ကပ်ရောဂါနှစ်အတွင်း အိန္ဒိယရဲ့ဆန်တင်ပို့မှု ပြိုင်ဘက်နိုင်ငံများကို ကျော်လွန်နိုင်

အိန္ဒိယနိုင်ငံဆိုတာ ကမ္ဘာ့ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့နိုင်ငံပါ။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ သူတို့ရဲ့ပြည်ပကို ဆန်တင်ပို့မှုပမာဏဟာ ပြိုင်ဘက်နိုင်ငံများရဲ့ တင်ပို့မှုကို  ကျော်လွန်နိုင်တယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုရင် ပြိုင်ဘက်နိုင်ငံတွေရဲ့ ဆန်တင်ပို့မှုကျဆင်းခြင်းနဲ့ ရူပီးတန်ဖိုးကျဆင်းခြင်းတို့ ကြောင့်ဖြစ်ပြီး ဒီနှစ်ရဲ့ဆန်တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ထက် ၄၂ ရာခိုင်နှုန်းပိုနိုင်တယ်လို့ ဆန်တင်ပို့ ရောင်းချသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာဆန်တင်ပို့မှု အများဆုံး အိန္ဒိယနိုင်ငံရဲ့ ယခုနှစ်အတွင်း ဆန်တင်ပို့မှုပမာဏ မြင့်တက်ခြင်းက ကမ္ဘာ့ဆန်ဈေးကိုလည်း သတ်မှတ်နိုင်ခြေရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်မှာ ဆန်တန်ချိန်ပေါင်း ၉ ဒသမ ၉ သန်းသာ တင်ပို့နိုင်ခဲ့ပြီး ရှစ်နှစ်အတွင်း အနည်းဆုံး တင်ပို့မှုအဖြစ် စာရင်းဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့တန်ချိန် ၁၄ သန်းအထိ တိုးမြင့်နိုင်ဖွယ်ရှိတယ်လို့ တာဝန်ရှိ သူဖြစ်တဲ့ ခရစ်ရှနာရာအိုက ပြောတာပါ။

ပြိုင်ဘက်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုကျဆင်းရခြင်း အကြောင်းရင်းက မိုးခေါင် ရေရှားမှုကြောင့်ဖြစ်ပြီး နောက်ထပ်ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့မှုကျဆင်းရ ခြင်းအကြောင်းရင်းကတော့ အထွက်နှုန်း ကျဆင်းမှုကြောင့်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှုဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက ဒီနှစ်အစောပိုင်းမှာ မိုးခေါင်ရေရှားမှုနဲ့ ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရတာကြောင့် ဒီနှစ်အတွင်း ဆန်တင်ပို့မှုပမာဏက တန်ချိန်ခြောက်သန်းခွဲသာ ရှိနိုင်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအတွက်တော့ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံးအကြိမ် ဆန်တင်ပို့မှုပမာဏ ကျဆင်းခြင်းပါပဲ။

ဆန်တင်ပို့မှု တတိယအများဆုံးဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကလည်း သူ့နိုင်ငံအတွင်း စပါးကိုအဓိက စိုက်ပျိုးတဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာ ရေရရှိမှုနည်းတဲ့အတွက် အထွက်နှုန်းကျဆင်းတာကြောင့် ဆန်တင်ပို့မှု ကျဆင်းရခြင်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဘာစမာတီဆန်မှလွဲပြီး တခြားဆန်များအားလုံးကို ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘီနင်နဲ့ ဆီနီဂေါတို့ဆီ အဓိကထား တင်ပို့တာပါ။ အဆင့်မြင့်သန့်စင်ပြီး ဘာစမာတီဆန်ကိုတော့ အီရန်၊ ဆော်ဒီအာရေဗျနဲ့ အီရတ်နိုင်ငံတို့ဆီ တင်ပို့ပါတယ်။ ဒီနှစ်မှာ အိန္ဒိယနိုင်ငံအနေနဲ့ အများဆုံး တင်ပို့ရတာက ဘာစမာတီမဟုတ်တဲ့ တခြားဆန်တွေဖြစ်ပြီး အာဖရိကဒေသက အဝယ်လိုက်လာမှု ကြောင့်လည်း ပါဝင်ပါတယ်။

