ယူကရိန်းအရေးမှာ တစ်ဖက်စောင်းနင်းလိုက်သည့် ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးကို ရုရှားအပြစ်တင်

ဂျီနီဗာ၊ နိုင်ငံရေး

ယူကရိန်းအရေးနှင့် ပတ်သက်၍ တစ်ဖက်စောင်းနင်းလိုက်ကာ ပြောဆိုမှုမျှားလုပ်နေသည့် ကုလသမဂ္ဂလူ့အခွင့်အရေး မဟာ မင်းကြီးကို ရုရှားဘက်က အပြစ်တင်ဝေဖန်လိုက်ကြောင်း သိရသည်။

မဟာမင်းကြီး မီရှဲဘက်ချလက်အနေဖြင့် ယူကရိန်းအရေးတွင် တစ်ဖက်သတ် လိုက်ပြောဆိုမှုများအပေါ် ရုရှားအနေဖြင့် စိတ် မကောင်းကြောင်း၊ ယူကရိန်းအရေးနှင့်ပတ်သက်၍ ပြောဆိုချက်များအားလုံးသည် နိုင်ငံရေးသဘောတရားများ သက်ဝင်နေကြောင်း ရုရှားကိုယ်စားလှယ် ဗစ်တာဗက်ကော့က ဇွန် ၁၄ ရက်တွင် ပြုလုပ်သော အကြိမ် (၅၀) ပြည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး၌ ပြောသည်။

ထို့ပြင် ဒွန်းဘက်ဒေသ၌ ယူကရိန်းအစိုးရကကျူးလွန်သည့် ရာဇဝတ်မှုများ၊ ရုရှားစစ်သည်များကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်  သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ရုရှားအစိုးရ၏ တိုင်တန်းပြောဆိုချက်များကိုမူ ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီရုံးက  လျစ်လျူရှု ထားကြောင်း ရုရှားကိုယ်စားလှယ်က ဆက်ပြောသည်။

အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ယူကရိန်းအစိုးရတပ်ဖွဲ့များအနေဖြင့် အရပ်သားများကို လူသား တံတိုင်းအဖြစ် အသုံးချကာ တိုက်ခိုက်နေမှုများအပေါ် အပြစ်တင်ဝေဖန်ရန် ပျက်ကွက်နေကြောင်း ၎င်းကဆိုသည်။

ဆက်လက်၍ မီရှဲဘက်ချလက်သည် ရုရှားဘာသာစကား ပြောသူများကိုသုတ်သင်ရန်၊ ရုရှားသတင်းထောက်များကို ရှာဖွေဖမ်းဆီး ရန်၊ ဖမ်းဆီးရမိသော ရုရှားစစ်သည်များကို ညှဉ်းပန်းနှိပ်စက်ရန်တို့အတွက် တောင်းဆိုထားသည့် ယူကရိန်းအစိုးရတာဝန်ရှိသူများ၏ အမုန်းများပါသော မှတ်ချက်ပြုပြောဆိုမှုများကိုမူ မသိချင်ယောင်ဆောင်ထားကြောင်း ရုရှားကိုယ်စားလှယ်က ပြောသည်။

ထို့အတူ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ တာဝန်မှာ တစ်ကမ္ဘာလုံးရှိလူ့အခွင့်အရေးများကို မျက်နှာမလိုက်ဘဲ သမာသမတ် ကျကျ ကာကွယ်ပေးရန်ဖြစ်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ပြောဆိုမှုများမှာ ဂုဏ်သိက္ခာကြီးမားလှသည့် လူ့အခွင့်အရေး ကောင်စီ၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေကြောင်း ရုရှားကိုယ်စားလှယ်က ဆက်ပြောသည်ဟုသိရသည်။

Ref: Tass