ဂုဏ်ယူပြောကြား ထူးချွန်သူတို့ပြောသည့်ပီတိစကားသံများ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ပြီးဖြစ်သည်။ ထိုသို့ထုတ်ပြန်ရာတွင် နံနက် ၄ နာရီမှစတင်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သည့် www.myanmarexam.org တွင်လည်းကောင်း၊ သက်ဆိုင်ရာ ကျောင်းများတွင်လည်း နံနက် ၆ နာရီခန့်တွင် ကြော်ငြာသင်ပုန်းများဖြင့် လည်းကောင်း ကြည့်ရှုနိုင်ရန် ကပ်ထားသည်ကို တွေ့ရသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေတွင်လည်း ကျောင်းသား၊ ကျောင်းသူ ၁၆၁၀၉ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၇၆၀၀ ဦးအောင်မြင်ခဲ့သဖြင့် အောင်မြင်မှုမှာ ၄၇ ဒသမ ၁၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း နေပြည်တော်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

ယနေ့နံနက်အရုဏ်တက်အချိန်မှစ၍ ကျောင်းများတွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်း လာကပ်မည်ကို စောင့်ကြည့်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ၎င်းတို့၏ ဆွေမျိုးများသည်လည်း ရင်ခုန်စွာ စောင့်ဆိုင်းနေရင်း အောင်မြင်သူများ၊ ပြုံးပျော်နေကြသူများတွေ့ခဲ့ရသလို ကျရှုံးသူများကို နှစ်သိမ့်အားပေးစကားပြောကြားပေးနေသူများကိုလည်း တွေ့ခဲ့ရသည်။

ယင်းတို့အထဲမှ ထူးချွန်စွာအောင်မြင်ခဲ့၍ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောကြားခဲ့သော ပီတိစကားသံများကိုလည်း မြဝတီစာဖတ်ပရိသတ်များအတွက် ပြန်လည်မျှဝေလိုက်ရပါသည်-

ဒေါ်သိန်းသိန်းအေး၊ ကျောင်းအုပ်ကြီး၊

အ.ထ.က(၃)၊ ပုဗ္ဗသီရိမြို့နယ်

ဆရာမကြီးတို့ကျောင်းမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ကျောင်းသား၊ ကျောင်းသူ ၂၅၆ ဦးရှိပြီး  ၉၅ ဦး အောင်မြင်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဂုဏ်ထူးရသူက ၄၅  ဦး ရှိပါတယ်။ ငါးဘာသာတစ်ဦး၊ လေးဘာသာ တစ်ဦး၊ သုံးဘာသာကရှစ်ဦး၊ နှစ်ဘာသာ ၁၄ ဦးနဲ့ တစ်ဘာသာ ၂၁ ဦးပါ။ ပိုပြီးထူးထူးခြားခြားကတော့ မြန်မာစာကို ၁၁ ဦး ဂုဏ်ထူးထွက်ပါတယ်။

အင်္ဂလိပ်စာနဲ့သင်္ချာမှာ   ကလေးတွေ အားနည်းသွားတဲ့အတွက်ကြောင့် ယခုနှစ်မှာ ဘယ်လိုသင်ကြားပေးရမလဲ  သိသွားတာပေါ့။  မနှစ်က ၁၉ ရာခိုင်နှုန်း၊  ဒီနှစ်အောင်ချက် ၃၇ ဒသမ ၁၁ ရာခိုင်နှုန်းဆိုတော့  အောင်ချက်နှစ်ဆလောက် တက်လာတဲ့အတွက် အင်မတန်မှဝမ်းသာမိပါတယ်။ လာမယ့်နှစ်မှာလည်း ဒီထက်ပိုပြီး ကျောင်းရဲ့ဂုဏ်ကို ဆောင်နိုင်အောင်  ကျွန်မတို့ဆရာ၊ ဆရာမတွေအားလုံး ကြိုးစားသွားကြမှာပါ။

