝယ်  ဇွန်  ၉

တိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းပညာ ဖွံ့ဖြိုးတိုးတက်ရေး “အစား အစာချက်ပြုတ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို     ယနေ့နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း  (ထားဝယ်)၌ ကျင်းပရာ  တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင် မြင့်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ပထမဦးစွာ   ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။

၎င်းနောက် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  ကရင်၊  ဆလုံ(မော်ကယ်)၊ ထားဝယ်၊ မွန် စတဲ့တိုင်းရင်းသားများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများ ပံ့ပိုးခြင်း၊  စားနပ်ရိက္ခာများထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အမျိုးသားနေ့အခမ်းအနားများ၊ စာပေနှင့် ယဉ်ကျေးမှု သင်တန်းများ ကျင်းပနိုင်ရေးနှင့်  အမျိုးသားသမိုင်း၊ အဘိဓာန်စာအုပ်များ ထုတ်ဝေနိုင်ရေးတို့အတွက် ရန်ပုံငွေခွင့်ပြု စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဆလုံ(မော်ကယ်)တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေမှ နှစ်စဉ်ကျပ်သိန်း ၁၀၀၀ ခွင့်ပြုပေးလျက်ရှိပြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင် ထောက်ပံ့ရေး  လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းရင်းသားများ၏  လူမှုအကျိုးစီးပွားကို   ပိုမိုဖြည့်ဆည်းပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အသက်မွေးဝမ်းကျောင်း ပညာဖွံ့ဖြိုးတိုးတက်ရေး “အစားအစာချက်ပြုတ်သင်တန်း”သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာ ရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဇွန် ၉ ရက်မှ ဇူလိုင် ၈ ရက်အထိ တစ်လတာ   သင်တန်း ပို့ချပေးသွားမည်ဖြစ်ကာ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း   သိရသည်။

(၅၀၀)