နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အကြမ်းဖက်သမားများမှ ဆရာ၊ ဆရာမ များအား အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် အခြေအနေ အနေဖြင့်  ဇွန်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့နယ်၊ ရွာတုံကျေးရွာအနီးတွင်   အခြေခံပညာအလယ်တန်းကျောင်းခွဲ(စည်သာ) ကျောင်းအုပ်ဆရာမကြီးအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဇွန်လ ၆ ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မင်းသားကန် ကျေးရွာ၊   အခြေခံပညာမူလတန်းလွန်ကျောင်းမှ   ကျောင်းအုပ်ဆရာမကြီးကို သတ်ဖြတ်ခဲ့ခြင်း၊  ဇွန်လ ၁၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ပန်းတင်အင်းကျေးရွာနေ ထားဝယ်တက္ကသိုလ်(မြန်မာစာဌာန)မှ ကထိကတစ်ဦးနှင့်   အမျိုးသမီးတစ်ဦးတို့ ပစ်ခတ်သေဆုံးသွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ ဇွန်လ   ၁၃ ရက်တွင် PDF အကြမ်းဖက် ၁၅ ဦးခန့်မှ   ရွှေကူမြို့နယ်၊ ကျွန်းတော်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရောက်လာပြီး ကျေးရွာရှိ ဆရာ/ဆရာမ ၅ ဦးတို့အား   ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်   ဇွန်လ ၁၃ ရက်အထိ ပညာရေးဝန်ထမ်းများ ဖမ်းဆီးသတ်ဖြတ်မှု ၂၁ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၄၄ ဦး သေဆုံးခဲ့ကြောင်း၊ ထိုသို့သတ်ဖြတ်ဆောင်ရွက်ခြင်းများ သာမက ဇွန်လ ၉ ရက်နေ့ နေ့လယ်၁၂ နာရီကျော်ခန့်တွင်   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးကို ပညာသင်ကြားပေး နေသည့်    အခြေခံပညာမူလတန်းလွန် (တည်သီးတော)ကျောင်းကို  အကြမ်းဖက် သမားများက  Drone တွင် ဗုံးချိတ်ဆွဲပြီးပစ်ခတ်မှုများ   ဆောင်ရွက်ခဲ့ကြောင်း၊ အဆောက်အဦ ထိခိုက်ခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး တပ်စခန်း၊ ရဲစခန်းထဲကို ဗုံးသီးကျလျှင်  တပ်မတော်မှဘယ်နှဦးသေဟု သတင်းထုတ်ပါကြောင်း၊  မြို့ထဲရွာထဲကို ဗုံးသီးကျလျှင်  အတတ်နိုင်ဆုံးရူးချင် ဟန်ဆောင်ပါကြောင်း၊ အများသိသွားလျှင် ဒလန်အိမ်ကို တိုက်ခိုက်သည်ဆိုပြီး သတင်းထုတ်ပါကြောင်း၊ ယင်းနှင့်ဆက်စပ်ပြီး ဒရုန်းနှင့်ဗုံးချရာတွင် မည်မျှလောက်ထိ တိတိကျကျ ချနိုင်မည်လဲဟု  မိမိပြောလိုပါကြောင်း၊ လေတိုက်နှုန်း၊ အမြင့်ပေ စသည်တို့တိကျမှုမရှိဘဲ ဘယ်နေရာကွဲကွဲ၊ ဘယ်သူသေသေဆိုပြီး   ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကျောင်းများကို  ဗုံးခွဲတိုက်ခိုက်ခြင်းသည် ကမ္ဘာပေါ်တွင် မည်သို့မျှလက်မခံနိုင်သည့်၊ စစ်ရာဇဝတ်မှုမြောက်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရှိ သံရုံးများအနေဖြင့် မျက်စိမှိတ်မနေကြရန် မိမိအနေဖြင့် ပြောကြားလိုကြောင်း ပြောကြားသည်။

နောက်တစ်ခုမှာ  မိုင်းဖြစ်ကြောင်း၊ မိုင်းနှင့်ပတ်သက်ပြီး   မိုင်းမျိုးစုံမည်မျှအောင်မြင်နေပြီ၊ ဖျက်အားပြင်းမိုင်းများအောင်မြင်နေပြီ၊   ပဒေသာမိုင်းများ အောင်မြင်ပြီ စသဖြင့် ၎င်းတို့ကို အားပေးသည့်မီဒီယာများကိုယ်တိုင် ပြောထားကြောင်း၊ လက်တွေ့လည်း ဖောက်ခွဲပြနေကြကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ နံနက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သိမ်းချောင်းကျေးရွာအနီး စစ်ကိုင်း-ရွှေဘို ကားလမ်း၊ မိုင်တိုင်အမှတ် ၄၁ အနီးတွင် ဆားတောင်မြို့၊ မြင်းကျရပ်ကွက်နေ ကိုရင် ၃ ပါး ဆွမ်းခံ၍ ကျောင်းသို့ပြန်လာစဉ် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ကိုရင် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး  တစ်ပါးမိုင်း စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသည့် ကိုရင်လေးတစ်ပါး၏ပုံကို ကြည့်စေလိုကြောင်း၊ ယင်းတို့ကို မည်သည့်နိုင်ငံ၊ မည်သည့်မီဒီယာမှဖော်ပြခြင်းမရှိဘဲ မှေးမှိန်အောင်လုပ်နေကြောင်း၊ PDF NUG CRPH အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ   ထိခိုက်နစ်နာရကြောင်း၊ ဘုန်းကြီးစီးသည့်  ယာဉ်လည်းမရှောင်၊ လူနာတင်ကားလည်း မရှောင်ပါကြောင်း၊ လူမှုဝန်ထမ်းအဖွဲ့များလုပ်နေသည့် လူနာ တင်ယာဉ်ဖောက်ခွဲ မီးရှို့ခံရပါကြောင်း၊ နည်းမျိုးစုံနှင့်  သံပိုက်များကို လက်လုပ် စိန်ပြောင်းဆိုပြီးလုပ်ပါကြောင်း၊ ရသမျှ ယမ်း၊ ရသမျှသံတိုသံစနှင့် ဗုံးသီးဆိုပြီး ထုတ်ပါကြောင်း၊ ဘယ်အဖွဲ့က ထုတ်လုပ်လိုက်ပြီဆို၍လည်း ၎င်းင်းတို့ကို အားပေး သည့်  မီဒီယာများရော  အင်တာနက် ဆိုရှယ်မီဒီယာတွင်ရော တင်ပါကြောင်း၊ နိုင်ငံခြား သတင်းမီဒီယာ များတွင်လည်း ပျံ့နှံ့နေမှုများလည်းရှိကြောင်း၊  မည်သို့ပစ် သည်ကို Video  ဖိုင်နှင့်ပြလိုပါကြောင်း ပြောကြား၍ Video ဖိုင်ကိုပြသသည်။

နိုင်ငံတကာတွင် စစ်အသုံးအဆောင်ပစ္စည်းများကို  သုံးစွဲပစ်ခတ်ရတာသည် တိကျရတာဖြစ်ကြောင်း၊ ယခုဆောင်ရွက်မှုများသည်  နိုင်ငံတကာ ကျင့်စဉ်များနှင့် ငြိနိုင်ပါကြောင်း၊ ၎င်းတို့ သုံးနေကျစကားလုံး ဖြစ်သည့်  ရမ်းသန်းပစ်ခတ်နေခြင်းဖြစ် ကြောင်း၊  ကုန်းပေါ်ကျထင်းရ၊ ရေထဲကျ ငါးရ၊  ရွာထဲကျဒလန်ရဆိုသည်မျိုးကို မျက်မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ လက်တန်းနှင့်တွေ့ကရာပစ္စည်း ကိုယူ လက်နက်ကြီး ဆိုပြီးထုတ်၊ ထင်ရာမြင်ရာပစ်နေမှုများက မည်သူ့ကိုပစ်နေသည်လဲ၊ မည်သူများကို ပိုထိခိုက်သလဲဆိုသည်ကို မြင်စေချင်ခြင်းသာဖြစ်ကြောင်း၊ မြန်မာ့အကျိုးကို မလိုလားသည့်  နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများက မြှောက်ပင့် ပေးနေသည်များရှိကြောင်း၊ အလှူငွေပေးနေသည်များလည်း ရှိကြောင်း၊ မိမိယခင် အပတ်ကပြောခဲ့သလို ခင်ဗျားတို့ပေးတဲ့ အလှူငွေတွေ၊ ထောက်ပံ့အားပေးမှုတွေ ဟာ မြန်မာပြည်သူ အချင်းချင်းသတ်ဖို့၊ မြန်မာပြည်သူ အချင်းချင်း ရမ်းသန်းပစ်ခတ်ဖို့၊ သေချင်တဲ့သူသေဖို့ ဆိုသကဲ့သို့ဖြစ်နေကြောင်းကို အသိပေး ပြောကြားလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်နေသည်နှင့်အမျှ အပြစ်မဲ့သူများ   များစွာ သေဆုံးနေဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့် အကြောင်းအရာများအနေဖြင့် (က)  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက်  မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ (ခ) နိုင်ငံရေးပါတီများ  စစ်ဆေးခြင်း အပါအဝင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ပြောကြားသည်။

