အင်ဒိုနီးရှားက အက်စထရာဇီနီကာကုမ္ပဏီမှ ကာကွယ်ဆေးကို ထုတ်လုပ်ခွင့်ရရှိရန်ကြိုးပမ်းနေ

ဂျကာတာ၊ ကျန်းမာရေး

အင်ဒိုနီးရှားအစိုးရသည် အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်ခွင့်ရရှိရန်ကြိုးပမ်းနေကြောင်း သိရသည်။

အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိပြည်သူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝ ထိုးပေးနိုင်ရေးအတွက် ပြည်ပနိုင်ငံများမှကာကွယ်ဆေးများကို ဝယ်ယူမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ်  ယခုကဲ့သို့ကြိုးပမ်းနေခြင်းဖြစ်သည်။

လက်ရှိတွင် အင်ဒိုနီးရှားအစိုးရသည် တရုတ်နိုင်ငံရှိ ဆီနိုဗက်ဘိုင်အိုတက် ကုမ္ပဏီထုတ်ကာကွယ် ဆေးများကိုရရှိရန် ကျိန်းသေနေသော်လည်း ပြည်သူများအားလုံးကို ကာကွယ်ဆေးအပြည့်အဝ ထိုး ပေးနိုင်ရေးအတွက် သီးခြားထုတ်လုပ်နိုင်ရန် လိုအပ်နေသေးကြောင်း သုတေသနနှင့်နည်းပညာ ဝန်ကြီး ဘမ်ဘန်းဘရော့ဂျိုနီဂိုရိုက ပြောသည်။

ထို့ကြောင့် ဗြိတိန်နိုင်ငံအခြေစိုက် အက်စထရာဇီနီကာကုမ္ပဏီနှင့် ဆွေးနွေးနေခြင်းဖြစ်ပြီး ပြည် တွင်း၌ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် ကုမ္ပဏီငါးခုအထိ ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ဇူလိုင်လကုန်မှစ၍ နေ့စဉ် ရောဂါဖြစ်ပွားသူဦးရေ သုံးဆအထိမြင့်တက်လာကာ ယခုအခါရောဂါ ဖြစ်ပွားသူ စုစုပေါင်း သုံးသိန်းကျော်နေပြီ ဖြစ်သည်။ သေဆုံးသူဦးရေမှာမူ ၁၁၀၀၀ ကျော်ရှိ ကြောင်း သိရသည်။

Ref: Bloomberg