မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာ၌ Cash For Work စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း

မိုင်းရယ်  ဇွန်  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် မိုင်းရယ်မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက်မှုကို  တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့်  ယခုဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်  Cash For Work စီမံကိန်း အကောင်အထည်ဖော်  ဆောင်ရွက်မည့်  နားဖျိုင်းကျေးရွာ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက   အဆိုပါ ကျေးရွာ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။

ရှေးဦးစွာ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး   ဦးအောင်ဝင်းခိုင်ဦး က Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ် များနှင့် စီမံကိန်းကျေးရွာကော်မတီရွေးချယ်ရမည့်   စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်  တက်ရောက်လာကြသော ကျေးရွာရပ်မိ၊ ရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများက  Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျေးရွာကော်မတီဝင်ခုနစ်ဦးအား အများသဘောဆန္ဒနှင့်အညီ    ရွေးချယ်ဖွဲ့စည်းသည်။

အဆိုပါ ကျေးရွာတွင် Cash For Work စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့်    ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားများက ရွေးချယ်ဖော်ထုတ်ပြီး အဆိုပါ လုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု   အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊  ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းတွင် ပါဝင် လုပ်ကိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍  အကောင်အထည်ဖော်  ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။                    

စိုးမိုးကျော်