ကျန်းမာရေးဝန်ကြီးဌာနတွင် နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် လျှောက်လွှာခေါ်ယူလျက် ရှိခြင်းနှင့် ပတ်သက်၍ သိကောင်းစရာ အမေး/အဖြေများ

ကျန်းမာရေးဝန်ကြီးဌာနတွင် နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် လျှောက်လွှာခေါ်ယူ လျက်ရှိခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးအား တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။   ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ဖို့အတွက်   ပြည်ထောင်စုရာထူးဝန်အဖွဲ့ကနေပြီးတော့  ဆရာဝန် များကိုခေါ်ယူနေလျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အလုပ်ဝင်ရောက်လိုတဲ့ ဆရာဝန်များအနေနဲ့  ဘယ်လိုလျှောက်ထားရမယ်ဆိုတာကို သိပါရစေ။

ဖြေ။   ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှာဆေးပညာဘွဲ့(M.B.B.S)ရဆရာဝန်(သစ်လွင်)၉၈၆ နေရာ၊ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့(B.D.S)ရ  ဆရာဝန်(သွားနှင့်ခံတွင်း) ၈၂ နေရာ၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနမှာ ဆေးပညာဘွဲ့(M.B.B.S)ရ   ဆရာဝန်(သရုပ်ပြ) ၁၀၇ နေရာ၊ တိုင်းရင်းဆေးပညာ တက္ကသိုလ်မှာဆေးပညာဘွဲ့(M.B.B.S)ရ ဆရာဝန်(သရုပ်ပြ) ၁၃ နေရာစသည်ဖြင့် ဆေးပညာဘွဲ့(M.B.B.S)ရ   ဆရာဝန်၁၁၀၆ ဦးနှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့(B.D.S)ရ  ဆရာဝန်(သွားနှင့်ခံတွင်း) ၈၂ ဦး၊ စုစုပေါင်း ဆရာဝန် ၁၁၈၈ ဦးကို ကျန်းမာရေးဝန်ကြီးဌာနမှာ နိုင်ငံ့ဝန်ထမ်းဆရာဝန်များအဖြစ်  ခန့်ထားပေးနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ လျှောက်လွှာစတင်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုခေါ်ယူရာမှာ   ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံ   Online စနစ်ဖြင့် လျှောက်ထားနိုင်တာဖြစ်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၏  e-Recruitment and Selection System (e-RSS) (UCSB e-RSS Mobile Application နှင့့် UCSB e-RSS Web Based) တို့ကို အသုံးပြုကာ ၂၀၂၂ ခုနှစ်၊  ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက်လျှောက်ထားနိုင်ကြောင်းကို သိရပါတယ်။

မေး။   ဆရာဝန်များအနေနဲ့ အလုပ်ဝင်ရောက်ဖို့လျှောက်ထားရာမှာ   အခြားလိုအပ်ချက်တွေကိုလည်း သိပါရစေ။

ဖြေ။   ကျန်းမာရေးဝန်ကြီးဌာနမှာ အလုပ်ဝင်ရောက်ဖို့   လျှောက်ထားသူများအနေနဲ့တော့ ပြင်ပပုဂ္ဂိုလ် ဖြစ်ပါက(၂၁-၆-၂၀၂၂)ရက်နေ့မှာ    အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရပါမယ်။    ဆရာဝန် (သစ်လွင်)/ဆရာဝန်(သရုပ်ပြ)နှင့် လက်ထောက်ဆရာဝန်ရာထူးများအတွက် ဆေးပညာဘွဲ့(M.B.B.S)နှင့် ဆရာဝန်(သွားနှင့်ခံတွင်း)ရာထူးအတွက်  သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့(B.D.S)နှင့် မြန်မာနိုင်ငံ ဆေးကောင်စီမှ အသိအမှတ်ပြုခြင်း ခံရသည့် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသည့် အထွေထွေဆေး ကုသခွင့်လိုင်စင် (ဆမ/သခ) ကိုင်ဆောင်ထားသူ သို့မဟုတ် အလုပ်သင်ဆရာဝန်    ပြီးမြောက်သူများအနေဖြင့် လျှောက်ထားချိန်တွင် အလုပ်သင်ဆရာဝန်ပြီးမြောက်ကြောင်း ထောက်ခံစာ တင်ပြနိုင်သူဖြစ်ရမည်ဖြစ်ပြီး မိတ္တူများကို လျှောက်လွှာနှင့်အတူ    ပူးတွဲပေးပို့ရပါမည်။

မေး။   နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် အလုပ်ဝင်ရောက်ထမ်းဆောင်ခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူး များကို သိရှိပါရစေ။

