ဈေးကွက်ပိတ်ချိန်မတိုင်မီ ကာဗာနီ တဲလက်စ်နှင့် လူငယ်နှစ်ဉီးကို မန်ယူခေါ်ယူ ပရီးမီးယားလိဂ် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အသုံးစရိတ် ပြီးခဲ့သည့်နှစ်ကထက်နည်းနေ

မန်ချက်စတာ၊ အပြောင်းအရွှေ့

အောက်တိုဘာ ၅ ရက်ည သန်းခေါင်အချိန်တွင် ဉရောပဘောလုံးလောက၏ နွေရာသီကစားသမား အပြောင်းအရွှေ့ ဈေးကွက်ပိတ်သိမ်းခဲ့ရာ ထိုမတိုင်မီ နာရီပိုင်းအတွင်း မန်ယူအသင်းသည် ကစား သမားသစ်လေးဉီးကို ခေါ်ယူစာချုပ်လိုက်နိုင်သည်။

မန်ယူအသင်းသည် အဓိကပစ်မှတ်အဖြစ်ထားရှိသော ဒေါ့မွန်အသင်းမှ အင်္ဂလန်လူငယ် တောင်ပံက စားသမား ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိသော်လည်း ပီအက်စ်ဂျီမှ အသက် ၃၃ နှစ်အရွယ် ဉရုဂွေး တိုက်စစ်မှူး ကာဗာနီကို တစ်ပတ် လစာပေါင် ၂၁၀၀၀၀ ပေးပြီး ခေါ်ယူခဲ့သည်။

ဈေးကွက်ပိတ်သည့် နောက်ဆုံးရက်တွင် မန်ယူသည် ဘင်ဖီကာမှ ဘရာဇီးဘယ်နောက်ခံကစား သမား အဲလက်စ်တဲလက်စ်ကို ပေါင် ၁၅ ဒသမ ၄ သန်းဖြင့် ခေါ်ယူခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ကစားသမားနှစ်ဉီးဖြစ်သည့် ဉရုဂွေးကလပ် ပီနော်ရယ်မှ တောင်ပံကစားသမား ပယ်လစ္စထရီနှင့် အတ္တလန္တာမှ တောင်ပံကစားသမား အာမက်ဒီယာလိုတို့ကို ခေါ်ယူခဲ့ရာ ကစားသမားသစ်လေးဉီး အတွက် ကာဗာနီကို ပြောင်းရွှေ့ကြေးမပေးရသော်လည်း တခြားသုံးဉီးအတွက် ပေါင် ၃၇ ဒသမ ၂ သန်းသုံးခဲ့ကြောင်း သိရသည်။ ဒီယာလိုသည် အတ္တလန္တာစီနီယာအသင်းကြီးအတွက် ၂၄ မိနစ်သာ ကစားခွင့်ရသေးပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ မန်ယူသို့ ရောက်ရှိလာမည် ဖြစ်သည်။

ရင်းနှီးမြှုပ်မှုကုမ္ပဏီ Carteret Analytics ၏ဖော်ပြမှုအရ ယခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်သည် ပြီးခဲ့သည့်နှစ်က ဈေးကွက်ထက် အသုံးစရိတ်လျော့သွားသော်လည်း ပေါင် ၁၅၈ သန်းသာ လျော့နည်းပြီး စုစုပေါင်း ပေါင် ၁ ဒသမ ၂၁၈ ဘီလီယံသုံးစွဲခဲ့ကြောင်း သိရသည်။

ဈေးကွက်ပိတ်သည့် နောက်ဆုံးရက်တွင် ပရီးမီးယားလိဂ်မှခေါ်ယူစာချုပ်သည့် ကစားသမား ၁၂ ဉီး သာရှိပြီး ပြီးခဲ့သည့်နှစ်များအတွင်း အနည်းဆုံးဖြစ်ခဲ့သော်လည်း နွေရာသီဈေးကွက်တစ်ခုလုံးတွင် ပရီးမီးယားလိဂ်အသုံးပြုခဲ့သော အပြောင်းအရွှေ့ အသုံးစရိတ်သည် စီးရီအေထက် နှစ်ဆ၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါနှင့် လီဂူးဝမ်းတို့ထက် သုံးဆကျော်ပိုများကြောင်း သိရသည်။

Ref:Dailymail