၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ၏စကားသံများ

၂၀၂၁- ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၇ ရက်တွင် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပေးခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ နိုင်ငံခြားစာစစ်ဌာနများမှ ဖြေဆိုသူ ၂၈၁၇၅၁ ဦးရှိပြီး အောင်မြင်သူ ၁၃၂၀၇၇ ဦးရှိခဲ့သည့်အတွက် တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယင်းအပြင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံးကျောင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (မင်္ဂလာဒုံ) အောင်ဆန်းသူရိယလှသောင်းကျောင်းမှ အောင်ချက်ရာခိုင်နှုန်း ၈၈ ဒသမ ၃၈ ရာခိုင်နှုန်းရှိခဲ့ပါသည်။ သို့ဖြစ်ရာ

အဆိုပါကျောင်း၌ သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ဆရာမဒေါ်စံပယ်အေး(အထက်တန်းပြ)

ကျွန်မကတော့ အ.ထ.က(၂)(မင်္ဂလာဒုံ) အောင်ဆန်းသူရိယ လှသောင်းကျောင်းက အထက်တန်းပြဆရာမ ဒေါ်စံပယ်အေးဖြစ် ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို နှစ်စကတည်းက ဘာသာရပ်အလိုက်ဂရု တစိုက်သင်ကြားပေးပါတယ်။ စာမေးပွဲတွေစစ်ဆေးပြီး   ရလဒ်တွေကို ကြည့်ပြီးတော့ အားနည်းတဲ့ ကလေးတွေကို လိုအပ်သလို  သီးခြားစုစည်းပြီး   အချိန်ပိုတွေ သင်ကြားပေးပါတယ်။ ကျောင်းမှာပဲ ဆရာမ တွေက Tutorial တွေ မကြာခဏဖြေခိုင်းတယ်။   ပြီးရင်  သူတို့လိုအပ်တဲ့အပိုင်း တွေကို ထပ်ပြီးတော့ ရှင်းပြတယ်။ အဲဒီလိုအကြိမ်ကြိမ် လေ့ကျင့်ပေးပါတယ်။ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှာ ကျွန်မတို့ကျောင်းက တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၄၁ ဦး ဖြေဆိုခဲ့ပါတယ်။   တစ်နိုင်ငံလုံးမှာ   အောင်ချက်အကောင်းဆုံးကျောင်း အဖြစ်လည်း အသိအမှတ်ပြုခံရပါတယ်။ အဲဒီအတွက်လည်း ဝမ်းသာပီတိ ဖြစ်ရပါတယ်။    ကျွန်မတို့ ကျောင်းအနေနဲ့     ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲမှာ     ခြောက်ဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်၂၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၈ ဦး၊ ရိုးရိုးအောင် ၆၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ဆရာဦးတိုး(ကျောင်းအတွင်းရေးမှူး)

ကျွန်တော်ကတော့ အ.ထ.က(၂)

(မင်္ဂလာဒုံ)အောင်ဆန်းသူရိယလှသောင်းကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ၂၀၁၅ ခုနှစ်မှာ အနားယူ ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ဒီနေ့အထိ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိ၊    ကျောင်းသားမိဘတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေရဲ့ တောင်းဆိုချက်အရ ကျောင်းရဲ့ မြန်မာစာဘာသာရပ်မှူး၊ ကျောင်းအတွင်းရေးမှူး၊ ဘက်စုံဖွံ့ဖြိုးရေးတာဝန်ခံအနေနဲ့ ကျောင်းကြီးဖွံ့ဖြိုးတိုးတက်အောင် စေတနာနဲ့ ကူညီဆောင်ရွက် ပေးနေပါတယ်။    ကျောင်းအောင်ချက်ကောင်းအောင်၊ ကလေးတွေ ဘက်စုံထူးချွန်အောင်  ပံ့ပိုးဆောင်ရွက် ပေးနေပါတယ်။ အောင်ချက်ကောင်းအောင် ကလေးတွေကို    ထက်လယ်မူအလိုက်  သင်ရိုးတွေ နဲ့အညီ သင်ကြားပေးခဲ့ပါတယ်။

ဆရာမတွေကိုလည်း    သင်တန်းတွေ တက်ခိုင်းပါတယ်။ ပညာရေးဌာနက အကဲဖြတ်တဲ့နည်းစနစ်တွေ၊ စာမေးပွဲပုံစံတွေကို  ဆောင်ရွက်ပြီး  ဘာသာရပ်အလိုက် လက်တွဲညီညီ    သင်ကြားတတ်မြောက်အောင် သင်ကြားပေးပါတယ်။ စာစီစာကုံး၊  အင်္ဂလိပ်စာ   စတာတွေကို  အပတ်စဉ်လေ့ကျင့်ပေးပြီး ကလေးတွေရဲ့ စိတ်ဓာတ်တိုးတက်လာအောင်   လေ့ကျင့်ပေးပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် အောင်ချက် ၇၇ ဒသမ ၇၆ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒီနှစ်မှာဆိုရင် ၈၈ ဒသမ ၃၈ ရာခိုင်နှုန်းရှိပြီး အောင်ချက်ရာခိုင်နှုန်း မြင့်မားလာပါတယ်။

မကေဇင်လဲ့  

(ခြောက်ဘာသာဂုဏ်ထူးရှင်)