ဖြေ။   နိုင်ငံ့ဝန်ထမ်းဆရာဝန်များအဖြစ် အလုပ်ဝင်ရောက် ထမ်းဆောင်ခြင်းအားဖြင့် အများပြည်သူအတွက် အကျိုးရှိစေခြင်း (ပရဟိတ)နဲ့ မိမိရဲ့ပညာရပ်ဆိုင်ရာတိုးတက်မှု အခွင့်အလမ်းများ ရရှိစေခြင်း(အတ္တဟိတ) စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်တဲ့အပြင် ဆရာဝန်အဓိဋ္ဌာန်ပြုကတိသစ္စာအရ လူသားအားလုံးတို့၏ ကိုယ်၏ကျန်းမာရေး၊ စိတ်၏ကျန်းမာရေးကို မိမိ၏အရေးကဲ့သို့ ယူဆပြီး မိမိတို့ တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ လူနာတွေရဲ့ခံစားနေရတဲ့    ရောဂါဝေဒနာများကို ပျောက်ကင်းသက်သာသည်အထိ ကုသပေး နိုင်တာလည်း ဖြစ်လို့   ထားရှိတဲ့ ကတိသစ္စာနဲ့အညီ  ကောင်းကျိုးမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြမှာလည်း ဖြစ်ပါတယ်။

   ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝင်ရောက်လာမယ့် ဆရာဝန်များ   သက်သာချောင်ချိရေး၊ ပြည်တွင်း/ပြည်ပ   ဘွဲ့လွန်ပညာရပ်များ ဆက်လက်ဆည်းပူးနိုင်ရေး၊ ဘဝတက်လမ်း အဆင်ပြေချောမွေ့ စေရေးအတွက် အစီအမံများစွာကို ကြိုတင်စီစဉ်ထားတာ ဖြစ်ပါတယ်။ ပထမဦးစွာ သစ်လွင်နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအနေနဲ့  သတ်မှတ်ဆေးရုံကြီးတွေမှာ လက်တွေ့လေ့ကျင့် သင်ကြားရင်း  စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး    သူတို့ကိုတာဝန်ချထားတဲ့အခါမှာ ၎င်းတို့ ဆန္ဒပြုရာဒေသ  သို့မဟုတ်  အနီးစပ်ဆုံးနေရာ/ဒေသရှိ ဆေးရုံတွေမှာ နေရာချထားပေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ကာလ ပြည့်မြောက်တဲ့ အခါမှသာ အခြားလုပ်ငန်း လိုအပ်ချက်ရှိတဲ့ ဆေးရုံများသို့ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်မှာဖြစ်ပါတယ်။     ဒီလိုတာဝန်ထမ်းဆောင်ချိန်မှာလည်း ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် နိုင်ငံတော်က ပေးအပ်တဲ့လစာအပြင်    ညဂျူတီနဲ့စားစရိတ်အတွက် သတ်မှတ်ခွင့်ပြု ချီးမြှင့်ငွေများနဲ့  ဝန်ထမ်းအိမ်ရာ များတွင် နေထိုင်ခွင့်ရရှိရေးကိုလည်း    ဦးစားပေးဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး    ပြည်တွင်းတွင် ဆေးပညာဘွဲ့လွန်ပညာရပ်များ ဆက်လက်ဆည်းပူးနိုင်ရေးအတွက် လုပ်သက် ကန့်သတ်ချက်မရှိ  လျှောက်ထားနိုင်တဲ့  ဘွဲ့လွန်ဆေးပညာမဟာသိပ္ပံသင်တန်း (၁၁)မျိုးရှိနေပြီဖြစ်ပြီး အဲ့ဒီဘာသာရပ်တွေကတော့ ခန္ဓာဗေဒ၊  ဇီဝကမ္မဗေဒ၊  ဇီဝဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးဝါးဗေဒ၊ ရောဂါဗေဒ၊ စိတ်ကျန်းမာပညာ၊ ဥပဒေရေးရာဆေးပညာ၊ ကင်ဆာရောဂါ  ဓာတ်ရောင်ခြည်ဆေးကုပညာ၊  အဏုမြူရောင်ခြည်ဆေးပညာ၊ မေ့ဆေးပညာတို့ ဖြစ်ပါတယ်။  ဒါကြောင့် ဒီဆေးပညာရပ်တွေကို    ဝါသနာပါပြီး လေ့လာလိုက်စားသူတွေအတွက်ကတော့စောစီးစွာဘွဲ့လွန်ဖြေကြားနိုင်တဲ့    အခွင့်အလမ်းတွေ ရရှိကြမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအနေနဲ့ ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်း (၁၄၀)မျိုးအထိ ရှိတာကိုသိရှိရပြီး ဒီပလိုမာသင်တန်း (၁၆)မျိုး၊ ဆေးပညာမဟာသိပ္ပံသင်တန်း (၃၃)မျိုး၊ ဆေးဘက်ဆိုင်ရာနည်းပညာ မဟာသိပ္ပံသင်တန်း(၃)မျိုး၊    ဆေးဝါးမဟာသိပ္ပံသင်တန်း(၄)မျိုး၊ သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံသင်တန်း (၁၀)မျိုး၊ သူနာပြုမဟာ သိပ္ပံသင်တန်း (၉)မျိုး၊  ကျန်းမာရေးမဟာသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး) (၁)မျိုး၊ ဆေးလက်တွေ့ပါရဂူ ဘွဲ့သင်တန်း (၄၁)မျိုး၊ ဆေးလက်တွေ့အခြေခံ ပါရဂူဘွဲ့သင်တန်း(၇)မျိုး၊ သွားဘက်ဆိုင်ရာ ဆေးလက်တွေ့ပါရဂူဘွဲ့ သင်တန်း (၈)မျိုး၊ ဆေးဝါးသိပ္ပံပါရဂူဘွဲ့သင်တန်း(၄)မျိုး၊ သူနာပြုပါရဂူဘွဲ့သင်တန်း (၁)မျိုး၊ ဆေးဘက်ဆိုင်ရာ နည်းပညာပါရဂူဘွဲ့ သင်တန်း (၃)မျိုးတို့ပါ ရှိတာဖြစ်လို့ ဆေးပညာမဟာသိပ္ပံဘွဲ့ တွေကနေ ပါရဂူဘွဲ့တွေ ရရှိသည်အထိ သက်ဆိုင်ရာ ဘာသာရပ်အလိုက်   ဆက်လက်ပြီး အဆင့်ဆင့် တက်ရောက်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ပသို့ ဆေးပညာဆိုင်ရာ ဘွဲ့လွန်သင်တန်းများဖြစ်တဲ့ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများသို့   တက်ရောက်မည့်သူများနှင့် ကာလတို၊ ကာလရှည် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမျိုးမျိုးကို  တက်ရောက် လိုသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့စေလွှတ်ပေးလျက်ရှိပါတယ်။ အထူးသဖြင့် MRCP ကဲ့သို့  Membership Status စာမေးပွဲများ ဝင်ရောက်ဖြေဆိုခွင့် ပြုခြင်းနှင့်  Membership ရယူနိုင်ရန် နိုင်ငံခြားသို့ စေလွှတ်ပေးခြင်း များကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။    ဒီလိုဆောင်ရွက်ပေးလျက်ရှိရာမှာ  ပြည်တွင်း/ပြည်ပကနေ ဘွဲ့လွန်ရရှိပြီးသူများကိုလည်း သက်ဆိုင်ရာဘွဲ့ဒီဂရီအလိုက်    ပညာရှင်ချီးမြှင့်ငွေတွေကို ပေးအပ်လျက် ရှိပါတယ်။ ဒါ့အပြင် နိုင်ငံခြားသို့ အစည်းအဝေးများ တက်ရောက်နိုင်ရန်  စေလွှတ်ပေးခြင်းများ ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှာ    ဆရာဝန်(သရုပ်ပြ)အဖြစ် တာဝန်ထမ်းဆောင်မယ့် (သစ်လွင်) ဆရာဝန်များ အနေနဲ့လည်း ဆေးတက္ကသိုလ်များ တည်ရှိရာ   ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီးစတဲ့ မြို့ကြီးတွေမှာပဲ ဦးစားပေးပြီး တာဝန်ချထားပေးမှာဖြစ်လို့ အဲဒီနေရာတွေကို ဦးစားပေးပြီး လျှောက်ထားနိုင်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မိမိတို့ တာဝန်ကျရာဒေသ အသီးသီးမှာ နိုင်ငံ့တာဝန်တွေထမ်းဆောင်ပြီးတဲ့ ကိုယ်ပိုင်အချိန်တွေ မှာလည်း ကိုယ်ပိုင်ဆေးခန်း  သို့မဟုတ်  ပုဂ္ဂလိကဆေးရုံ/ဆေးခန်းတွေမှာထိုင်ပြီး   လူနာတွေကို ကုသစောင့်ရှောက်မှုတွေ ပေးနိုင်ကြမှာဖြစ်ပါတယ်။

