နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ကုန်သွယ်မှု တိုးတက်လာစေမည့် ရုရှား-တရုတ် နယ်စပ်ဖြတ်ကျော်ရေး တံတားဖွင့်လှစ်မှု

ရုရှားနှင့်တရုတ်တို့သည် ၎င်းတို့နှစ်နိုင်ငံနယ်စပ်၌ တည်ဆောက်နေသော နယ်စပ်ဖြတ်ကျော်ရေး တံတားတစ်စင်းကို   ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက  ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆိုပါ နယ်စပ်ဖြတ်ကျော်ရေး တံတားကို ဇွန် ၁၀  ရက်က တရားဝင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး  ရူဘယ်  ၁၉  ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၄၂ သန်း)အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။   ယင်းနှစ်နိုင်ငံ  နယ်စပ်ဖြတ်ကျော်ရေး တံတားသည်  ရုရှားနိုင်ငံ၏  မြို့ကြီးတစ်မြို့ဖြစ်သည့်  ဗလာဂိုဘက်ရှ်ချင်နှင့်  တရုတ်နိုင်ငံ

ဟေးဟေမြို့(ဟေးလုံကျန်းမြို့)တို့ကို ဆက်သွယ်ထားခြင်းဖြစ်ပြီး တံတား၏အရှည်မှာ တစ်ကီလိုမီတာခန့်သာ ရှိသည်။

ယခုဖွင့်လှစ်လိုက်သည့်  နယ်စပ်ဖြတ်ကျော်ရေး တံတားသည်  ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုကို တိုးမြှင့်နိုင်မည် ဖြစ်သောကြောင့် နှစ်နိုင်ငံဆက်ဆံရေးကိုပါ ပိုမိုတိုးတက်ကောင်းမွန်လာစေမည် ဖြစ်ကြောင်း ရုရှားအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့သည်  ၎င်းတို့နှစ်နိုင်ငံကြား ဆက်ဆံရေးကို အကန့်အသတ်မရှိ  တိုးမြှင့်သွားမည်ဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ကြေညာထားပြီးဖြစ်သည်။

ထို့ကြောင့်    ဗလာဂိုဘက်ရှ်ချင်-ဟေးဟေ နယ်စပ်ဖြတ်ကျော်ရေး တံတားသည် နှစ်နိုင်ငံဆက်ဆံရေးတွင်  အရေးပါသည့်  သင်္ကေတတစ်ရပ် ဖြစ်လာကြောင်း  ရုရှားအစိုးရကဆိုသည်။ အလားတူပင် တရုတ်နိုင်ငံအနေဖြင့်   ရုရှားနှင့် ဘက်ပေါင်းစုံ၊   နယ်ပယ်စုံတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်နေခြင်းကို တိုးမြှင့်ရန် ဆန္ဒရှိနေသည်။

နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ရေး တံတားသည် ရုရှားနှင့်တရုတ်တို့၏ နှစ်နိုင်ငံကြား နှစ်စဉ်ကုန်သွယ်မှုပမာဏကို တိုးတက်လာ စေနိုင်သည့်အပြင် အပြန်အလှန်ကုန်သွယ်မှု တန်ချိန်တစ်သန်းကျော်အထိ မြင့်တက်လာ စေနိုင်သည် ဟုလည်း    ခန့်မှန်းထားသည်။  

ယူကရိန်းလက်နက်ကိုင်ပဋိပက္ခအရေးနှင့် စပ်လျဉ်း၍    အနောက်နိုင်ငံများ၏ ဖိအားများ မြင့်တက်လာစဉ် ရုရှား-တရုတ်နယ်စပ်ဖြတ်ကျော်ရေးတံတား   ဖွင့်လှစ်မှုထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ နယ်စပ်ဖြတ်ကျော်ရေးတံတားကို ၂၀၁၆ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မေလတွင်   အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။ သို့သော် ရုရှားနှင့်တရုတ်တို့ကြား ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေး  ကန့်သတ်မှုများကြောင့် အဆိုပါ နယ်စပ်ဖြတ်ကျော်ရေးတံတားကို    ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိပေ။  

အင်အားကြီးနှစ်နိုင်ငံကြား     ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်ရေးတံတား  အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းကြောင့်   တရုတ်နိုင်ငံအနေဖြင့်    ၎င်းတို့၏ ကုန်ပစ္စည်းများကို ရုရှားနိုင်ငံ အနောက်ပိုင်းသို့ တင်ပို့ရာတွင် အကွာအဝေး အားဖြင့် ကီလိုမီတာ ၁၅၀၀ ခန့်အထိ  လျှော့ချနိုင်မည့် အလားအလာ ရှိသည်။  

နယ်စပ်ဖြတ်ကျော်ရေးတံတား ဖွင့်လှစ်နိုင်ခြင်းကြောင့်  တရုတ်နိုင်ငံသို့ တင်ပို့နေသော  ရုရှားကုန်ပစ္စည်းပမာဏ  မြင့်တက်လာပြီး တရုတ်နိုင်ငံနှင့် လုပ်ဆောင်နေသည့် ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင်    အမေရိကန်ဒေါ်လာ  ၂၀၀ ဘီလီယံအထိ ရှိလာနိုင်ကြောင်း ရုရှားက မျှော်လင့်လျက်ရှိသည်။

တရုတ်နိုင်ငံသည်  လက်ရှိတွင် ရုရှားနိုင်ငံမှ ထွက်ရှိသည့် သဘာဝအရင်းအမြစ်များနှင့်   စိုက်ပျိုးရေး ထုတ်ကုန်များကို အဓိကဝယ်ယူ တင်သွင်းလျက်ရှိသည်။

အချုပ်အားဖြင့် ဆိုရပါမူ   ရုရှားနှင့် တရုတ်နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ရေး တံတားကို  အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းသည်   နှစ်နိုင်ငံကုန်သွယ်ရေးကို သာမက ဆက်ဆံရေးကိုပါ ပိုမိုတိုးတက်ကောင်းမွန်လာစေမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။                

Ref: CNA