မရွှေခေတ်ပိုင်၊ ခြောက်ဘာသာဂုဏ်ထူးရှင်၊

 မြန်မာတစ်နိုင်ငံလုံး စတုတ္ထ၊

အ.ထ.က(၅)၊ နေပြည်တော်

ကျွန်မကတက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးရရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူ စာရင်းထဲက စတုတ္ထနေရာကိုရရှိခဲ့ပါတယ်။ ကျွန်မတို့တွေ ဒီတက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် သုံးနှစ်နီးပါး ပြင်ဆင်ခဲ့ရပါတယ်။ ဆိုလိုတာက  ကျွန်မနဝမတန်းနှစ်လယ်မှာ နဝမတန်းစာတွေပြတ်ပြီး ဒီ ၁၀ တန်းစာတွေကို သင်ကြားခဲ့ရတာမျိုးဖြစ်ပါတယ်။ နဝမတန်းသင်ခဲ့တဲ့ မိသားစုကိုယ်ပိုင် အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေရဲ့ သင်ပြမှုကြောင့် သင်ခန်းစာတွေကို စနစ်တကျနားလည်မှတ်သားခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့ကပ်ရောဂါ

နဲ့ကြုံပြီး Stay Home နေခဲ့ရတုန်းကတော့ Online Learning နဲ့ ဆက်လေ့လာဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း  ကျောင်းပုံမှန်မဖွင့်နိုင်သေးခင်မှာလည်း ဒီစာမေးပွဲအတွက်ပဲ အဓိကထား ပြင်ဆင်ခဲ့ပါတယ်။

နေပြည်တော် အ.ထ.က(၅)ကျောင်းမှာတက်ဖြစ်ခဲ့ပြီး ဇန်နဝါရီလကစလို့ အိမ်မှာပဲ  Self-Study ယူပြီး ဖြေဖြစ်ခဲ့ပါတယ်။  အနာဂတ်မှာတော့  ကျွန်မကလေးအထူးကုဆရာဝန် တစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

မအိကေခိုင်မျိုးမင်း၊ ငါးဘာသာဂုဏ်ထူးရှင်၊ အ.ထ.က(၃)၊ နေပြည်တော်

အ.ထ.က (၃) နေပြည်တော် ပုဗ္ဗသီရိမှာ စာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကိုဝင်ရောက်ဖြေဆိုခဲ့တာ မြန်မာ၊ အင်္ဂလိပ်၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ငါးဘာသာ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။ အခုလိုဂုဏ်ထူးတွေနဲ့အောင်မြင်အောင် နွေရာသီ ကျောင်းပိတ်ရက်ကတည်းက ခက်ဆစ်တွေ၊ English Meaning တွေကိုကျက်ခဲ့ပါတယ်။ သမီးက မြန်မာနဲ့အင်္ဂလိပ်စာကို အားနည်းတော့နည်းနည်းကြောက်ခဲ့တယ်။ အင်္ဂလိပ်ကို ပိုကြောက်ခဲ့ပါတယ်။ အားနည်းတဲ့ဘာသာတွေကို အနည်းဆုံးတစ်နေ့ကို ၁ နာရီကြာအောင် Essay ကိုဖတ်ဖြစ်တယ်။ အချိန်ပိုပေးပြီး Revision ပြန်ဖြစ်ပါတယ်။ အားသာတဲ့ဘာသာတွေကိုလည်း ပိုင်တယ်ဆိုပြီး လွှတ်မထားပါဘူး။ သူ့အချိန်နဲ့သူကြည့်ပါတယ်။ သမီးရဲ့ အနာဂတ် ရည်မှန်းချက်ကတော့ ကလေးအထူးကု ဖြစ်ချင်တာပါ။ ကျောင်းလာမတက်သေးတဲ့ သူငယ်ချင်းတွေကို ပြောချင်တာကတော့ ၁၀ တန်းအောင်မှသာလျှင် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ရောက်နိုင်မယ်။ ဒါမှကိုယ့်အနာဂတ်က ပိုလှပမှာပါ။