ဒါကြောင့်   ဆရာဝန်များအနေနဲ့ ဆေးတက္ကသိုလ်များရဲ့ အမှတ်တံဆိပ်မှာ ပါရှိပြီး လိုက်နာကျင့်ကြံရမယ့် ဆရာဝန်ကျင့်ဝတ်ဖြစ်တဲ့ ဥပဋ္ဌာနံ အနုကမ္ပာ ဒယာ ဆရာဝန်တစ်ဦးဖြစ်သော   ကျွန်ုပ်သည် ဝေဒနာရှင်လူနာအား   ဥပဋ္ဌာနံ-စိတ်ရော ကိုယ်ပါ   ယုယုယယပြုစုကုသပါမည်၊ အနုကမ္ပာ - ကိုယ်ချင်းစာတရားလက်ကိုင် ထားလျက် ပြုစုကုသပါမည်၊  ဒယာ-လူလူချင်းညှာတာ ထောက်ထားသောအသိဖြင့် ပြုစုကုသပါမည် ဟူသည့် အတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လျက်ရှိသည့် မိမိတို့ တိုင်းရင်းသားပြည်သူများအား ထိရောက်စွာ ကျန်းမာရေး စောင့်ရှောက်မှုများ   ပေးအပ်နိုင်ရေးနှင့်    မိမိတို့၏ ဘဝတက်လမ်းနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ အဆင့်ဆင့်တိုးတက်ရရှိစေရေးအတွက်  နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ်   ဝင်ရောက်တာဝန် ထမ်းဆောင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။    ။