အာဆင်နယ်မှ ၂၇ နှစ်ကြာအသုံးပြုခဲ့သော လာဘ်ကောင်ရုပ်လေး ဂန်းနားဆောရက်စ်ကို ဆီဗီလာ အသင်းခေါ်ယူ

လန်ဒန်၊ ဘောလုံး

စပိန်လာလီဂါကလပ် ဆီဗီလာအသင်းသည် အောက်တိုဘာ ၅ ရက် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်သည့် နောက်ဆုံးအချိန် အံ့အားသင့်ဖွယ်ရာကောင်းပြီး ရယ်ဖွယ်ရာကောင်းသည့် ကြေညာ ချက်တစ်ရပ်ကို အသင်းတရားဝင် တွစ်တာစာမျက်နှာ၌ ရေးတင်ခဲ့သည်။

ဆီဗီလာအသင်းက ပြီးခဲ့သည့်ရက်ကပင် အာဆင်နယ်အသင်းတွင် ၂၇ နှစ်ကြာ လာဘ်ကောင်အဖြစ် အသုံးပြုခဲ့သော ဂန်းနားဆောရက်စ် အမည်ရ ဒိုင်နိုဆောလဘ်ကောင်ရုပ် ဂျယ်ရီကေးအား ဈေးကွက် မပိတ်မီ ခေါ်ယူခဲ့ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ဈေးကွက်ပိတ်ရက်တွင် သောမတ်စ်ပါတေးကို ပေါင် ၄၅ သန်းပေးကာ ကာလရှည်စာချုပ်ဖြင့်ခေါ်ယူခဲ့ပြီး အသင်းတွင် အသုံးမဝင်သည့် အိုဇေးလ်အတွက် တစ်ပတ်လစာ ပေါင် ၃၅၀၀၀၀၊ စာချုပ်သက်တမ်းတိုးခဲ့သည့် အဓိကတိုက်စစ်မှူး အူဘာမီယန်းအတွက် တစ်ပတ်လ စာပေါင် ၂၅၀၀၀၀ ပေးထားသော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ဘဏ္ဍာရေးအဆင် မပြေဖြစ်ရသည့်အတွက် မဖြစ်မနေ မလိုအပ်တော့သည့် ဂန်းနားဆောရက်စ်အား တခြားနေ့စားဝန် ထမ်း ၅၅ ဉီးနှင့်အတူ အလုပ်မှအနားပေးခဲ့ရာ ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

စကိုင်းစပိုတ်အားကစားရုပ်သံမှ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာတင်က အာဆင်နယ် လုပ်ရပ်နှင့် ပတ်သတ်ပြီး “ဂန်းနားဆောရက်စ်က တန်ကြေးအကြီးဆုံးအဖြစ် တစ်ပတ်ပေါင် ၈၀၀၀၀ အထိပေးနေရသလားတောင် ထင်စရာရှိတယ်” ဟု ဝေဖန်ခဲ့သည်။

Ref:Dailymail