၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်၊ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်

နေပြည်တော် ဇွန် ၁၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင်  ထုတ်ပြန်ကြေညာခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ်က အောင်ချက် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနကျောင်းများအားလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နံနက် ၆ နာရီတွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာလျက်ရှိရာ အောင်စာရင်းလာရောက်ကြည့်ရှုသူများပြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၏   Website  ဖြစ်သော www.myanmarexam.org တွင်လည်း နံနက် ၄ နာရီမှစတင်ကာ   ဝင်ရောက် ကြည့်ရှုသူများပြားခဲ့သည်။

ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံရေဒီယို အစီအစဉ်မှလည်း နံနက် ၆ နာရီတွင် စတင်ထုတ်လွှင့်ကြေညာပေးသည်။

ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အောင်ချက်ရာခိုင်နှုန်း အခြေပြဇယားတွင် မွန်ပြည်နယ်က အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် အောင်ချက် အများဆုံးဖြစ်ကာ  ဧရာဝတီတိုင်းဒေသကြီးက ၅၂ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးက ၄၉ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် တတိယဖြစ်ကာ တစ်နိုင်ငံလုံးဖြေဆိုသူ ၂၈၁၇၅၁ ဦး၊ အောင်မြင်သူ ၁၃၂၀၇၇ ဦး၊ အောင်မြင်မှုရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းဖြစ်ကြောင်း  သိရသည်။

တစ်နိုင်ငံလုံးအမှတ်အများဆုံး ရရှိသူများအနေဖြင့် သိပ္ပံဘာသာတွဲတွင် အထက(၁၆)ချမ်းအေးသာစံမှ ခုံအမှတ် မနတ-၃၁၂ မအိမ့်မှူးခင်က ၅၅၈ မှတ်၊ ဝိပ္ပံဘာသာတွဲတွင် အထက-တောင်စွန်း(ဘီးလင်း)မှ ခုံအမှတ် ညဘစ-၂၄၀ မောင်ဆန်းဝင်းနောင်က ၅၂၂ မှတ်၊  ဝိဇ္ဇာဘာသာတွဲတွင် အထက-သစ်ရာမြိုင်(ကျွန်းလှ)မှ ခုံအမှတ် စဈသ-၇၀၆ မငြိမ်းမို့မို့ထွန်းက ၅၃၄ မှတ် အသီးသီးရရှိကြောင်း သိရသည်။