ဒါကြောင့် ဒီနှစ်အတွင်းမှာ ဘာစမာတီဆန်ဝယ်လိုအားက ယခင်နှစ်တွေအတိုင်းပဲ တန်ချိန်လေး သန်းခွဲရှိပြီး တခြားဆန်တွေကတော့ တန်ချိန် ကိုးသန်းခွဲအထိ နှစ်ဆမြင့်တက်လာနိုင်ပါတယ်။ ဘာစမာတီဆန်ကို လူကြိုက်နည်းပေမယ့် တခြားဆန်တွေကိုတော့ လူကြိုက်များတဲ့အပြင် အိန္ဒိယ နိုင်ငံကတင်ပို့နိုင်တဲ့ ဈေးနှုန်းကြောင့်လည်း အခုလိုဆန်တင်ပို့မှု မြင့်တက်လာရခြင်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ရောင်းပေးနိုင်တဲ့ဈေးက အကျိုးအကြေ ၅ ရာခိုင်နှုန်းပါတဲ့ ဆန်တစ်တန်ကို သင်္ဘော ပေါ်အရောက်မှ အမေရိကန်ဒေါ်လာ ၃၈၀ ပဲရှိပါတယ်။ ထိုင်းနိုင်ငံကတော့ အလားတူအခြေအနေ မျိုးကိုပဲ ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၉၀ အထိ သတ်မှတ်ထားတာကြောင့် ဝယ်သူတွေက အိန္ဒိယနိုင်ငံကနေ ပိုမိုဝယ်ယူလာတာဖြစ်ပါတယ်။

အိန္ဒိယဆန်ကုန်သည်တွေဟာ ဒီနှစ်အတွင်းမှာ ကမ္ဘာ့ဆန်ဈေးတက်နေသည့်တိုင် ရူပီးတန်ဖိုးကျဆင်း တဲ့အတွက် ဝယ်သူတွေဆီကို ဈေးတွေချပြီး ရောင်းပေးနိုင်တာပါ။ ဒီနှစ်မှာဆိုရင် ရူပီးတန်ဖိုးက အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် ၃ ရာခိုင်နှုန်း ကျဆင်းသွားတာဖြစ်ပါတယ်။

အရင်က အာဖရိကနိုင်ငံတွေကို ဆန်တင်ပို့တာက တရုတ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့  တရုတ်နိုင်ငံရဲ့ လယ်ယာမြေတွေဟာ ရေလွှမ်းမိုးခံရတဲ့အတွက် အာဖရိကနိုင်ငံတွေဆီကို ဆန်မတင် ပို့နိုင်တော့ပါဘူး။ ဒီအချိန်မှာ အိန္ဒိယက တရုတ်နိုင်ငံရဲ့ နေရာကိုဝင်ယူပြီး အာဖရိကနိုင်ငံတွေဆီကို ဆန်တင်ပို့နိုင်တဲ့အတွက် ဆန်တင်ပို့မှုနှုန်း မြင့်တက်လာရခြင်း ဖြစ်ပါတယ်။

ပြည်ပကို ဆန်တင်ပို့မှုမြင့်တက်တဲ့အတွက် ပြည်တွင်းစားသောက်မှု မဖူလုံမှာကိုလည်း အိန္ဒိယနိုင်ငံ ကပူပန်စရာမလိုပါ ဘူး။ ဘာကြောင့်လဲဆိုရင် သူ့မှာအရန်ဆန် အမြောက်အမြားရှိလို့ပါ။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ကပ်ရောဂါကို ဆိုးဆိုးဝါးဝါး ခံစားနေရပေမယ့်လည်း ဆန်တင်ပို့မှုမှာတော့ တခြား ပြိုင်ဘက်နိုင်ငံတွေကို ကျော်လွန်တင်ပို့နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုတင်ပို့နိုင် မှုဟာလည်း ကျဆင်းနေတဲ့ နိုင်ငံ့စီးပွားရေးအတွက် ကူကယ်ရာကောက်ရိုးတစ်မျှင် ဖြစ်နိုင်ပါတယ်။

Ref: The Straits Times