ဒေသတွင်းမှာ ပင်မတိုက်ယာဉ်များအဖြစ် အချိန်တိုအတွင်းရောက်ရှိလာတဲ့ဘက်စုံသုံးတိုက်ယာဉ်များ(၂)

Type 96 နေရာကို အစားထိုးဖို့ စီစဉ်နေတဲ့ဂျပန် ဂျပန်မြေပြင်   ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးတပ်ဖွဲ့က လက်ရှိအသုံးပြုနေတဲ့ Type 96 သံချပ်ကာ လူသယ်ယာဉ်နေရာကို  အစားထိုးနိုင်မယ့်   ဒီဇိုင်းသုံးခုကို ရွေးချယ်ထားတယ်လို့ မနှစ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါပေမဲ့ General Dynamics Land Systems ကုမ္ပဏီနုတ်ထွက်သွားတဲ့အတွက်  အဲဒီနေရာမှာ ယှဉ်ပြိုင်ရမယ့်သူက Mitsubishi နဲ့ ပက်ထရီယာကုမ္ပဏီတို့ပဲ ကျန်ပါတော့တယ်။

ဂျပန်မြေပြင်တပ်ဖွဲ့က Type 96 ကို  သံချပ်ကာလူသယ်ယာဉ်အဖြစ်သာ သတ်မှတ်ပေမယ့်  တကယ်တမ်း သူ့ကိုအသုံးပြုကြည့်တဲ့အခါ  ဘက်စုံသုံးတိုက်ယာဉ်တစ်စင်းရဲ့  အရည်အချင်းတွေရှိတာကို  တွေ့ရပါတယ်။

အခု Patria ကုမ္ပဏီကတင်သွင်းလာတဲ့ AMVXP  ဆိုတဲ့ယာဉ်ကတော့  ပိုမိုများပြားတဲ့ဝန်တင်ဆောင်နိုင်မှု၊ ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်၊ ပိုမိုသာလွန်တဲ့ ကာကွယ်မှုတို့ရှိတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ စမ်းသပ်အသုံးပြုနေဆဲပါ။

AMV ဆိုတာ ဘက်စုံသုံးတိုက်ယာဉ် အမျိုးအစားဖြစ်ပြီး နိုင်ငံပေါင်းရှစ်နိုင်ငံမှာ အသုံးပြုနေဆဲ ယာဉ်တွေဖြစ်ပါတယ်။ ဒါ့အပြင်  လက်တွေ့တိုက်ပွဲဝင်စမ်းသပ်မှုတွေကိုလည်းလုပ်ဆောင်ထားပြီးပါပြီ။

Mitsubishi ကုမ္ပဏီကတော့  ၂၀၁၆ ခုနှစ်ကတည်းကအသုံးပြုနေနှင့်ပြီးသားဖြစ်တဲ့ သူတို့ရဲ့ ဃြဠ ကို အဆင့်မြှင့်တင်မှုတွေ လုပ်ပြီး ယှဉ်ပြိုင်လာတာ တွေ့ရပါတယ်။

သူ့ရဲ့အဆင့်မြှင့်တင်မှုမှာ   ၁၀၅ မီလီမီတာ အမြောက်တစ်လက်နဲ့  ယာဉ်နောက်ပိုင်းစစ်သည် တင်နေရာတို့ ပါဝင်လာတာ ဖြစ်ပါတယ်။

အဲဒီတိုက်ယာဉ်ဟာ ရှစ်ဘီးယက်စနစ်နဲ့အတူ မြင်းကောင်ရေ ၅၃၆ ကောင်အားရှိတဲ့  ဒီဇယ်အင်ဂျင်ကို အသုံးပြုထားပြီး  တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ နောက်ထပ်စစ်သည်ကိုးဦးအတွက်   သီးခြားဆိုင်းထိန်းစနစ်ကို တပ်ဆင်ထားပါတယ်။

သြစတြေးလျနိုင်ငံကသုံးနေတဲ့  Boxer

သြစတြေးလျနိုင်ငံက   ယနေ့အချိန်အထိနဲ့ နောင်လာမယ့်အချိန်များအထိ  အဆင့်မီနေဦးမယ့် သံချပ်ကာ တိုက်ယာဉ်တစ်မျိုးကို အသုံးပြုနေပါတယ်။ အဲဒါကတော့ Boxer ပါပဲ။

မြင်းကောင်ရေ ၇၁၁  ကောင်အားရှိတဲ့အင်ဂျင်နဲ့အတူ ရှစ်ဘီးယက်စနစ်၊ သီးခြားဆိုင်းထိန်းစနစ်များ ပါဝင်လာတဲ့ Boxer ဟာ စစ်ဆင်ရေးအခြေအနေအပေါ်မူတည်ပြီး  လိုအပ်သလိုပုံစံပြောင်းလဲမှုကို အလွယ်တကူ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

Boxer အနေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့  ယုံကြည်ကိုးစားရမှုကို   အာဖဂန်နစ္စတန်စစ်မြေပြင်မှာ ဖော်ထုတ်ပြသခဲ့ပြီးပါပြီ။  ဝန်တင်ဆောင်နိုင်မှုစွမ်းရည်နဲ့ တည်ငြိမ်မှုစွမ်းရည်များက ဘက်စုံသုံးတိုက်ယာဉ် အဖြစ်ကို ပိုမိုပီပြင်လာစေပါတယ်။