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို   ဦးစွာတင်ပြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ်(၅)ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည့် တာဝန်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ဖြစ်ပါကြောင်း၊   ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေနှင့်    ယင်းတာဝန်ကို ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာတွင် အရေးကြီးပြီး ပမာဏကြီးမားသည့်လုပ်ငန်းအနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကာလနှစ်ခုလုံးတွင် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်သည့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သောနိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ များစာရင်းကို  ပြုစုရမည်ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများ မပါရှိစေရေးကိုလည်း  စိစစ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရပ်ကွက်   သို့မဟုတ်  ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့သည် အထက်ပါ မဲပေးပိုင်ခွင့်ရှိသူတိုင်းကို ယင်းတို့ကိုင်ဆောင်သော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)တို့ကို တိုက်ဆိုင်စစ်ဆေးပြီး မဲစာရင်းတွင် ထည့်သွင်းပြုစုရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်သည့် နေရာတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိရန် လိုအပ်သကဲ့သို့ မဲပေးခွင့်မရှိသူများ မပါရှိရေးကိုလည်း ဂရုပြုဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲဆန္ဒရှင်စာရင်းများကို စိစစ်သည့်အခါ မဲမသမာမှုဖြစ်စေသည့် မဲစာရင်း ၁၁ ဒသမ ၃ သန်းကျော်၊ မဲဆန္ဒရှင် စုစုပေါင်း၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် ဖောင်းပွမှားယွင်းမှု မရှိစေရေး အလေးထားဆောင်ရွက်နေလျက် ရှိပါကြောင်း၊   ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းပြုစုရာ တွင် အခြေခံရမည့်စာရင်းများ ဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့်လူဦးရေစာရင်း (မသန်စွမ်းသူများ အပါအဝင်)တို့ကို ရယူဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်ကော်မရှင် အဖွဲ့ခွဲများသည် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးအတွက်  ပထမအဆင့်အနေနှင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက   ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ကောက်ယူပြုစုထားသည့် မြေပြင်လူဦးရေစာရင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆^၆)ကို အခြေခံပြုစုထားသည့်စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာတွင်  ယနေ့အထိ ဆောင်ရွက်ပြီး ၂၀၀ မြို့နယ်၊ ဆောင်ရွက်ဆဲ ၁၀၄ မြို့နယ်နှင့်  ဆောင်ရွက်ရန်ကျန် ၂၁ မြို့နယ်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်ကျန်သည့်မြို့နယ်များအနေဖြင့် ကယားပြည်နယ် ၂ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၈ မြို့နယ် နှင့် မကွေးတိုင်းဒေသကြီး ၄ မြို့နယ်တို့ ဖြစ်ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းသို့   တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးနောက်တွင် အခြေခံစာရင်း ၂ ခုအရ   မြေပြင်အခြေအနေနှင့် ကိုက်ညီမှန်ကန်မှုရှိသည့် စာရင်းဇယားများနှင့် ထပ်မံစစ်ဆေးပြီး အတည်ပြု ဆောင်ရွက်ရမည့် စာရင်းဇယားများ ရရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနများသို့ပေးပို့ကာ မြေပြင်တိုက်ဆိုင်စစ်ဆေးမှုများ  ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများထံမှ စိစစ်ပြန်ကြားချက်များ ရရှိပြီးနောက်တွင် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုခြင်း လုပ်ငန်းစဉ်ကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံရေးပါတီများ စစ်ဆေးခြင်း အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က   ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး တင်ပြမည်ဖြစ်ပါကြောင်း၊   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီရှိပြီး ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၇၄ ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခု အတွင်းတွင်သာ စည်းရုံးမည့်ပါတီ ၁၈ ပါတီဖြစ်ပါကြောင်း၊ ၎င်းတို့အနက် တိုင်းရင်းသားပါတီ ၄၈ ပါတီပါရှိပါကြောင်း၊ ယင်းပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊   နည်းဥပဒေများ အပါအဝင် တည်ဆဲဥပဒေများကိုလိုက်နာရန် တာဝန်ရှိပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၄ အရ ပါတီပိုင်ပစ္စည်းများထိန်းသိမ်းခြင်းနှင့် သတ်မှတ်သည့်အတိုင်း စာရင်းဇယားများစနစ်တကျ ပြုစုထားရှိခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည့်ပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာပါတီဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီများ၏ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးများ ဖြစ်ကြပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့တွင် ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန်လိုအပ်လျှင် ကော်မရှင်က စစ်ဆေးနိုင်သည်။ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အားလည်း   စစ်ဆေးစေနိုင်သည်။   ယင်းသို့ စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင် အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းထံမှ အကူအညီရယူနိုင်သည် ဟု ဖော်ပြထားပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့်  နိုင်ငံရေးပါတီများ၏စာရင်းများကို ယခင်ကမ စစ်ဆေးနိုင်ခဲ့သည့်အတွက် ယခုအခါ စစ်ဆေးရန်လိုအပ်သည့်အတွက် ပါတီအားလုံးကို တစ်ပြေးညီစစ်ဆေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ စစ်ဆေးရာတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ခေါင်းဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့က ကိုယ်စားလှယ်များ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးရန်အတွက် ကြိုတင်အသိပေးခြင်းကို နေ့စဉ်ထုတ်သတင်းစာများနှင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  Website မှလည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ E-mail သို့လည်းကောင်း၊ ရုံးစာဖြင့်လည်းကောင်း၊ ပါတီဌာနချုပ်ရုံးစိုက်ရာ ကော်မရှင်အဖွဲ့ခွဲမှ လည်းကောင်း ဆက်သွယ်အကြောင်းကြား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပူးပေါင်းစစ်ဆေးရေး အဖွဲ့များအနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၁ ပါ ပါတီဖွဲ့စည်းပုံနှင့် အင်အားများစစ်ဆေးခြင်း၊ ဥပဒေပုဒ်မ ၁၅ ပါ ပါတီဝင်ကြေး၊ လစဉ်ကြေးများ၊ ပြည်တွင်းအလှူရှင်များက လှူဒါန်းသော ငွေကြေးနှင့် ပစ္စည်းစာရင်းနှင့် ပါတီပိုင်စီးပွားရေး လုပ်ငန်းများ စစ်ဆေးခြင်း၊ ဥပဒေပုဒ်မ ၁၆ ပါ ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ နည်းဥပဒေ ၁၉ နှင့်အညီ ပါတီပိုင်ရန်ပုံငွေများ၊ ပါတီပိုင်ပစ္စည်းများနှင့်ပတ်သက်သည့် စာရင်းဇယား၊ မှတ်တမ်းစာအုပ်များ   စနစ်တကျပြုစုထိန်းသိမ်းထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ နည်းဥပဒေ ၂၁ နှင့်အညီ ပါတီကိုယ်စားပြုပြီး ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ အသုံးစရိတ်စာရင်းများ စနစ်တကျပြုစုထားခြင်း  ရှိ/မရှိစစ်ဆေးခြင်း၊ ဥပဒေပုဒ်မ  ၁၇ နှင့် နည်းဥပဒေ ၂၂ တို့နှင့်အညီ  ပါတီ၏နှစ်စဉ်ငွေစာရင်း ရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် စပ်လျဉ်း၍ နှစ်ချုပ်စာရင်းပြုစုခြင်း၊ ပါတီတွင်းစာရင်းစစ်ကော်မတီထားရှိစစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းနှင့်အညီ   အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးခြင်း အပါအဝင် လိုအပ်သောစာရင်း၊ ဇယားများကို စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ ယင်းသို့စစ်ဆေးရာတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ    ခေါင်းဆောင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များသည် သက်ဆိုင်ရာပါတီဌာနချုပ် အခြေစိုက်သည့် တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် အစိုးရရုံးဌာနများတွင် ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့် နိုင်ငံရေးပါတီများ စစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်၍   ယခုအခါ တစ်နှစ်နီးပါးကာလရှိခဲ့ပြီဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်းတွင် ၅၁ ပါတီကို စစ်ဆေးပြီးစီးခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းတွင် ယခုဇွန်လ ဒုတိယပတ်တွင် စစ်ဆေးပြီးစီးခဲ့သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ၃၄ ပါတီစစ်ဆေးပြီးဖြစ်၍ ယနေ့ထိ စစ်ဆေးပြီးပါတီပေါင်း ၈၅ ပါတီ ဖြစ်ပါကြောင်း၊ ယင်းတို့အနက် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီကို ယင်း၏တင်ပြချက်အရ ဖျက်သိမ်းခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် စစ်ဆေးရန် ကျန်သည့်ပါတီ ၈ ပါတီဖြစ်ကြောင်း ပြောကြားသည်။

နိဂုံးချုပ်အနေနှင့်    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် တာဝန် ထမ်းဆောင်ရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ လုပ်ငန်းစဉ်(၁)ပါ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုနည်းတူ လုပ်ငန်းစဉ်(၅)နှင့်အညီ   လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊  ယင်းသို့ဆောင်ရွက်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်များ ဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများ သုံးသပ်၊ ပြင်ဆင်၊ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊ နည်းပညာအသုံးပြု စစ်ဆေးခြင်းနှင့် စနစ်တကျ သိမ်းဆည်းနိုင်ရေး ဆောင်ရွက်ခြင်း၊ လူသားအရင်းအမြစ် ဖြစ်သည့် ဝန်ထမ်းအင်အား ဖြည့်တင်းခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်း၊ အခြေခံအဆောက်အအုံဖြစ်သည့် ရုံးများဖွဲ့စည်းတည်ဆောက်ခြင်း၊ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများ  ဆောင်ရွက်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ယခုလက်ရှိ ရွေးကောက်ပွဲကော်မရှင်အနေဖြင့်    ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရာတွင် လူထုမယုံကြည်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ မယုံကြည်မှု သို့မဟုတ်  နိုင်ငံရေးအသိုင်းအဝိုင်း၏မယုံကြည်မှုတို့ကို ရင်ဆိုင်ရနိုင်ခြေရှိသည် ဆိုသည့်အခြေအနေကို သိမည်ဟုထင်မြင်မိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် မဲစာရင်းစစ်ဆေးမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကိုပင် နိုင်ငံတကာ အသိုင်းအဝိုင်းအချို့၊ နိုင်ငံရေးအသိုင်းအဝိုင်း အချို့နှင့် လူမှုရေးအသိုင်းအဝိုင်း တို့တွင် လျစ်လျူရှုထားသည်ကိုတွေ့ရကြောင်း၊ တပ်မတော်က ဖွဲ့စည်းပေးထားသည့်   ရွေးကောက် ပွဲကော်မရှင်က   ပြန်လည်ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ် မည်မျှယုံကြည်မှုရှိသည်၊  မည်သည့် အတိုင်းအတာအထိ ယုံကြည်စိတ်ချ၍ရနိုင်သည်၊ ယုံကြည်မှုမရှိနိုင်ဘူး စသည့်မေးခွန်းများကို မည်ကဲ့သို့ပြန်လည်ဖြေကြားလိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းကို   ပြန်လည်ဖြေကြားရမည်ဆိုပါက      မိမိတို့၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သော်လည်းကောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၁) အရသော်လည်းကောင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းရာတွင်လည်း မိမိတို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည့် တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ရန်အတွက် မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဖွဲ့စည်းရာတွင်လည်း ကော်မရှင် အဖွဲ့ဝင်များအဖြစ် ရွေးချယ်ရာတွင် ပါတီနိုင်ငံရေးကင်းရှင်းသူများနှင့် အတွေ့အကြုံ ရင့်ကျက်သူများကိုသာ ရွေးချယ်၍  ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်  လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထေွရွေးကောက်ပွဲဖြစ်စေရန် ဦးတည်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အစောပိုင်းက သတင်းထောက်ကြီးမေးမြန်းခဲ့သည့် မေးခွန်းတွင်ပါဝင်သည့် နိုင်ငံတကာနှင့် ပြည်တွင်းမှ ဝေဖန်သူများကတော့ ရှိနေမည်ဖြစ်ကြောင်း၊ ထိုဝေဖန်ချက်များမှာ ၎င်းတို့၏ သဘောထားများသာ ဖြစ်ကြောင်း၊ သို့သော်မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲဆောင်ရွက်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်များ ဖြစ်သည့် မဲစာရင်းများပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း အပါအဝင်မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်ထုတ်ပြန်ခြင်း စသည့်လုပ်ငန်းစဉ်များ ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ၏ လုပ်ငန်း စဉ်အဆင့်ဆင့်တွင်    နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာ နိုင်ငံသားပြည်သူလူထုများ၏ မျက်စိရှေ့မှောက်တွင်  ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင်  ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များဖြစ်သည့် မဲစာရင်းဖောင်းပွခြင်းများ မရှိစေရေး၊ မဲလက်မှတ်များ မှားယွင်းခြင်း၊ ဖောင်းပွခြင်းများမရှိစေရေး စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ကြိုတင်မဲများသည် အလွန်များပြားခဲ့ပြီး ပြဿနာ ၆ သန်းခန့်ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ကြိုတင်မဲပေးခွင့်နှင့်ပတ်သက်၍ မဲဆန္ဒနယ်ပြင်ပရောက် ရက် ၉၀၊   ရက် ၁၈၀ ခရီးသွားရောက်ကြသည့် မဲဆန္ဒရှင်များ၏မဲပေးခွင့်ကို မိမိတို့အနေဖြင့် ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ နောက်ပိုင်းတွင်  ရက် ၉၀ ဟု ပြောင်းလဲသတ်မှတ်လိုက်ကြောင်း၊ မဲပေးရာတွင်ဖြစ်ပေါ်လာနိုင်သည့်  Risk များကိုလျှော့ချ၍ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေရန် သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်လျက် ရှိသည်ဟု အာမခံပြောလိုကြောင်း   ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ၂၀၂၀ ပြည့်နှစ် မဲမသမာမှု ရလဒ်များကို တောက်လျှောက် ထုတ်ပြန်ပေးနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ လက်ရှိနိုင်ငံရေးပါတီများ၏ အသိအမှတ်ပြုမှုနှင့် လက်ခံပေးမှုအနေဖြင့် မည်သည့်အတိုင်းအတာအထိ ရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးမြန်းသည့် မဲစာရင်းမှားယွင်းမှုကိစ္စများကို မိမိတို့အနေဖြင့် လက်တွေ့မြေပြင်တွင်လည်း ချပြပြီးဖြစ်ကြောင်း၊ သို့သော် မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်နေသူများက တစ်ပိုင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်  Document များ အပြည့်အဝဖြင့် ချပြပြီးဖြစ်ကြောင်း၊ ထိုကိစ္စများကို လက်ခံသည့် သူများလည်း မြောက်မြားစွာရှိကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက UEC ၏ စစ်ဆေးခြင်းကို မခံယူသည့် ပါတီများရှိကြောင်း၊  အဆိုပါ  ပါတီများအနက် အစစ်ဆေးခံရန်အတွက်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်လာ သည့်ပါတီမည်မျှရှိသည်ကို  သိလိုကြောင်း၊ အစစ်ဆေးမခံသည့် ပါတီများကို လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု/မပြုကို သိလိုကြောင်း   မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးမြန်းသည့်မေးခွန်းနှင့် ပတ်သက်သည့် ကိစ္စဖြစ်သည့် နိုင်ငံရေးပါတီများ စစ်ဆေးခြင်းနှင့် ပတ်သက်သည့် အခြေအနေကိုလည်း အစောပိုင်းက  မိမိတင်ပြပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ ၉၂ ပါတီအနက် စစ်ဆေးရန်အတွက် ပါတီ ၈ ပါတီ ကျန်ရှိနေသေးကြောင်း၊ မိမိသိရသလောက်ပြောရလျှင် အချို့ပါတီများမှာ အစစ်ဆေးခံရန်အတွက် အဆင်သင့်မဖြစ် သေးသောကြောင့် ဖြစ်ကြောင်း၊ တချို့မှာ နယ်မြေလုံခြုံရေး အခြေအနေအရဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေကြသူများလည်း ရှိကြောင်း၊ ထို့ကြောင့် စစ်ဆေးရန်   ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ ထိုပါတီများကို    စစ်ဆေးနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ပါတီများ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ/မရဆိုသည့် အခြေအနေမှာ ရွေးကောက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိစ္စနှင့် ပါတီစစ်ဆေးသည့် ကိစ္စမှာ တိုက်ရိုက်ဆက်စပ်မှု မရှိကြောင်း၊ သို့သော် ထိုပါတီများအနေဖြင့် ရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် ဖြစ်ပေါ်နေသည့် ပါတီ၏ အခြေအနေအပေါ်တွင်  မူတည်ကြောင်း၊ ပါတီတစ်ခုအနေဖြင့် ရွေးကောက်ပွဲ ကျင်းပသည့် အချိန်တွင် ပါတီဖျက်သိမ်းခြင်းခံထားရပါက  ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ကြောင်း၊ ယာယီရပ်ဆိုင်းခြင်း ခံထားရပါကလည်း ဝင်ရောက်ယှဉ်ပြိုင်၍ မရကြောင်း၊ သတ်မှတ်ထားသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါကလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရှိ/မရှိ ဆိုသည်မှာ အထက်ပါ အခြေအနေများအပေါ်တွင်မူတည်ကြောင်း ပြန်လည်ဖြေကြားသည်။

People Media Agency မှ သတင်းထောက်ချုပ်  ဦးကျော်စိုးဦးက   NUG၊ CRPH၊  PDF နှင့်ပတ်သက်မှုမရှိဟု လက်မှတ်ရေး ထိုးထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  ပြည်ထောင်စု အဆင့်လွှတ်တော် ကိုယ်စားလှယ်အရေအတွက် မည်မျှရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းကို    ယခင်သတင်းစာရှင်းလင်းပွဲများတွင်လည်း မေးမြန်းခဲ့ဖူးကြောင်း၊ မိမိလည်း ပြန်လည်ဖြေကြား ခဲ့ဖူးကြောင်း၊ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးသည့် ကိစ္စမှာ မိမိတို့ UEC က ဆောင်ရွက်သည့် ကိစ္စမဟုတ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများနှင့်   ဆောင်ရွက်သည့် ကိစ္စဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်သည့် စာရင်းဇယားများ UEC တွင် မရှိကြောင်း ပြန်လည်ဖြေကြားသည်။

Golden Hand ဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေက   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်နှင့်တကွ ယခုခန်းမအတွင်း ရှိနေသည့် ပုဂ္ဂိုလ်များအားလုံး ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေဟုပြောလိုကြောင်း၊ လာမည့်ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပသွားမည်ဟု သိရကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် PR စနစ်နှင့်ပတ်သက်၍ Open List နှင့် Closed List ဟူ၍ အမျိုးမျိုးဖြစ်နေကြကြောင်း၊ ဥပမာအားဖြင့် Closed List ဆိုပါက    ရွေးကောက်ပွဲနယ်မြေတွင် ရွေးကောက်တင်မြှောက်ခံမည့် ပုဂ္ဂိုလ်မှာ မည်သူဖြစ်သည်ဟု မသိရကြောင်း၊ ထို့ကြောင့် ပါတီကိုပဲကြည့်ပါ၊ လူကိုမကြည့်ပါနဲ့ ဟု တစ်ချိန်က NLD ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်စုကြည်ပြောသကဲ့သို့ ဖြစ်နေမည်လား၊ အချို့နေရာများတွင် Closed List ဟုဆိုသော်လည်း  မိမိနယ်မြေတွင် ဝင်ရောက်ရွေးကောက်ခံမည့်ပုဂ္ဂိုလ်မှာ ဦးဖြူဖြစ်သည်၊ ဦးနီဖြစ်သည် ဆိုသည်ကို မဲရုံများတွင် ဓာတ်ပုံများကပ်ထားပေးသည့် တိုင်းပြည်များလည်း ရှိကြောင်း၊  ထို့ကြောင့်  မိမိတို့နိုင်ငံက လုပ်ဆောင်မည့်  PR စနစ်မှာ ပါတီကိုပဲ ကြည့်ပါ၊ လူကိုမကြည့်ပါနဲ့ ဟုဆိုသော ကြောင့် ၄ တန်းအောင်လည်း ရပါတယ် ဆိုသည့် ပုံစံမျိုးဖြစ်မည်လား၊  မိမိတို့ပြည်သူ လူထုက မိမိရွေးချယ်လိုက်သည့် ပုဂ္ဂိုလ်သည် မိမိနယ်မြေက   အမတ်ဖြစ်သည်ကို သိနိုင်သည့် PR စနစ်ဖြစ်မည်လား ဆိုသည်ကို မဲဆန္ဒရှင်ပြည်သူများ သိရှိနားလည်စေရန် တိုတိုနှင့်လိုရင်း ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းမှာ မေးခွန်းကောင်းတစ်ခုဖြစ်ကြောင်း၊ PR စနစ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် သတင်းစာ ရှင်းလင်းပွဲများတွင်လည်း   မိမိအနေဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း၊   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၄ ကြိမ် တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံခဲ့စဉ် နိုင်ငံ၏ အနေအထားများအရ  Closed List PR စနစ်ကို အသုံးပြုမည်ဟု အတည်ပြုထားကြောင်း၊ ထိုအတိုင်းဆောင်ရွက်ရန်အတွက် ဥပဒေ၊ နည်းဥပဒေ များကိုလည်း ပြင်ဆင်ထားကြောင်း၊ ပြဋ္ဌာန်းပြီးစီးပါက အတည် ဖြစ်သွားမည်ဖြစ်ကြောင်း၊ Closed List PR စနစ်၏ သဘောတရားအရ မဲဆန္ဒရှင်များသည် မဲပေးရာတွင် ပါတီကိုသာ မဲပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲလက်မှတ်တွင် ပါတီအမည်နှင့် ပါတီ  logo သာပါမည်ဖြစ်ကြောင်း၊ ထိုဆန္ဒမဲလက်မှတ်ဖြင့်သာ ဆန္ဒပြုရမည် ဖြစ်ကြောင်း၊ တစ်သီးပုဂ္ဂလဆိုပါက တစ်သီးပုဂ္ဂလကိုယ်စားလှယ်၏ အမည်ပါမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထက်ပါ ကိစ္စနှင့်ပတ်သက်၍ ပါတီများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဦးစားပေး အစီအစဉ်အတိုင်း   မိမိတို့ထံတင်ပြရကြောင်း၊ ပါတီများက ဦးစားပေး အစီအစဉ်အတိုင်း ပေးပို့လာသည့်  လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းကို ရရှိပါက   ရွေးကောက်ပွဲတွင် ပါတီ၏အမည်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်၏ အမည်ကို မဲပေးရကြောင်း၊ ထိုသို့ မဲပေးရာတွင် ရရှိလာသည့် မဲရလဒ်အပေါ် မူတည်ပြီး  Largest Reminder Formula ကို အသုံးပြု၍ ကိုယ်စားလှယ်လောင်း အမည်စာရင်းအား သက်ဆိုင်ရာပါတီ၏ ဦးစားပေး အစီအစဉ်အတိုင်း ထုတ်ပြန်ကြေညာပေးရကြောင်း၊ ထိုသို့မဲပေးရာတွင် ပါတီကိုသာ မဲပေးရခြင်း ဖြစ်သည့်အတွက် သတင်းထောက်ကြီး မေးမြန်းသကဲ့သို့ ကိုယ်စားလှယ်လောင်းများအား မဲဆန္ဒရှင်များက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများတွင် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ဆိုသည့်အခန်းကဏ္ဍကို ထပ်မံထည့်သွင်းထားကြောင်း၊ ယခင်ဥပဒေတွင် မပါဝင်ကြောင်း၊ အသစ်ထပ်မံ ပြဋ္ဌာန်းခဲ့သည့် ဥပဒေအရ အချိန်ကာလကိုလည်း လုံလောက်စွာသတ်မှတ်ပေးထားကြောင်း၊ ပြဋ္ဌာန်းထားသည့် ကာလအတွင်း ကိုယ်စားလှယ်လောင်းများနှင့် သက်ဆိုင်ရာပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခြင်းများကို ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့ရွေးကောက်ပွဲ ကော်မရှင်ထံ ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း  တင်သွင်းရာတွင်လည်း ကိုယ်စားလှယ်လောင်း၏အမည်၊ ၎င်း၏ ပါတီအမည်၊ ၎င်းပါတီ၏ logo နှင့် ပုံစံ ၁၀ စာရင်းထွက်ကြောင်း၊ ထိုကိစ္စကို ယခင်ကလည်း ကြေညာပြီး ဖြစ်ကြောင်း၊ အဆိုပါ ပုံစံ  ၁၀ စာရင်းကိုလည်း  သက်ဆိုင်ရာကော်မရှင်များက သတ်မှတ်သည့်နေရာတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ ထို့အတူ  မဲဆွယ်စည်းရုံးရေး ကာလတွင် သက်ဆိုင်ရာပါတီများနှင့်  ကိုယ်စားလှယ်လောင်းများသည် မိမိတို့၏အမည်နှင့် အချက်အလက်များကို Vinyl များ၊ Poster များဖြင့်  ကပ်ထားကြေညာ၍ စည်းရုံးဆောင်ရွက်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ သတင်းထောက်ကြီး   မေးမြန်းခဲ့သည့် မေးခွန်း၏   နောက်ဆုံးအချက်ဖြစ်သည့် မဲရုံများတွင် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံများ ကပ်ထားမည့် ကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရမည် ဆိုပါက ရွေးကောက်ပွဲနေ့တွင် မဲရုံများသည် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရမည့် နေရာမဟုတ်ကြောင်း၊   ထို့ပြင် မဲဆွယ်စည်းရုံးရာ ရောက်သည့်   အခြေအနေများရှိနိုင်သည့်အတွက်    သတင်းထောက်ကြီး မေးမြန်းခဲ့သည့် ကိစ္စကို ခွင့်ပြုပေးနိုင်မည် မဟုတ်ကြောင်း    ပြန်လည်ဖြေကြားသည်။

နေပြည်တော်အွန်လိုင်း သတင်းဌာနမှ အယ်ဒီတာချုပ် ဦးမင်းမောင်က  NUG အစိုးရဟု ခေါ်သည့်အဖွဲ့မှ ဒူဝါးလရှီးဝါးက ယခုလာမည့် ရွေးကောက်ပွဲကို မဲပေးနိုင်ခြင်း မရှိစေရေးနှင့်  မအောင်မြင်စေရေးတို့အတွက် ၎င်းင်းတို့အနေဖြင့်  လမ်းကြောင်း ၂ ကြောင်းဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ကြေညာထားသည်ကို   တွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပေးလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးမြန်းခဲ့သည့်ကိစ္စမှာ မိမိတို့ကျင်းပမည့်ရွေးကောက်ပွဲ အောင်မြင်စွာ မကျင်းပနိုင်စေရန်အတွက် နိုင်ငံရေးနည်း၊ စစ်ရေးနည်းများဖြင့် ဆောင်ရွက်သွားမည်ဆိုသည့် ထုတ်ပြန်ကြေညာချက်ကိစ္စဖြစ်ကြောင်း၊ ထိုကြေညာချက်ကို မိမိတို့လည်း  ကြားသိရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင်ပါဝင်သည့် အရေးပေါ် ကာလဆိုင်ရာ   ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသည့်  ရွေးကောက်ပွဲကို ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ကျင်းပ နိုင်ရန်အတွက်လည်း    ဆောင်ရွက်လျက်ရှိကြောင်း၊  လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်ပြည်သူများသည် ၎င်းတို့၏ ဆန္ဒမဲများကို နှောင်ကြိုးများ၊ ဖိအားပေးမှုများ၊ ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများ မပါဝင်ဘဲ  လွတ်လပ်စွာဖြင့် ၎င်းင်း၏ဆန္ဒအတိုင်း မဲပေးနိုင်ခွင့်ရရှိရန် လိုအပ်ကြောင်း၊ ထိုသို့ရရှိနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေ စိုးမိုးရန် လိုကြောင်း၊ အဆိုပါ အခြေအနေမျိုး ရရှိနိုင်ရန်အတွက် မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် လည်း   ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်သူအားလုံးနှင့်  ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ သတင်းထောက် ထက်ထက်အောင်က နိုင်ငံတကာ  အဖွဲ့အစည်းများက UEC နှင့်  လာရောက် တွေ့ဆုံခဲ့ပြီး UEC ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ကျေနပ်လက်ခံခဲ့သည်ဟု သိရကြောင်း၊ ထိုကိစ္စကို နိုင်ငံတကာသို့ ပြန်လည် မျှဝေသွားမည်ဟု ပြောကြားခဲ့သည့် အဖွဲ့များရှိသည်ဟုလည်း သိရကြောင်း၊ ထိုကဲ့သို့သော အဖွဲ့အစည်း မည်မျှရှိသည်ကို သိလိုကြောင်း၊  မည်သည့်နိုင်ငံများမှ မည်ကဲ့သို့ သော အဖွဲ့အစည်းများ ဖြစ်သည်ကို သိလိုကြောင်း၊ လက်ရှိတွင် UEC အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းမည်မျှနှင့် တွေ့ဆုံပြီးဖြစ်သည်ကို သိလိုကြောင်းနှင့် အဖွဲ့မည်မျှနှင့်ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စတင်ဖွဲ့စည်းသည့် ကာလမှ  ယနေ့အချိန်အထိ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ အပါအဝင် ယခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့်   ဘရူနိုင်းနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီး၊ ရုရှားနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့တို့နှင့် သာမက  အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာကာ ဒီဂျက်ဆန်နှင့်လည်း ပြီးခဲ့သည့်ရက်ပိုင်းက  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊   ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက်   အမြင်ချင်းဖလှယ်နိုင်ခဲ့ ကြောင်း၊ မိမိတို့ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေမှုများကိုလည်း  ရှင်းပြနိုင်ခဲ့ကြောင်း၊ အပြန်အလှန်ကူညီနိုင်မည့်နည်းလမ်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စများ များကိုလည်း  ဆွေးနွေးနိုင်ခဲ့ကြောင်း၊   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သာမက နိုင်ငံတကာနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့်  အဓိကပြောလိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်လက်ခံနိုင်မည့် ရွေးကောက်ပွဲဖြစ်စေရန် ပိုမိုအလေးထား  ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

