“သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ပါက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ သမဝါယမလုပ်ငန်း များအတွက် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်”

သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန  သမဝါယမဦးစီးဌာနအနေနဲ့ မြို့ငါးမြို့မှာ အဋ္ဌမတန်း အောင်တာနဲ့ တက်လို့ရမယ့် သမဝါယမစာရင်းကိုင်သက်မွေးသင်တန်းကျောင်းကို  ဇွန် ၁၆ ရက်မှာ စတင်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ဖွင့်လှစ်သင်ကြားနေတဲ့ကျောင်းတွေအနေနဲ့ကတော့ တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးမြို့တွေမှာရှိတဲ့ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ အနည်းဆုံးအခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီး ပညာဆက်လက် သင်ယူရန် အခက်အခဲရှိသူများကို  စာရင်းရေး၊ စာရင်းကိုင်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်စေရန် သမဝါယမ ကောလိပ်များမှတစ်ဆင့်  သမဝါယမနဲ့ စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များကို ပေါင်းကူးပြီး ပညာဆက်လက် သင်ယူနိုင်မယ့် အခြေအနေများနဲ့ ပတ်သက်ပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် တွေ့ဆုံမေးမြန်းထားမှုများကို တင်ပြလိုက်ရပါသည်။

မေး။   ဆရာခင်ဗျာ၊  ပထမဆုံးအနေနဲ့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းတွေ ဖွင့်လှစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးသိချင်ပါတယ်။

ဖြေ။   သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့မှာ ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် ဖွင့်လှစ်တာ ဖြစ်ပါတယ်။ သင်တန်းကာလကနှစ်နှစ်ဖြစ်ပြီး တစ်ကြိမ်မှာ  သင်တန်းသား၅၀ ဦးကနေ ၁၀၀ ဦးအထိ လက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်းကို ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူတွေအတွက် စာရင်းရေး၊ စာရင်းကိုင်ပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုနိုင်ရန်၊    စာရင်းရေး၊ စာရင်းကိုင်ပညာရပ်ကို   အခြေခံကျကျ သိရှိနားလည်တတ်ကျွမ်းစေရန်၊ ခေတ်မီစီမံခန့်ခွဲမှုပညာနဲ့ ကွန်ပျူတာစာရင်းကိုင် ပညာရပ်တွေကို တတ်ကျွမ်းစေဖို့အတွက် ဖြစ်ပါတယ်။

မေး။   ဒီသင်တန်းကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက်ရော    ဘယ်လိုပြင်ဆင် ဆောင်ရွက်မှုတွေ လုပ်ခဲ့ရသလဲ ဆိုတာလေး ရှင်းပြပေးစေလိုပါတယ်။

ဖြေ။   သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းတွေ ဖွင့်လှစ်ဖို့အတွက်   ဖွဲ့စည်းပုံ၊   သင်ကြားပေးမည့်ဘာသာရပ်များ ပြင်ဆင်မွမ်းမံခြင်း၊ သင်ကြားရေး ဆရာ/ဆရာမ လိုအပ်ချက်၊စာသင်ဆောင်၊ အိပ်ဆောင်၊ ခုတင်၊ ရေ၊မီး၊ မိလ္လာစတဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ဆောင်ရွက်ခဲ့ရပါတယ်။

မေး။   အဋ္ဌမတန်းအောင်က   စတက်လို့ ရမယ်လို့လည်း သိရပါတယ်။ စည်းကမ်းချက် တွေအနေနဲ့ ဘယ်လိုတွေ သတ်မှတ်ထားပါသလဲ။

ဖြေ။   အနည်းဆုံးအခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီးတဲ့သူတွေဖြစ်ရမယ်။ သင်တန်းကာလနှစ်နှစ်ဖြစ်တယ်။ စာသင်နှစ်ကာလက အခြေခံပညာကျောင်းများအတိုင်း ဇွန်လဆန်းကနေ ဖေဖော်ဝါရီလအထိဖြစ်တယ်။ ပညာသင်နှစ်တစ်နှစ်အတွင်းမှာ  လပတ် စာမေးပွဲအနည်းဆုံးခြောက်ကြိမ်ရှိတယ်။ ကျောင်းခေါ်ချိန်   ၇၅ ရာခိုင်နှုန်းပြည့်မီပြီး Internship Period ကို အပြည့်အဝ ဆင်းနိုင်ရမယ်။  စာမေးပွဲတွေမှာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရမှတ် ၄၀ နှင့်အထက်ရရှိသူများကိုသာ Certificate ချီးမြှင့်မှာဖြစ်ပါတယ်။

မေး။   ကျောင်းတက်ခွင့်ရတဲ့ ကျောင်းသားတွေကို အစိုးရအနေနဲ့ ဘာတွေထောက်ပံ့ မှုတွေရှိပါသလဲ။  အကယ်၍ နယ်ဝေးက ကျောင်းတက်ရမယ့်   ကျောင်းသားတွေ အတွက် ဘယ်လိုအစီအစဉ်တွေရှိပါသလဲ။

ဖြေ။   သင်တန်းသားတွေကို   နေ့စဉ်စားသောက်စရိတ်၊   ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်တွေကို အခမဲ့ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ နယ်ဝေးကနေ တက်ရောက်သူတွေအတွက် အိပ်ဆောင်များ စီစဉ်ပေးမှာဖြစ်ပါတယ်။

မေး။   သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာအပြင်  အဆင့်မြင့်ပညာတွေပါ သင်ကြားပေးမယ်လို့ သိရပါတယ်။ ဘယ်လိုဘာသာရပ်တွေဆိုတာ  ပြောပြပေးပါ။

ဖြေ။   ဒီကျောင်းတွေမှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။    ဒီ့အပြင် ကွန်ပျူတာဘာသာရပ်ကိုလည်း လုပ်ငန်းခွင် အသုံးဝင်တဲ့အထိ  သင်ကြားပေးမှာပါ။ ဒုတိယနှစ်မှာလည်း    Management ဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်။   အဓိက ဘာသာရပ်ဖြစ်တဲ့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ ဘာသာရပ်ကို    နေရာတော်တော်များများမှာ အသုံးချ နိုင်တဲ့အထိ သင်ကြားမယ်။ ဥပဒေဘာသာရပ်၊ လုပ်ထုံးလုပ်နည်းတွေကို  ထည့်သွင်းသင်ကြား ပေးနိုင်ဖို့အတွက်    သင်ရိုးရေးဆွဲထားပြီး ဖြစ်ပါတယ်။

မေး။   ကျောင်းတက်ခွင့်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သင်တန်းပြီးဆုံး တဲ့အခါမှာ   ဘယ်လိုအခွင့်အရေးတွေ ရှိလာမလဲဆိုတာ သိချင်ပါတယ်။

ဖြေ။   သင်တန်းပြီးဆုံးအောင်မြင်သူတွေကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့မှ (Certificate In Business Acco-unting) ပေးအပ်ချီးမြှင့်ပါမယ်။ သင်တန်း သားများထဲမှ ထူးချွန်သူတွေကိုရွေးချယ်ပြီး သမဝါယမကောလိပ်နဲ့  သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်တို့သို့ ပေါင်းကူးပြီး ဆက်လက်ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းတွေရရှိမှာ ဖြစ်ပါတယ်။

မေး။   သင်တန်းပြီးဆုံးပြီး လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့အတွက် ဘယ်လိုမျိုးကူညီမှုတွေ ရှိနိုင်မလဲ သိချင်ပါတယ်။

ဖြေ။   သင်တန်းပြီးတဲ့အခါ အလုပ်အကိုင် တစ်ပါတည်းရဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်များနဲ့    သမဝါယမ အသင်းတွေကို ဖိတ်ခေါ်ပြီး  Job Fair များ ပြုလုပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  အစိုးရ အဖွဲ့အစည်းတွေ၊ သမဝါယမဆိုင်ရာအဖွဲ့အစည်းတွေ၊ ပြင်ပပုဂ္ဂလိက အသင်းအဖွဲ့တွေ၊ လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေမှာ အလုပ်လျှောက်ထားတဲ့အခါမှာလည်း အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။     

မေး။   နောက်ဆုံး ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။   သမဝါယမသင်တန်းကျောင်းတွေက ဖွင့်တဲ့ နှစ်နှစ် Certificate  သင်တန်းကို တက်ရောက် အောင်မြင်သွားပြီ ဆိုပါက ဆက်လက်ပြီး အဆင့်မြင့် သင်တန်းတွေကို တက်ရောက်လိုတဲ့    ဆန္ဒရှိမယ်ဆိုရင် သမဝါယမကောလိပ်၊   ဒီကတစ်ဆင့် သမဝါယမတက္ကသိုလ်တွေကို ဆက်လက် တက်ရောက်နိုင်မယ့် အခွင့်အလမ်းတွေ ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းအောင်မြင်သူတွေ အနေနဲ့ မိမိကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်း လုပ်မယ်ဆိုရင်လည်း ဒီသမဝါယမစာရင်းရေး စာရင်းကိုင်   သက်မွေးပညာသင်တန်းက ရရှိတဲ့အတွေအကြုံ ဗဟုသုတတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။  ပြင်ပမှာ လည်းဒီပညာတွေနဲ့ လုပ်ကိုင်နိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ  များစွာရရှိမှာ ဖြစ်ပါတယ်။  လက်ရှိမြန်မာနိုင်ငံမှာလည်း လိုအပ်နေတဲ့ ပညာရပ်တွေ ဖြစ်တယ်။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဒီထက်မကလုပ်နိုင်မယ်ဆိုပါက  အမှန်တကယ်  အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုမယ်။ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့   သမဝါယမလုပ်ငန်းတွေကို   ထဲထဲဝင်ဝင် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။                                 

ဇော်မျိုး(နေပြည်တော်)