သူ့မှာတပ်ဆင်နိုင်တဲ့ လက်နက်စနစ်တွေကတော့ ၁၅၅ မီလီမီတာဟောင်ဝစ်ဇာ၊  ၁၀၅ မီလီမီတာ တိုက်ရိုက်ပစ် ဆုံလည်စက်အမြောက်တို့အပြင် တံတားထိုးစင်နဲ့ Saab’s Arthur ရေဒါနဲ့အတူပါဝင်လာတဲ့ လျင်မြန်စွာရွေ့လျားနိုင်စွမ်းရှိသော လက်နက်စနစ်တို့ပဲ ဖြစ်ပါတယ်။

လက်ရှိ သြစတြေးလျကြည်းတပ်က အဓိကလိုအပ်နေတဲ့အရာကတော့ Lance 30 မီလီမီတာ အော်တိုစက် အမြောက်ပါဝင်တဲ့ ကင်းထောက်ယာဉ်အမျိုးအစားဖြစ်ပါတယ်။ အဲဒီအတွက်လည်း ဘက်စုံသုံးတိုက်ယာဉ် အစီးရေ ၁၃၃ စီးကို မှာယူထားပြီးပါပြီ။

မှာယူထားတဲ့ အထဲမှာ ကွပ်ကဲမှုနဲ့ထိန်းချုပ်မှု၊ ကင်းထောက်၊ ပေါင်းစပ်ပစ်ကူပေး၊ လူနာတင်ယာဉ်နဲ့ စစ်မြေပြင် ပြုပြင်ထိန်းသိမ်းရေး ယာဉ်အမျိုးအစားတို့လည်း ပါဝင်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။

အခုလိုမျိုး  သြစတြေးလျကြည်းတပ်အနေနဲ့ Boxer ဘက်စုံသုံးတိုက်ယာဉ် အမျိုးအစားအစုံကို မှာယူမှုဟာ ဗြိတိန်ကလွဲလို့ ကျန်တဲ့တပ်မတော်များအနက် အများဆုံးမှာယူမှု ဖြစ်ပါတယ်။

ဗြိတိန်ကတော့ Boxer ဘက်စုံသုံးတိုက်ယာဉ်အစီးရေ ၁၅၀၀ အထိအသုံးပြုသွားနိုင်ဖို့အတွက်လက်ရှိမှာ အစီးရေ ၆၀၀ အထိမှာယူဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

တရုတ်တပ်မတော်သုံး Type 08 နဲ့ Type 90/92

အာရှဒေသတစ်ဝန်းမှာ  ဘက်စုံသုံးတိုက်ယာဉ်ကို အများဆုံး အသုံးပြုနေတဲ့ တပ်မတော်ကတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ပါပဲ။

တရုတ်တပ်မတော်ဟာ  နိုင်ငံကကြွယ်ဝချမ်းသာလာမှုနဲ့အတူ ကြီးမားလှတဲ့ တပ်ဖွဲ့အတွက် လိုအပ်တဲ့ တိုက်ယာဉ်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ကြိုးစားရင်း အခုလိုမျိုးအရည်အသွေးပြည့်ဝတဲ့   တိုက်ယာဉ် အများအပြားကို ပိုင်ဆိုင်လာရတာဖြစ်ပါတယ်။

လက်ရှိ    တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကအသုံးပြုနေတဲ့  ဘက်စုံသုံးတိုက်ယာဉ်တွေထဲမှာ Type 08 လည်းအပါအဝင်ဖြစ်ပါတယ်။

Type 08 က ထောက်ပံ့ပေးနိုင်တဲ့ပုံစံတွေက အလွန်ကို စုံလင်လှပါတယ်။  သမားရိုးကျ အဖြစ်ဆိုရင် ၃၀ မီလီမီတာအော်တိုဆုံလည်စက် အမြောက်သုံး သံချပ်ကာလူသယ်ယာဉ်အဖြစ် သုံးနိုင်ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကွပ်ကဲမှုယာဉ်၊ ကယ်ဆယ်ရေးယာဉ်၊ လေကြောင်းရန်ကာကွယ်ရေးယာဉ်၊ ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာတင်ယာဉ်နဲ့ နောက်ထပ်အနည်းဆုံးပုံစံ ၁၅ မျိုးလောက်အထိကို ပြောင်းလဲ အသုံးပြုနိုင်ပါသေးတယ်။

ဒီလိုမျိုးတကယ့်ကို  ဘက်စုံအသုံးပြုနိုင်တဲ့ တိုက်ယာဉ်အစီးရေ ၄၅၀၀ ကျော်ကို  တပ်မတော်အတွင်းမှာ သုံးစွဲလျက်ရှိပါတယ်။ ထိုင်းတပ်မတော်ကလည်း အလားတူယာဉ်မျိုးကို အစီးရေ ၇၅ စီးအထိ ဝယ်ယူထားပါတယ်။

နောက်တစ်မျိုးကတော့ Type 90 နဲ့ 92 ပါ။ Type 92 ဆိုတာ Type 90 ကို အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။ သူသည်လည်း ဘက်စုံသုံးဆိုတဲ့အတိုင်း တကယ့်ကို ဘက်စုံအသုံးပြုနိုင်တာတွေ့ရပါတယ်။

၁၀၀ မီလီမီတာအမြောက်၊ ၁၂၀ မီလီမီတာစိန်ပြောင်းကြီး၊ ဒုံးတင်ယာဉ်၊ လေကြောင်းရန်ကာကွယ်ရေးယာဉ်၊ ကွပ်ကဲမှုယာဉ်၊ ၂၅ မီလီမီတာစက်အမြောက်သုံးတိုက်ယာဉ်နဲ့ တခြားတိုက်ပွဲဝင် ထောက်ပံ့ရေး ယာဉ်ပုံစံ အမျိုးမျိုးအတွက်   အသုံးပြုနိုင်ပါတယ်

Ref: AMR