ဂျပန်အစိုးရအပေါ် တစ်နိုင်ငံလုံးရှိလူထုထောက်ခံမှုနှုန်းကျဆင်း

တိုကျို၊ နိုင်ငံရေး

ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါ ဦးဆောင်သည့် ဂျပန်အစိုးရသည် တစ်နိုင်ငံလုံးရှိ လူထုထောက်ခံမှုနှုန်း ကျဆင်းလာခဲ့ကြောင်း လူထု သဘောထား စစ်တမ်းတစ်ရပ်တွင် ဇွန် ၁၃ ရက်က ဖော်ပြသည်။

ဝန်ကြီးချုပ်ကီရှီဒါ ဦးဆောင်သည့် အစိုးရအပေါ်လူထုထောက်ခံမှုသည် ပြီးခဲ့သည့်လအတွင်းက ၆၁ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုအခါ ၅၆ ဒသမ ၉ ရာခိုင်နှုန်းအထိကျဆင်းလာကြောင်း ကျိုတိုသတင်းဌာနကလုပ်ဆောင်ခဲ့သည့် လူထုသဘောထား စစ်တမ်း ကောက်ယူမှုတွင် ဖော်ပြထားသည်။ ကုန်ဈေးနှုန်းမြင့်တက်မှုအပေါ် အစိုးရ၏ တုံ့ပြန်လုပ်ဆောင်ချက်မှာ လုံလောက်မှုမရှိဟု လူထု သဘောထားစစ်တမ်းတွင် ပါဝင်ဖြေဆိုသူများအနက် အချို့က ရှုမြင်လျက်ရှိသည်။

အဆိုပါ လူထုသဘောထား စစ်တမ်းကောက်ယူမှုကို ကျိုတိုသတင်းဌာနကနိုင်ငံအတွင်း သုံးရက်ကြာ တယ်လီဖုန်းမှတစ်ဆင့် ကောက်ယူခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်းဖြစ်ပွားနေသည့် စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုသည် ပြည်သူများ၏ အသက်ရှင် နေထိုင်မှု ဘဝကို ထိခိုက်စေခဲ့သည်ဟု ပြည်သူအများအပြားက ထုတ်ဖော်ပြောကြားထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Ref: CNS, Xinhua