ကိုရီးယားကျွန်းဆွယ်ပေါ်၌ တင်းမာမှုများ တစ်ဖန်မြင့်တက်လာစေနိုင်သည့် မြောက်ကိုရီးယား၏ (၁၈ ) ကြိမ်မြောက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု

ကိုရီးယားကျွန်းဆွယ်ပေါ်၌  တင်းမာမှုများ မြင့်တက်နေစဉ်  မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ အကြီးမားဆုံးဟု ဆိုနိုင်သော   ဒုံးကျည်စမ်းသပ်မှုကြီး တစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက    လုပ်ဆောင်ခဲ့သည်။

မြောက်ကိုရီးယား အစိုးရ၏   အဆိုပါ ဒုံးကျည်စမ်းသပ်မှုသည် ပြိုင်ဘက် တောင်ကိုရီးယားနှင့်  အမေရိကန် တို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို    အပြီးသတ်လုပ်ဆောင်ခဲ့ပြီးနောက်  တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခု စမ်းသပ်ပစ်လွှတ်မှုတွင် အနည်းဆုံးတာ တိုပစ်ဒုံးကျည်ရှစ်စင်းကို  စမ်းသပ်ပစ်ခတ်ခဲ့ပြီး ယင်းဒုံးကျည်များကို ပြုံယမ်းမြို့တော်ရှိ ဆူနန်ဒေသမှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါဒုံးကျည်များသည်  အမြင့်  ၂၅ ကီလိုမီတာနှင့်  ၉၀  ကီလိုမီတာကြား  ပစ်လွှတ်ပြီးနောက်   အကွာအဝေး ၁၁၀ ကီလိုမီတာနှင့် ၆၀၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်း    တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံက ယခုတစ်ကြိမ် ဒုံးကျည်ပစ်လွှတ်မှုသည် ယခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့်   (၁၈)  ကြိမ်မြောက်ပစ်လွှတ်မှုဖြစ်လာသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် တောင်ကိုရီးယားစစ်ဘက်က အခြေအနေကို အထူးစောင့်ကြည့်နေခဲ့သည့်အပြင် မြောက်ကိုရီးယားက ထပ်မံလုပ်ဆောင်လာမည့် စမ်းသပ်ပစ်လွှတ် မှုများကို    သတိထားနေပြီး လိုအပ်ပါက စစ်ရေးအသင့်အနေအထား ရှိစေရေးအတွက် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်။

မြောက်ကိုရီးယားက ယခုလုပ်ဆောင်သည့် ဒုံးကျည်ပစ်လွှတ်မှုများကို လေ့လာမည် ဆိုပါက တောင်ကိုရီးယားနှင့် အမေရိကန်တို့က   ၎င်းတို့ကြား   ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ကိုရီးယားကျွန်းဆွယ် အနီး၌လုပ်ဆောင်ခဲ့ပြီး     အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စင်းကို  ဖြန့်ကြက်ခဲ့ပြီး နောက်ပိုင်းတွင်  ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ  ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံ  အိုကီနာဝါကျွန်းကမ်းလွန်ရှိ   နိုင်ငံတကာရေပိုင်နက်၌ ဇွန် ၁ ရက်မှ ၄ ရက်အထိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။  

အဆိုပါ  ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း    အမေရိကန်ရေတပ်မှ နျူကလီးယားစွမ်းအင်သုံး   လေယာဉ်တင် သင်္ဘောတစ်စင်းဖြစ်သည့် USS Ronald Reagan နှင့် နှစ်နိုင်ငံစလုံးမှ  စစ်ရေယာဉ်များ ပါဝင်ခဲ့ကြောင်း   ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။

တောင်ကိုရီးယားနှင့်  အမေရိကန်တို့ကြား   ပူးတွဲလုပ်ဆောင်သော မည်သည့်စစ်ရေးလေ့ကျင့်မှုမျိုးကိုမဆို မြောက်ကိုရီးယားက ကန့်ကွက်ထားပြီး  ထိုသို့စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားနိုင်ငံသို့     ဝင်ရောက်ကျူးကျော် တိုက်ခိုက်ရန် ကြိုတင်လေ့ကျင့်နေခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ယူဆနေသည်။

ထို့ကြောင့် မြောက်ကိုရီးယားက တုံ့ပြန်သည့်အနေဖြင့်    ဒုံးကျည်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ပြင်   မြောက်ကိုရီးယား၏  ယခုလုပ်ဆောင်သော ဒုံးကျည်ပစ်လွှတ်မှုများသည် အမေရိကန်အစိုးရ၏ မြောက်ကိုရီးယားအရေးဆိုင်ရာ     အထူးကိုယ်စားလှယ်ဆုန်ကင် တောင်ကိုရီးယား နိုင်ငံသို့ ရောက်ရှိနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုကို   ဂျပန်စစ်ဘက်ကလည်း သတိထားစောင့်ကြည့်နေခဲ့ပြီး မြောက်ကိုရီးယားအစိုးရ၏  လုပ်ဆောင်ချက်သည် သည်းခံနိုင်ဖွယ်ရာမရှိဟု ဂျပန်စစ်ဘက်က ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားက  ပစ်လွှတ်လိုက်သည့်  ဒုံးကျည်များအနက်   အနည်းဆုံးတစ်စင်းမှာ ဒုံးကျည် ကာကွယ်ရေး စနစ်များ၏ ထောက်လှမ်းမှုကို ရှောင်ရှားနိုင်စွမ်းရှိသည်ဟု  ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီက ထုတ်ဖော်ပြောကြားသည်။

ဒုံးကျည်ပစ်လွှတ်မှုများ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် တောင်ကိုရီးယားအစိုးရက     အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်    ကျင်းပခဲ့ပြီးမြောက်ကိုရီးယားမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို    ကာကွယ်တားဆီးနိုင်ရေးအတွက် ပိုမိုကောင်းမွန်သော ခံစစ်ပြင်ဆင်မှုနှင့် စပ်လျဉ်း၍   အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့ကြောင့် မြောက်ကိုရီးယားက လုပ်ဆောင်သည့်   တစ်နှစ်အတွင်း  (၁၈) ကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုသည်  ဒေသတွင်းနိုင်ငံများကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။

အချုပ်အားဖြင့် ဆိုရပါမူ မြောက်ကိုရီးယားနိုင်ငံက   ဒုံးကျည်စမ်းသပ်မှုများကို ပိုမိုလုပ်ဆောင်လေလေ ဒေသတွင်းနိုင်ငံများ အနေဖြင့် ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် ပိုမိုလုပ်ဆောင်လာလေလေ ဖြစ်သည့်အပြင် အထိုက်အလျောက် တည်ငြိမ်နေသော ကိုရီးယား ကျွန်းဆွယ်ပေါ်၌ တင်းမာမှုများ တစ်ဖန်မြင့်တက်လာစေမည့် အလားအလာရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။           

Ref: CN, ST