သမီးကတော့ မကေဇင်လဲ့ပါ။ အ.ထ.က (၂) (မင်္ဂလာဒုံ)အောင်ဆန်းသူရိယလှသောင်း ကျောင်း GRADE-11 မှာ ပညာသင်ကြားခဲ့ပါတယ်။ သမီးက ၂၀၂၁-၂၀၂၂ တက္က သိုလ်ဝင်စာမေးပွဲမှာ ခြောက်ဘာသာဂုဏ်ထူးနဲ့   အောင်မြင်ခဲ့ပါတယ်။  သမီးတို့ ကျောင်းတက်တဲ့အချိန်မှာ ကျောင်းစာသင် ချိန်နည်းပေမယ့် ဆရာ၊ ဆရာမတွေက သေချာသင်ကြား ပေးခဲ့ကြပါတယ်။ ဘာသာရပ်အလိုက် ဘယ်အခန်းတွေ ကျက်မှတ်ရမယ်၊ ဘယ်လို လေ့လာရမယ် ဆိုတာကိုလည်း ဂရုတစိုက် သင်ကြားပေးပါတယ်။

သမီးအနေနဲ့   စာကို  နှစ်စမှာ  သေချာမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ  နေ့စဉ် အချိန်တော်တော် များများလေ့လာကျက်မှတ်ခဲ့ပါတယ်။ သမီးအဖေနဲ့ အမေက  သမီးကို  တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်စေချင်တဲ့အတွက် အများကြီး ထောက်ပံ့ပေးခဲ့ပါတယ်။ သမီးအမေဆိုရင်လည်း   စာမေးပွဲရက်တွေမှာ မအိပ်မနေ သမီးကို   ပံ့ပိုးပေးခဲ့ပါတယ်။   သမီးက ဆရာဝန်ဖြစ်ချင်တာပါ။ နိုင်ငံအတွက်   တစ်ဖက်တစ်လမ်းက  ပါဝင်အားဖြည့်ကူညီဆောင်ရွက်မှာပါ။ နောက်နှစ်တွေမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့်သူတွေ ကြိုးစားကြပါ။ ဉာဏ်ကောင်းတာထက် ဝီရိယရှိဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။

မချောဆုသွယ်

(ခြောက်ဘာသာဂုဏ်ထူးရှင်)

သမီးကတော့  မချောဆုသွယ်ဖြစ်ပါ တယ်။ အ.ထ.က(၂) (မင်္ဂလာဒုံ)အောင်ဆန်းသူရိယလှသောင်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲမှာ ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင် ခဲ့ပါတယ်။ စာမေးပွဲဖြေဆိုဖို့အတွက် အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖြေဆိုဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့တဲ့အတိုင်း    အောင်မြင်မှုရခဲ့တဲ့အတွက် လည်း ဝမ်းသာမိပါတယ်။ စာမေးပွဲဖြေပြီးကတည်းက ကိုယ်ဖြေခဲ့တဲ့ရမှတ်တွေကို တွက်ကြည့်ပြီး ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ကံတရားကလည်း ရှိသေးတော့ အများကြီး

မမှန်းရဲခဲ့ပါဘူး။ ဒီလိုအောင်မြင်ဖို့အတွက် ပေးဆပ်ခဲ့ရတာကတော့ အချိန်တွေပါပဲ။

ညဉ့်နက်တဲ့အထိ စာတွေကျက်ခဲ့ပါတယ်။

စာမေးပွဲနီးလာလေ စာကျက်ချိန်များလာလေပါပဲ။ ဆရာ၊ ဆရာမတွေရဲ့ အထူးကြပ်မတ် သင်ကြားပေးမှု တွေလည်း ပါပါတယ်။ ဆရာ၊ ဆရာမတွေသာ စနစ်တကျ မသင်ကြားပေးခဲ့ရင်   အောင်မြင်မှုရမှာ မဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဖေနဲ့အမေကလည်း တွန်းအားတွေ အများကြီးပေးခဲ့ပါတယ်။  ဆရာဝန်တစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားမှာပါ။

မောင်ပြေလင်းသန့် 

(ခြောက်ဘာသာ ဂုဏ်ထူးရှင်)

ကျွန်တော်ကတော့ မောင်ပြေလင်းသန့် ဖြစ်ပါတယ်။ အ.ထ.က(၂) (မင်္ဂလာဒုံ) အောင်ဆန်းသူရိယ လှသောင်းကျောင်းမှာ ပညာသင်ယူခဲ့ပြီး  ၂၀၂၁-၂၀၂၂  တက္ကသိုလ်ဝင်စာမေးပွဲမှာ   ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်တာပါ။ သင်ကြားပေးခဲတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။   စာမေးပွဲနီးလာတဲ့အခါ

သေချာကြိုးစားခဲ့ပါတယ်။ စာကို ညဉ့်နက်တဲ့အထိကျက်မှတ်ခဲ့ပါတယ်။  တစ်ခါတလေမအိပ်ဘဲ စာကျက်ခဲ့တဲ့ ရက်တွေလည်း ရှိပါတယ်။ ဆရာ၊ ဆရာမတွေကလည်း အမှတ်ပေးစည်းမျဉ်းအတိုင်း သင်ကြားပေး ခဲ့ကြတဲ့အတွက် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့တာပါ။ အဖေက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ဖို့အတွက်     အသေးစိတ် ကြပ်မတ်ပေးခဲ့ပါတယ်။  ကျွန်တော်ကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်ခဲ့တာပါ။ အဓိကကတော့   လိုချင်တဲ့စိတ်လည်းရှိဖို့ လိုပါတယ်။ အောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားရင်အောင်မြင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားမှာပါ။       

လင်းခန့်၊နေကိုထိုက်