အီတလီ၌ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းမတပ်မနေရ အမိန့်ထုတ်ပြန်ရန်ပြင်ဆင်

ရောမ၊ ကျန်းမာရေး

အီတလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် အိမ် အပြင်ထွက်သည်နှင့် နှာခေါင်းစည်းမတပ်မနေရ အမိန့်ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ကျန်းမာ ရေးဝန်ကြီး ရောဘတ်တိုစပီရန်ဇာက အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

ဥရောပဒေသ၌ ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားသည့် အီတလီနိုင်ငံ၏ ရောဂါ ကူးစက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ်လအတွင်း ပုံမှန်မြင့်တက်လာသည်။ လက်ရှိတွင် ရောမမြို့အနီးရှိ လာဇီယိုနှင့် နေပယ်မြို့အနီးရှိ ကမ်ပါနီယာမြို့တို့၌ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းမတပ်မနေရ အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သည်။

အီတလီနိုင်ငံ၌ အောက်တိုဘာ ၃ ရက် တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၂၈၄၄ ဦး ရှိသည့်အတွက် ဧပြီလနောက်ပိုင်း တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ အများဆုံးနေ့ အဖြစ်စံချိန် တင်သည်။ သို့သော် အဆိုပါပမာဏသည် ဥရောပနိုင်ငံကြီးများဖြစ်သော ပြင်သစ်၊ စပိန်နှင့် ဗြိတိန် နိုင်ငံတို့ရှိ တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူအရေအတွက်ထက် များစွာနည်းပါးနေသေးကြောင်း သိရသည်။

တစ်ရက်အတွင်း သေဆုံးသူအရေအတွက်မှာမူ မတ်လနှောင်းပိုင်းတွင် အယောက် ၁၀၀၀ နီးပါး အထိရှိရာမှ အောက်တိုဘာ ၃ ရက်တွင် အယောက် ၃၀  အောက်သာရှိသော်လည်း ရောဂါကူးစက်မှု တိုက်ဖျက်ရေးကို အားရကျေနပ်မှုမရှိသေးကြောင်း ဝန်ကြီးချုပ်က အောက်တိုဘာ ၆ ရက်တွင် ပြော သည်။

အီတလီနိုင်ငံ၌ ရောဂါကူးစက်မှုစတင်သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၆၀၀၂ ဦးရှိသည့်အတွက် ဥရောပဒေသ၌ ဗြိတိန်ပြီးနောက် လူသေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

Ref: The Straits Times