မမေမြင့်မိုရ်၊ လေးဘာသာဂုဏ်ထူးရှင်၊

အ.ထ.က(၃)၊ ပုဗ္ဗသီရိမြို့နယ်၊

နေပြည်တော်

အ.ထ.က(၃)နေပြည်တော်ကျောင်းမှာ တက်ရောက်ခဲ့ပြီး ဖြေဆိုခဲ့တာ လေးဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ဂုဏ်ထူးရဘာသာတွေကတော့  မြန်မာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒတို့ပဲဖြစ်ပါတယ်။ ကျောင်းတက်စဉ် တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပေးပြီးတော့ ကျက်ခဲ့သမျှစာတွေ ကျေညက်အောင် လုပ်ခဲ့မယ်ဆိုရင် အောင်နိုင်ပါတယ်။ အမှတ်ကောင်းကောင်းနဲ့ အောင်ချင်တာကြောင့် သူများထက်တော့ပိုကြိုးစားခဲ့ရပါတယ်။ စာကျက်တဲ့အခါမှာ ကိုယ့်ရဲ့ကျက်နိုင်၊ မှတ်နိုင်စွမ်းအားကိုလည်း သိရပါမယ်။ ငါတစ်နေ့ကို ဘယ်နှနာရီ လောက်စာကြည့်ရင်ရနိုင်လဲ၊ ဒီထက်ပိုကြိုးစားဖို့လိုသေးလားဆိုတာမျိုး အမြဲဆန်းစစ်ပြီးကျက်ဖို့လိုပါတယ်။ သမီးအတွက်တော့ မနက်ပိုင်းစာကျက်တာကပိုပြီးမှတ်မိစေလို့  မနက်ဆို ၄ နာရီထပြီးစာလုပ်ပါတယ်။ ညပိုင်းကတော့ အိပ်ရေးအရမ်းပျက်ရင်လည်းစာမှတ်နိုင်တဲ့ စွမ်းရည်ကျသွားမှာစိုးလို့ ည ၁၁ နာရီထိပဲ စာလုပ်ပါတယ်။ ၁၀ တန်းစာမေးပွဲဆိုတာ ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးလုံးနဲ့ဆိုင်ပါတယ်။ ဒါကြောင့် စာကိုလည်း အကောင်းဆုံးကြိုးစားပါ။ ဘုရား၊ တရားကိုလည်း နိုင်သလောက်လေးလုပ်ပေးပါလို့ ပြောချင်ပါတယ်ရှင့်။ သမီးရဲ့အနာဂတ်ရည်မှန်းချက်ကတော့ တပ်မတော်အရာရှိတစ်ယောက် ဖြစ်ချင်တာပါ။

မချယ်စုလွင်၊ သုံးဘာသာဂုဏ်ထူးရှင်၊

အ.ထ.က(၃)၊ပုဗ္ဗသီရိမြို့နယ်၊

နေပြည်တော်

တက္ကသိုလ်ဝင်တန်းကို အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့ပြီး သင်္ချာ၊ ရူပဗေဒ၊ ဇီဝဗေဒ သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။  ကျောင်းမှ ဆရာ၊ ဆရာမတွေရဲ့ သင်ကြား

ပို့ချမှု၊ မိဘတွေရဲ့ ဝိုင်းဝန်းစောင့်ရှောက်ကူညီမှု၊ နှစ်စကတည်းက စာကိုဖိဖိစီးစီး သေချာလုပ်ခဲ့တဲ့အတွက်ကြောင့် အခုလို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ရတာပါ။

တက္ကသိုလ်ဝင်တန်းစနစ်ဟောင်းက တစ်နှစ်ပဲရှိပါတော့တယ်။ အဲ့ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်တဲ့သူတွေလည်း တက်စေချင်ပါတယ်။ ၁၀ တန်းတက်နေတဲ့ မောင်လေး၊ ညီမလေးတွေလည်း ကျားကုတ်ကျားခဲကြိုးစားကြပါ။ အောင်ကိုအောင်ရမယ်ဆိုတဲ့ စိတ်မွေးပြီးကြိုးစားပါ။

ဒီတစ်နှစ်ပဲ အပင်ပန်းခံပြီး ရေကုန်ရေခန်း ကြိုးစားလိုက်ပါလို့ ပြောချင်ပါတယ်။ သမီးရဲ့အနာဂတ် ရည်မှန်းချက်ကတော့ ရေကြောင်းပညာတက္ကသိုလ်တက်ချင်တာပါ။

မောင်လှဌေးအောင်(ငါးဘာသာဂုဏ်ထူးရှင်)၊

အ.ထ.က(၁)၊ နေပြည်တော်

ကျွန်တော် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အတွဲ(၇)သိပ္ပံတွဲ ဖြစ်ပါတယ်။ မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ငါးဘာသာ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တဲ့အတွက် ပျော်ပါတယ်။ မိဘတွေနဲ့ ဆရာ၊ ဆရာမတို့ကလည်း ဂုဏ်ယူကြောင်း ချီးမွမ်းစကားပြောဆိုကြပါတယ်။ အခုလို ဂုဏ်ထူးငါးဘာသာနဲ့ အောင်မြင်ဖို့အတွက် စာသင်ချိန်တွေမှာ ဆရာ၊ ဆရာမတွေ သင်ကြားပြသပေးတာတွေကို အသေအချာ လိုက်နာမှတ်သားပါတယ်။ နေ့တိုင်းတစ်နေ့စာတစ်နေ့၊ တစ်ပတ်စာတစ်ပတ်ပြီးပြတ်အောင် ပုံမှန်လုပ်ပါတယ်။ မိဘတွေကလည်းကျွန်တော်

