နိုင်ငံအတွင်းသို့ ပြည်ပခရီးသွား ဧည့်သည်များ ပြန်လည်ဝင်ရောက်ခွင့်ကို အပြည့်အဝဖြေလျှော့ပေးရေး လုပ်ဆောင်ရန် လိုအပ် လာသည့်ဂျပန်

နိုင်ငံအတွင်းသို့ ပြည်ပခရီးသွား ဧည့်သည်များ ပြန်လည်ဝင်ရောက်ခွင့်ကို အပြည့်အဝဖြေလျှော့ပေးရေး လုပ်ဆောင်ရန် လိုအပ် လာသည့်ဂျပန်

ဂျပန်နိုင်ငံသည်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေး တင်းကျပ်မှုများကို တဖြည်းဖြည်း   လျှော့ချလာပြီဖြစ်သောကြောင့် အစိုးရ အနေဖြင့် နယ်စပ်ဒေသရှိဝင်ပေါက်များအပေါ်   ချမှတ်ထားသည့် တင်းကျပ်မှုများကိုပါ   ဖြေလျှော့ပေးရန် စီးပွားရေး လုပ်ငန်းရှင်များ က ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

ဂျပန်စီးပွားရေး လုပ်ငန်းရှင်များအဖွဲ့သည် အဆိုပါပူးတွဲကြေညာချက်ကို ဇွန် ၁၀ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အစိုးရက ချမှတ်ထားသည့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ခရီးသွားလာခွင့်အပေါ် တင်းကျပ်ထားခြင်းကို ဖြေလျှော့ပေးရန် တောင်းဆိုထား သည်။

အစိုးရအနေဖြင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ခရီးသွားလာမှုအပေါ် ချမှတ်ထားသည့်တင်းကျပ်မှုများကို ဖြေလျှော့ပေးခြင်း အားဖြင့် ပြည်သူများ၊ ကုန်စည်များ၊ ငွေကြေးများ၊ ဒစ်ဂျစ်တယ်နည်းပညာများ လွတ်လပ်စွာစီးဆင်းနိုင်မည်ဖြစ်ကြောင်း ပူးတွဲ ကြေညာချက်တွင်ဖော်ပြထားသည်။

ဂျပန်အစိုးရသည်   နိုင်ငံအတွင်းသို့ ပြည်ပမှခရီးသွားဧည့်သည်များ ဝင်ရောက်ခွင့်ကို နှစ်နှစ်ကျော်ကြာပိတ်ပင်ထားခဲ့ပြီးနောက် ဇွန် ၁၀ ရက်မှစ၍ ပြည်ပခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်ခြင်းကို အဆင့်လိုက် စတင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

သို့ရာတွင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့်ခရီးသွားဧည့်သည်များအနေဖြင့်  နိုင်ငံအတွင်းရှိ ဧည့်လမ်းညွှန်များ၏ ဦးဆောင်မှု အောက်တွင်သာ  သွားလာရမည်ဖြစ်ပြီး ထိုသို့သွားလာရာတွင်လည်း အစိုးရကချမှတ်ထားသည့် ရောဂါကူးစက်မှု တိုက်ဖျက်ရေး ထိန်းချုပ် ကန့်သတ်မှုများကို လိုက်နာရန်လိုအပ်မည်ဖြစ်သည်။ထို့ကြောင့် အစိုးရအနေဖြင့် ဖြေလျှော့မှုများ ထပ်မံလုပ်ဆောင်ရန် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များက တောင်းဆိုနေခြင်းဖြစ်သည်။

အစိုးရ၏ အဆိုပါလုပ်ဆောင်ချက်သည် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို  ပိုမိုအရှိန်တိုးမြှင့်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ သို့သော် ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါဦးဆောင်သည့် ဂျပန်အစိုးရသည် နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် ပြည်ပနိုင်ငံများမှ ခရီးသည် အရေအတွက်ကို လတ်တလောတွင် ကန့်သတ်ထားသည်။ လက်ရှိတွင် ဂျပန်အစိုးရသည် နိုင်ငံအတွင်းသို့ တခြားနိုင်ငံများမှ ဝင်ရောက်လာမည့် ခရီးသည်ဦးရေကို တစ်ရက်လျှင် ၆၀၀၀ အထိထပ်မံတိုးမြှင့်သတ်မှတ်ထားသောကြောင့် ပြည်ပမှဝင်ရောက် လာမည့် ခရီးသွားဧည့်သည်များ၏ နှစ်စဉ်အသုံးစရိတ်သည် ယန်း ၃၂၀ ဘီလီယံအထိရှိလာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

