အိန္ဒိယ၌ ရေတွင်းထဲလေးရက်ကြာကျနေသည့် ကလေးငယ်ကို အောင်မြင်စွာကယ်ဆယ်နိုင်

နယူးဒေလီ၊ ကယ်ဆယ်ရေး

အိန္ဒိယနိုင်ငံ၌ ရေတွင်းထဲပြုတ်ကျနေသည်မှာ လေးရက်ကြာနေပြီဖြစ်သော အသက် ၁၀ နှစ်ရှိ ဒုက္ခိတကလေးငယ်တစ်ဦးကို ကယ်ဆယ်ရေးသမားများက အောင်မြင်စွာ ကယ်ဆယ်လိုက်နိုင်ကြောင်း သိရသည်။

ရာဟူးဆာဟူအမည်ရှိ ဆွံ့အနားမကြားကလေးငယ်သည် ဇွန် ၁၀ ရက်မွန်းလွဲပိုင်းတွင် ၎င်း၏ နေအိမ်ခြံဝင်း အနောက်ဘက်၌ ဆော့ကစားနေစဉ်  အနက် ၂၄ မီတာရှိသည့် ရေတွင်းငယ်တစ်ခုထဲသို့  ပြုတ်ကျသွားခြင်းဖြစ်သည်။

ထို့နောက် ကယ်ဆယ်ရေးသမားများက မြေတူးစက်များ၊ ဝန်ချီစက်များ အသုံးပြုကာ နှစ်ပေမျှသာကျယ်သော ရေတွင်းဘေး၌ ဥမင် တစ်ခုဖောက်လုပ်ကယ်ဆယ်ခြင်းဖြစ်ပြီး အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းကို တပ်မတော်သားများနှင့် ဘေးအန္တရာယ် တုံ့ပြန်ရေး အဖွဲ့တို့က ပါဝင်အားဖြည့် ကူညီပေးသည်။

မြေပြင်ပေါ်သို့ပြန်ရောက်လာသော ရာဟူးဆာဟူအနေဖြင့် အသက်ရှင်နေဆဲဖြစ်သော်လည်း အားနည်းနေကြောင်း၊ ကယ်ဆယ်ရေး လုပ်စဉ် ရေတွင်းထဲ၌ မြွေတစ်ကောင်ကိုတွေ့ရသော်လည်း ရာဟူးဆာဟူမှာ စိုးရိမ်ကြောက်ရွံ့ခြင်းမရှိဘဲ ကယ်ဆယ်ရေး လုပ်ငန်း စဉ်တွင် တည်ငြိမ်စွာပါဝင်ဆောင်ရွက်ကြောင်းနှင့် ယခုအခါ ထိုကလေးငယ်ကို အထူးကုဆေးရုံသို့ပို့ထားပြီးဖြစ်ကြောင်း ချက်တစ်စဂါ ပြည်နယ်ရှိ ခရိုင်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည့် ဂျီးတန်ဒရာရှူကလာကပြောသည်။

အိန္ဒိယနိုင်ငံရှိ ကျေးလက်တောရွာများ၌ အဖုံးမဖုံးထားသော ရေတွင်းအများအပြားရှိလေ့ရှိပြီး ထိုသို့သောရေတွင်းများထဲသို့ ကလေး ငယ်အများစု ပြုတ်ကျသေဆုံးလေ့ရှိကြောင်း သိရသည်။             

Ref: TST