ကျောင်းတက်နေစဉ်အတွင်းမှာ ကျန်းမာရေးကို  ဂရုစိုက်ပေးပါတယ်။ ကျွန်တော့်အနေနဲ့  မိဘတွေဖြစ်စေချင် တဲ့အတိုင်း တာဝန်ကျေပွန်အောင် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ပြီးတော့ ကျောင်းတက်ရတာ အဆင်ပြေ အောင်လည်း  လိုအပ်တာမရှိရအောင် အဘက်ဘက်ကနေ ဖြည့်ဆည်းပေးပါတယ်။ ဆရာ၊  ဆရာမတွေကလည်း ကျွန်တော် မသိနားမလည်တဲ့ စာတွေသွားမေးရင်လည်း နေ့ညမရွေးရှင်းပြပါတယ်။ စာမေးပွဲဖြေဆိုတဲ့ အခါမှာလည်း ဖြေဆိုပုံ ဖြေဆိုနည်းများကို  စနစ်တကျရှင်းလင်းအောင် သင်ကြားပေးပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ပါတယ်။

မစိုးစန္ဒာခိုင် (ငါးဘာသာဂုဏ်ထူးရှင်)

အထက(၁) နေပြည်တော်

ကျွန်မနာမည်ကတော့ မစိုးစန္ဒာဖြစ်ပါတယ်။  ကျွန်မဖြေဆိုခဲ့တဲ့ စာစစ်ဌာနကတော့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို  အတွဲ(၇)သိပ္ပံတွဲ  မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာ  ဖြစ်ပါတယ်။ ကျွန်မအခုလို အောင်မြင်ဖို့အတွက် မိဘတွေက အဘက်ဘက်ကနေ စိတ်ဓာတ်ခွန်အားတွေအပြင် ကျန်းမာရေးအတွက်ပါ အစစအရာရာ အကုန်လုံးကို ဂရုစိုက်ပေး ခဲ့ကြပါတယ်။  အခုလိုဂုဏ်ထူး ငါးဘာသာရအောင် သင်ကြားပေးခဲ့တဲ့ အထက(၁) နေပြည်တော်က ဆရာ၊ ဆရာမတွေ အကုန်လုံးကို  ဂါရဝပြုကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ကျွန်မရဲ့ အနာဂတ် ရည်မှန်းချက်ကတော့ ဆေးတက္ကသိုလ်တက်ရောက်ပြီး ဆရာဝန်မကြီး တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။

မအေးသဉ္ဇာမေ(ငါးဘာသာဂုဏ်ထူးရှင်)

အထက(၁) နေပြည်တော်

ကျွန်မကတော့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို   အတွဲ(၇)သိပ္ပံတွဲ   မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။    အခုလို ငါးဘာသာနဲ့အောင်မြင်ဖို့အတွက်  မိဘတွေရဲ့ အထောက်အပံ့လည်းလိုအပ်သလို ကျောင်းဆရာ၊ ဆရာမတွေကလည်း အရမ်း ထောက်ပံ့ကူညီပေးခဲ့ကြပါတယ်။   ဒီလိုထောက်ပံ့ကူညီပေးခဲ့ကြတဲ့ မိဘတွေနဲ့ ဆရာ၊ ဆရာမတွေအကုန်လုံးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။ အခုလို တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တဲ့ အတွက်လည်း စိတ်လှုပ်ရှားပြီး အရမ်း ပျော်ရွှင်ရပါတယ်။    ကျွန်မဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကတော့ ဆေးတက္ကသိုလ် တက်ရောက်ပြီး ဆရာဝန်ကောင်း တစ်ယောက် ဖြစ်ဖို့ပဲဖြစ်ပါတယ်။   ။

လင်းကြည်လင်း၊ ဖိုးနိုင်