သို့သော် အဆိုပါငွေကြေးပမာဏသည်၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံကရရှိခဲ့သည့် ဝင်ငွေပမာဏ၏ ၁၄ ရာခိုင်နှုန်းမျှသာ ဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်လာစေရန် ခရီးသွားလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရေးအတွက် လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရန် နိုင်ငံ၏ နယ်စပ်ဒေသများကို အပြည့်အဝ ပြန်လည် ဖွင့်လှစ်ပေးရန်လည်း လိုအပ်နေသည်။

ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ကျဆင်းနေသည့် ယန်းငွေကြေးတန်ဖိုးကိုပါ ပြန်လည်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ယန်းငွေကြေးတန်ဖိုးသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်မဖြစ်ပွားမီကာလနှင့်နှိုင်းယှဉ်ပါက ကျဆင်းလျက်ရှိကြောင်း Daiwa Securities Co မှ ဈေးကွက်စီးပွားရေးပညာရှင် မာရီအိုင်ဝါရှီတာကပြောသည်။ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေး ပြန်လည် ကောင်းမွန်လာစေရန်နှင့် ကျဆင်းနေသည့် ယန်းငွေကြေးတန်ဖိုး ပြန်လည်မြင့်တက်လာစေရန် နိုင်ငံ၏နယ်စပ် ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်ရေးအတွက် လုပ်ဆောင်သွားမည်ဟုဝန်ကြီးချုပ် ကီရှီဒါက ပြီးခဲ့သည့်လအတွင်းက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်နာလန်ထူလာစေရန်အတွက်   ဂျပန်အစိုးရအနေဖြင့် စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံအဖွဲ့မှ စီးပွားရေးလုပ်ငန်းရှင်များအား ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပေးအပ်ရန် အမေရိကန်နှင့် ဥရောပသမဂ္ဂမှ စီးပွားရေးလုပ်ငန်းရှင်များက တောင်းဆိုထားသည်။ ထို့ပြင် ဂျပန်အစိုးရအနေဖြင့် နိုင်ငံ၏ ခရီးသွား လုပ်ငန်းများ အလျင်အမြန်ပြန်လည် နာလန်ထူလာစေရေးအတွက် နိုင်ငံအတွင်းသို့ တစ်ဦးချင်းဝင်ရောက်လာသည့် ခရီးသွား ဧည့်သည်များအား ပြန်လည်ဝင်ရောက်ခွင့်ပြုရန်၊ လေဆိပ်များ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်းရှိ၊ မရှိစစ်ဆေးရန်၊  နိုင်ငံ အတွင်းသို့ နေ့စဉ်ဝင်ရောက်သည့် ခရီးသည်ပမာဏအပေါ် ကန့်သတ်ထားခြင်းကိုဖြေလျှော့ပေးရန် ၎င်းတို့က ထပ်လောင်း တောင်းဆို ထားသည်။

ဂျပန်နိုင်ငံ၏ ပြည်တွင်းစားသုံးမှုပမာဏသည်   ယခုအချိန်ထိ  သိသိသာသာတိုးတက်မှုမရှိဘဲ နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားခဲ့သည့် အိုမီခရွန်ရောဂါကူးစက်မှုကြောင့် ဂျပန်နိုင်ငံသားအများစုမှာ ၎င်းတို့၏အသုံးစရိတ်နှင့်စပ်လျဉ်း၍ လေ့လာချင့်ချိန်နေခဲ့ကြသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့်ဆိုရပါမူ ပြန်လည်ဖြစ်ပေါ်လာနိုင်သည့် မသေချာ၊ မရေရာမှုတို့ကြောင့် စားသုံးမှုပမာဏ တိုးတက်မှု မရှိ ဖြစ်နေသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့်နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များ၏ ငွေကြေး သုံးစွဲမှုသည် ရောဂါကူးစက်မှုကြောင့် အထိနာခဲ့ရသည့် ခရီးသွားလာရေးကဏ္ဍတိုးတက်မှုအတွက်  အထောက်အကူပြုမည့် အလား အလာရှိနေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ၏ ပြည်ပမှခရီးသွားဧည့်သည်များ ပြန်လည် ဝင်ရောက်မှုအား အပြည့်အဝဖြေလျှော့ပေးရေး တောင်းဆိုချက်ကို အရေးတယူစဉ်းစားရန်လိုအပ်လာပြီဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။      ။

Ref: Business standard, ST