လာမည့်ဘောလုံးရာသီတွင် ပြည်ပကစားသမားတချို့ လဲလှယ်လိုကြောင်း ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ဆို

ရန်ကုန်၊ ဘောလုံး

ယခုနှစ် ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ၌ ချန်ပီယံဆုရရှိခဲ့သည့်  ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် ပြည်ပကစားသမားတချို့လဲလှယ်ရန် ဆန္ဒရှိကြောင်း အသင်းနည်းပြချုပ် ဦးအောင်နိုင်က ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံး ပြိုင်ပွဲတွင် ၁၄ ပွဲ နိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၄၄ မှတ်ရရှိကာ ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အမှတ်ပေးချန်ပီယံဆု ရရှိခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်းသည် လာမည့်နှစ် အာရှ အဆင့် AFC ချန်ပီယံလိဂ်ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

“လာမယ့်နှစ်မှာ AFC ချန်ပီယံလိဂ် ခြေစစ်ပွဲယှဉ်ပြိုင်ခွင့်ရထားတယ်။ ခြေစစ်ပွဲ မအောင်ခဲ့ရင်တောင် AFC Cup အုပ်စုအဆင့်ကို ပြန်ပြိုင်ရမယ်။ ဒါကြောင့် လာမယ့်ရာသီအတွက် ပြည်ပကစားသမား တချို့ကို အပြောင်းအလဲပြုလုပ်လိုပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမားစာရင်းက ပြည်တွင်း ကစားသမားတွေကိုတော့ အများကြီး အပြောင်းအလဲလုပ်ဖို့မရှိပါဘူး” ဟု ဦးအောင်နိုင်က ပြော သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပြည်ပကစားသမား သုံးဦးအဖြစ် ကိဘ်၊ အဘူဘာကာနှင့် မက်ဆီမန်တို့ကို ခေါ်ယူအသုံးပြုခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲသမိုင်းတွင် ၂၀၁၇၊ ၂၀၁၉ နှင့် ၂၀၂၀ ရာသီတို့တွင် ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဆုကို နှစ်ရာသီ ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်က စတင်ယှဉ်ပြိုင်ခွင့်ရရှိသော်လည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။                             

ကိုရဲ