One News Channel (Sky net ) သတင်းဌာနမှ ထုတ်လုပ်သူ ဦးသွင်ထူးအောင်က ယခုကျင်းပမည့် ရွေးကောက်ပွဲ စနစ်ကို  PR စနစ်ဖြင့် လုပ်ဆောင်မည်ဟု သိရသောကြောင့် ထိုစနစ်ဖြင့် ဆောင်ရွက် နိုင်ရန်အတွက် အစီအစဉ်များရေးဆွဲပြီးဖြစ်^မဖြစ်သိလိုကြောင်း၊  အဆိုပါရွေးကောက်ပွဲ စနစ်ကို ပြည်သူများ ထံချပြရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့် ရွေးကောက်ပွဲနှင့် အဓိက သက်ဆိုင်သည့် အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးပါတီများနှင့် ၄ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ အတွေ့အကြုံများနှင့် ပတ်သက်၍လည်း  ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးမှ သာလျှင် Closed List PR စနစ်ကို ကျင့်သုံးရန်အတွက်  အများစုက  သဘောတူခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဥပဒေထုတ်ပြန်ပြီးပါက အားလုံးသိရမည်ဖြစ်ကြောင်း၊   ထိုသို့ဆောင်ရွက်ရာတွင် PR စနစ်နှင့်ပတ်သက်သည့် Civic Education၊ Voter Education စသည့် ပည်သူလူထု    အသိပညာပေးခြင်းနှင့်  မဲဆန္ဒရှင်အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း အဆင်သင့် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊  ဥပဒေပြဋ္ဌာန်းပြီးပါက တောက်လျှောက် Follow Up ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတင်းထောက်ကြီးမေးမြန်းသည့် ရွေးကောက်ပွဲကျင်းပခြင်းကိစ္စသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကော်မရှင်ဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ PR စနစ်ကို အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူထုဆန္ဒခံယူပွဲကျင်းပရန်   အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားသည်။

Cohesion News Agency မှ သတင်းထောက် ဦးရဲလင်းထွန်းက ယခုလာမည့် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟု သိရကြောင်း၊  ထိုသို့ကျင်းပရာတွင် ယခင်ရွေးကောက်ပွဲကာလများကဲ့သို့ ပညာအရည်အချင်း ကန့်သတ်ထားခြင်း ရှိ/မရှိ သိလိုကြောင်းနှင့် ဥစ္စာဓန Background သတ်မှတ်ထားခြင်း ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  လွှတ်တော်ကိုယ်စားလှယ်များသည်  အချုပ်အခြာအာဏာ သုံးရပ်တွင် ပါရှိသည့်  ဥပဒေပြုရေး မဏ္ဍိုင်အတွက် အဓိက တာဝန်ထမ်းဆောင်ကြရသူများ ဖြစ်ကြောင်း၊  အလားတူ ရွေးကောက်တင်မြှောက်ခြင်းခံရပါက အုပ်ချုပ်ရေး မဏ္ဍိုင်အတွက်ပါ တာဝန် ထမ်းဆောင်ကြ ရသူများ ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည်   အရေးပါသူများ ဖြစ်ကြကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်မြင့်မားရန် လိုအပ်ကြောင်း၊ မိမိတို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြီးခဲ့သည့်  လွှတ်တော် သက်တမ်းနှင့် နိုင်ငံရေးပါတီများကို သွားရောက် စစ်ဆေး ပြီးစီးခဲ့သည့် အခြေအနေများကို သုံးသပ်၍    ကိုယ်စားလှယ်လောင်း၏ ပညာအရည်အချင်းကို သတ်မှတ်သင့်သည့် အတိုင်းအတာတစ်ခု  သတ်မှတ်နိုင်ရန်အတွက် ဥပဒေတွင်လျာထား၍ ဆောင်ရွက်လျက် ရှိကြောင်း၊  အတည်ပြုပြဋ္ဌာန်းပြီးပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊   အလားတူလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု၊ ပစ္စည်း၊ ဥစ္စာ၊ စီးပွားရေးတို့နှင့် ပတ်သက်၍ ကန့်သတ်ရန်မရှိကြောင်း၊ သို့သော် ပါတီများကိုစစ်ဆေးသည့်အနေ အထားအရ သက်ဆိုင်ရာပါတီ များအနေဖြင့် ပါတီတစ်ခုချင်းအလိုက်  ရှိသင့်သည့် ပိုင်ဆိုင်မှုအဖြစ်  ပါတီ၏ဘဏ္ဍာငွေရှိရန် လိုအပ်သည့်အတွက်   ထိုကိစ္စကိုလည်း လျာထား   ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ယခုမိမိမေးလိုသည့်မေးခွန်းကို  ယခင်သတင်းစာ ရှင်းလင်းပွဲ နှစ်ကြိမ်တိုင်တိုင်   ဆက်တိုက်မေးခဲ့ကြောင်း၊ မိမိအနေဖြင့် တိုင်းရင်းသားပါတီအချို့နှင့် လည်း လိုက်လံတွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့၏သဘောထားကိုလည်း နားထောင်ခဲ့ကြောင်း၊ PR စနစ်ကို တိုင်းရင်းသားပါတီ အတော်များများနှင့်  တိုင်းရင်းသားပြည်သူလူထုအတော်များများက နှစ်သက်ကြသည်ကို တွေ့ခဲ့ရကြောင်း၊    တိုင်းရင်းသားများက မည်သည့် PR စနစ်ကို  အသုံးပြုမည်ကို သိလိုကြကြောင်း၊ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် PR စနစ်ကို အသုံးပြုမည်ဟု မိမိတို့သိထားကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် PR စနစ်ဟုဆိုရာတွင်  မည်သည့် PR စနစ်ကို   အသုံးပြုမည်ဆိုသည်ကို သိလိုကြောင်း၊  အမျိုးသားလွှတ်တော်ကို အသုံးပြုမည်၊    ပြည်သူ့လွှတ်တော်ကို အသုံးပြုမည်ဆိုသည်ကိုသိလိုကြောင်း၊ တိုင်းဒေသကြီးနှင့််ပြည်နယ်လွှတ်တော်ကို အသုံးပြုမည်ဆိုပါက  ဖွဲ့စည်းပုံအခြေခံဥပဒေကို   ပြင်ဆင်ရမည့် အခြေအနေဖြစ်သည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်များကို  မည်သည့်အချိန်ခန့်တွင် ဖွဲ့စည်းမည်ကို သိလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၂၀၂၂ ခုနှစ်၊  ဇွန်လ ၁၆ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် Door To Door  စနစ်ဖြင့် မဲစာရင်းပြုစုခြင်းများနှင့် လူဦးရေ စာရင်းကောက်ယူခြင်းကို   စတင်ဆောင်ရွက်မည်ဟု သိရကြောင်း၊ ထို့ကြောင့်    ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိရန်  လိုအပ်သည်ဟု မိမိအနေဖြင့်ထင်မြင်မိကြောင်း၊ ၎င်းတို့ အနေဖြင့်လည်း  အနည်းငယ်ပိုမို သိရှိထားခြင်းဖြင့် အခက်အခဲအချို့ပြေလည်နိုင်မည်ဟု တွေးမိသောကြောင့် ယခုကဲ့သို့  မေးမြန်းခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများကို PR စနစ်နှင့်ပတ်သက်၍   မည်သည့် အချိန်ခန့်တွင်  ချပြသွားမည်ကို သိလိုကြောင်း၊ တိုင်းရင်းသား ပါတီများ အနေဖြင့်လည်း ၎င်းတို့၏ ပါတီဝင်များကို PR စနစ်နှင့် ပတ်သက်၍  ချပြရန်လိုအပ်သည်ဟု ဆိုသည့် ၎င်းတို့၏ မေးမြန်းချက်များအရ ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယင်းကိစ္စများကို ယခင်သတင်းစာ ရှင်းလင်းပွဲ များတွင်လည်း သတင်းထောက်ကြီး မေးမြန်းခဲ့ကြောင်း၊ မိမိအနေဖြင့်လည်း ထပ်မံရှင်းပြမည်ဖြစ်ကြောင်း၊ PR စနစ်သည်  မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာသတ်မှတ်ကြောင်း၊ ကိုယ်စားလှယ်ဦးရေကိုပါ   သတ်မှတ်ပြီး မဲပေး ကြကြောင်း၊  မဲပေးသည့်အခါမှ ပါတီများနှင့် တစ်သီးပုဂ္ဂလများက   ယှဉ်ပြိုင်ကြကြောင်း၊ ၎င်းတို့ရရှိသည့်  ခိုင်လုံမဲအပေါ် မူတည်ပြီးမှသာ   လွှတ်တော်နေရာကို အချိုးကျရရှိသည့်    စနစ်ဖြစ်ကြောင်း၊ ထောက်ခံ ဆန္ဒမဲအပေါ် မူတည်ပြီး အချိုးကျ ရရှိသည့် စနစ်ဖြစ်ကြောင်း၊ PR စနစ်နှင့် ပတ်သက်၍ ပါတီများနှင့် ၄ ကြိမ်တွေ့ပြီး စာတမ်းများဖတ်ပြီးမှ အသေးစိတ် ဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံ၏ပညာရေး အနေအထား၊ ရွေးကောက်ပွဲ အတွေ့အကြုံများအရ Closed List PR ကို ကျင့်သုံးမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း   ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဥပဒေထွက်လာသည်နှင့်  အားလုံးရှင်းသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်အတွက် မြို့နယ်ကိုအခြေခံ၍ သော်လည်းကောင်း၊ လူဦးရေကို အခြေခံ၍သော်လည်းကောင်း ၃၃၀ ဦးထက်မပိုသည့်   ပြည်သူ့လွှတ်တော်ကိုယ်

စားလှယ်များကို ရွေးကောက်တင်မြှောက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခု ချင်းစီကို ၁၂ ဦးနှုန်းနှင့် ၁၆၈ ဦး ရွေးကောက်တင်မြှောက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ပေးရမည်ဖြစ်ကြောင်း၊ ယင်းကို တင်ပြသည့်အခါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဆိုလျှင် သတ်မှတ်သည့် ၃၃၀ ဦး၊ ၁၆၈ ဦး ရွေးကောက်တင်မြှောက်မည်ဖြစ်ပြီး   အရေအတွက် မပြောင်းလဲကြောင်း၊ သို့သော် မဲဆန္ဒနယ်ကို ယခင်က တစ်နယ်လျှင်တစ်ယောက်ရွေးပြီး  ယခုအခါ မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာ သတ်မှတ်လိုက်ကြောင်း၊ ထိုသို့သတ်မှတ်ပြီးမှ သတ်မှတ်သည့်မဲဆန္ဒနယ်ရှိ ကိုယ်စားလှယ် ဦးရေအတိုင်း သက်ဆိုင်ရာပါတီများမှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရရှိသည့်မဲဆန္ဒနယ်  အချိုးကျအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းမှာပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဖြစ်ပြီး မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာ သတ်မှတ်ခြင်းမှာ အဆင်ပြေကြောင်း၊ မဲဆန္ဒနယ်ကို သတ်မှတ်ခြင်းကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သော်လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏တာဝန် နှင့်လုပ်ပိုင်ခွင့်ဖြစ်ကြောင်း၊ ထိုအတိုင်းဆောင်ရွက်လိုက်လျှင် ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရောဆောင်ရွက်၍ရပါကြောင်း၊ အလားတူတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်သည် တစ်မြို့နယ်လျှင် ၂ ယောက်ရွေးရပါကြောင်း၊ PR စနစ်ဆိုသည်မှာ တစ်ယောက်ထက်ပိုလျှင် PR စနစ်ကျင့်သုံး၍ ရပါကြောင်း၊ တစ်ယောက်တည်းသာ FPTP ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်မြို့နယ်ကို မဲဆန္ဒနယ်တစ်နယ်လုပ်လိုက်ပြီး PR စနစ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားလှယ် ၂ ယောက်ကို ရွေးချယ်ခြင်းအားဖြင့် PR စနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင်   ဆောင်ရွက်၍ရကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်လွှတ်တော်အားလုံးကို PR စနစ်ဖြင့်  ရွေးကောက်ပွဲ ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော်တွင် ပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းနှင့်ဒေသ ၆ ခုတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ရကြောင်း၊ ထိုကဲ့သို့ ကိုယ်စားလှယ်တစ်ဦးစီသာ ရွေးကောက် တင်မြှောက်ရသည့် မဲဆန္ဒနယ်များအတွက်မူ FPTP  စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့်  ပြည်နယ်လွှတ်တော်တွင်  သက်ဆိုင်ရာဥပဒေနှင့်အညီ ရရှိသည့် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်များ၏ နေရာများရှိကြောင်း၊  အဆိုပါ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် များအတွက် နေရာမှာလည်း တစ်ယောက်သာ ရွေးချယ်ရသောကြောင့် FPTP စနစ်ကို ကျင့်သုံး ဆောင်ရွက်သွားမည်ဟု ပြောလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မဲဆန္ဒနယ်သတ်မှတ်ခြင်း ဆိုသည့် ကိစ္စပေါ်ပေါက်လာကြောင်း၊ မဲဆန္ဒနယ်သတ်မှတ်ရာတွင်   တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မှာ တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်သာဖြစ်သောကြောင့် ရှင်းပါကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် သတ်မှတ်ရာတွင် ထိုတိုင်းဒေသကြီးနှင့်ပြည်နယ်၏ အကျယ်အဝန်း၊ ပထဝီ အနေအထား၊ နေထိုင်သည့် လူဦးရေ၊ တိုင်းရင်းသားလူမျိုးစုများ စုဖွဲ့နေထိုင်မှု အနေအထားစသည့် အခြေအနေများကိုမူတည်၍ မျှတမှုရှိစေရန်  သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဖွဲ့စည်းထားသည့် မြို့နယ်များ၊  ခရိုင်များအပေါ်မူတည်၍ စနစ်တကျအချိုးညီ သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏ စာရင်းများအရ ၎င်းတို့ရရှိမည့်  ခိုင်လုံမဲအပေါ် မူတည်၍ အချိုးကျရရှိမည် ဖြစ်ကြောင်း၊ PR စနစ်ကို ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသား လူနည်းစုအနေဖြင့် မိမိတို့ ဒေသအလိုက် ရွေးကောက်တင်မြှောက်ခံရသည့် အခွင့်အရေးများ ပိုမိုရရှိနိုင်မည် ဖြစ်ပြီး မိမိလူမျိုးစုနှင့် မိမိဒေသ အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည့် အခွင့်အရေး၊ အကျိုးကျေးဇူးရလဒ်များ ရရှိလိမ့်မည်ဟု ဖြေကြားလိုကြောင်း၊ အစောပိုင်းက သတင်းထောက်ကြီး  မေးမြန်းခဲ့သည့် ကော်မရှင်များနှင့် အဖွဲ့ခွဲများ ကိစ္စကို ပြန်လည်ဖြေကြားရမည် ဆိုပါက ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် မိမိတို့အဖွဲ့ရုံးများ ရှိကြောင်း၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့််တို့တွင်  ကော်မရှင်ရုံးများ အသီးသီးရှိကြောင်း၊ အဆိုပါရုံးများမှာ ယခုလက်ရှိ မဲစာရင်းများနှင့် ပတ်သက်၍ အခြေခံအကျဆုံး ပထမအဆင့်ကို   ဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ မဲစာရင်းများကို  သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍  စနစ်တကျဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ အလားတူထပ်မံ ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း ဆက်လက် ဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း၊ အများယုံကြည်သည့် ပုဂ္ဂိုလ်များဖြင့် ကော်မရှင်ခန့်သည့် ကိစ္စများကိုလည်း  ယခင်ဖြေကြားခဲ့သကဲ့သို့ အချိန်မီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ပြန်လည်ဖြေကြားခဲ့သည့် အချက်များအထဲတွင် မရှင်းသည့် အချက်တစ်ချက် ရှိကြောင်း၊   ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို မူလအတိုင်း ရွေးချယ်မည်ဟု သိရကြောင်း၊ နောက်ဆက်တွဲ ဖြေကြားချက်တွင် အဆိုပါ ဒေသတွင် နေထိုင်သည့် တိုင်းရင်းသား လူမျိုးစု၏ အရေအတွက်ဟု ပြောထားကြောင်း၊ တိုင်းဒေသကြီးပြည်နယ်လွှတ်တော် တွင်ဆိုပါက တိုင်းရင်းသားလူမျိုးစုလွှတ်တော် ကိုယ်စားလှယ်နေရာများ ပါဝင်သည် ဆိုသည့် ပုံစံမျိုးကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက်ပါ ထည့်သွင်းစဉ်းစားထားသည်ဆိုသည့် သဘောမျိုးကို တွေ့ရကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိဖြေကြားသည့် သဘောတရားကို သတင်းထောက်ကြီး နားမရှင်းသောကြောင့်  ဖြစ်လိမ့်မည်ဟု ထင်မြင်မိကြောင်း၊ ဥပဒေများနှင့် နည်းဥပဒေများ ထုတ်ပြန်ထားသည်ကိုလည်း အနည်းငယ်ပြန်၍ လေ့လာစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်   ပြည်နယ် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်ဟု ဆိုရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုနှင့်သာ သက်ဆိုင်ကြောင်း၊   ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းမှ ၎င်းနှင့်သက်ဆိုင်သည့်  တိုင်းရင်းသားလူမျိုးစု၏ မဲစာရင်းမှသာ  မဲပေးရခြင်းဖြစ်ကြောင်း၊  ထိုအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  

ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်အတူတူဟုဆိုရာတွင် ကိုယ်စားလှယ်အရေအတွက် အတူတူ ဖြစ်သည်ကို ဆိုလိုကြောင်း၊ မဲဆန္ဒနယ် သတ်မှတ်ရာတွင်   ကွဲပြားပါကြောင်း၊ မိမိအနေဖြင့်   သေသေချာချာရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

People Media Agency မှသတင်းထောက်ချုပ် ဦးကျော်စိုးဦးက ဖြိုးဇေယျာသော်အပါအဝင် ကိုဂျင်မီတို့ကို သေဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာက နိုင်ငံတော် အစိုးရဆီသို့ သက်ညှာပေးရန်စာများ ရေးသား ပေးပို့သည်ဟု သိရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့သဘောထားများ ရှိသည်ကို သိလိုပါကြောင်း၊ ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့သစ်စီမံကိန်းကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်တွင် မည်သို့လုပ်ဆောင် ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့နှင့် ပတ်သက်ပြီး မည်သည့်ပြစ်မှုများ ကျူးလွန်ခဲ့သည်ကို မီဒီယာများ မေးမြန်းခဲ့သည်ကို ယခင်ကလည်း စုံစုံလင်လင်  ဖြေကြားခဲ့ပြီး ဖြစ်ကြောင်း၊ အကြောင်းရှိသည့်အတွက် အကျိုးဖြစ်သည်ဟုပြောလိုကြောင်း၊ တချို့ကိစ္စများသည် နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတိုင်းသည်လည်း  ဆောင်ရွက်ရသည့် အခြေအနေမျိုး ရှိကြောင်း၊ ထိုပြစ်ဒဏ်နှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် ပြစ်ဒဏ်မပေးသည့် နိုင်ငံရှိပြီး၊ ပြစ်ဒဏ်ပေးသည့် နိုင်ငံပေါင်း ၇၀၊ ၈၀ နီးပါးခန့်ရှိကြောင်း၊ သို့သော် ထိုပြစ်ဒဏ်မျိုးရှိသော်လည်း  ဆိုင်းငံ့ထားပြီး လတ်တလောတွင် ပြစ်ဒဏ်မပေးသည့် နိုင်ငံများလည်း ရှိကြောင်း၊ ကမ္ဘာတွင် နိုင်ငံပေါင်းမည်မျှရှိသည်ကို စဉ်းစားကြည့်လျှင် ယင်းကဲ့သို့ ပြစ်ဒဏ်မျိုး ချမှတ်နိုင်သည့် နိုင်ငံပေါင်း ရာနှင့်ချီရှိသည်ကို သိနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအရ   လိုအပ်လျှင် လိုအပ်သလို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးတွင်     ၎င်းတို့ကို ရည်ညွှန်းခြင်း ဆိုသည်ထက် မိမိတို့နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ကဏ္ဍ၌ နောင်တွင် အလားတူဖြစ်စဉ်မျိုးများ မလုပ်နိုင်အောင်၊ မလုပ်ရအောင် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ လက်ချက် အားပေးအားမြှောက် မှုကြောင့် အပြစ်မဲ့ပြည်သူလူထု အနည်းဆုံးလူဦးရေ ၅၀ ကျော်သေဆုံးခဲ့ရကြောင်း၊ ယင်းကိစ္စတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မပါဝင်ကြောင်း၊ ထို့ကြောင့် တရားမျှတမှုမရှိဘူးဟု မည်သည့်အတွက်ကြောင့် ပြောပါသနည်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ၏ ပြယုဂ်ဖြစ်သည့် မဏ္ဍိုင်ကြီးများနှင့် ပတ်သက်ပြီး တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထိုသို့လုပ်ဆောင်ရာတွင် လိုအပ်သည့်အချိန် လိုအပ်သလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး အကျယ်တဝင့် ပြောကြားပြီး ဖြစ်သည့်အတွက် ထပ်မံပြောကြားရန်မရှိကြောင်း၊ မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့အနေဖြင့် အဖွဲ့ဖွဲ့စည်းပြီး လေ့လာသုံးသပ်နေဆဲ  အခြေအနေသာ ရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့်နေ့မှ ယနေ့အချိန်ထိ တစ်လျှောက်လုံးတပ်မတော်ကို   နိုင်ငံရေး အသိုင်းအဝိုင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ တချို့သော လူမှုအသိုင်းအဝိုင်းများတွင် လက်ညှိုးဝိုင်းထိုးစရာ နေရာကနေပြီး နှစ်ပေါင်း ၇၀ ကျော် တစ်လျှောက်လုံး အသုံးတော်ခံနေရသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေကို ကြည့်ခြင်းအားဖြင့်  နိုင်ငံရေးအသိုင်းအဝိုင်းထဲ၌ ပြောစရာအဖြစ်  သတ်မှတ်ခြင်းခံရသည့်အထဲမှ တဖြည်းဖြည်း ပြန်နုတ်ထွက်သည့် သဘောမျိုးလား၊ ထိုမှမဟုတ် မိမိတို့၏ အခန်းကဏ္ဍကို တာဝန်ထမ်းဆောင် ပြင်ဆင်နေခြင်းမျိုးလား၊ တပ်မတော်လိုချင်သည့် အနာဂတ် နိုင်ငံရေးပုံစံက မည်သည့်ပုံစံ ဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်  တပ်မတော်၏ နိုင်ငံရေးနှင့်ပတ်သက်ပြီး မေးသည်ဟု ယူဆကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အဓိကအချက် ၂ ချက်ကို အခြေခံပြီး ဆွေးနွေးကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု၊ ၎င်းတို့နှင့် ပတ်သက်ပြီး အခြေခံမူဝါဒကို ရေးဆွဲပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုနှစ်ချက်သည် မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်ကြောင်း၊ ယင်းကိစ္စများကို မူတည်ပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံနှင့်ပြည်သူအတွက် ဖြစ်သင့် ဖြစ်ထိုက်သည့် ကိစ္စလည်း ဖြစ်ကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် EAO များနှင့်လည်း အခြေခံမူများနှင့် ပတ်သက်ပြီး   လက်ခံခဲ့ကြောင်း၊ သတင်းထောက်ကြီးမေးသည့် မေးခွန်းထဲတွင် ပါသည့်အမေးက ယခုအဖြေနှင့် တစ်ဝက်ပြေလည်မည်ဟု ထင်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာအာမခံထားကြောင်း၊ EAO အဖွဲ့အစည်း အသီးသီးနှင့် ဆွေးနွေးခဲ့သည့် အချိန်တွင် ယင်းနှစ်ချက်အပေါ် အခြေခံပြီး ၎င်းတို့၏ အမြင်များ၊ တောင်းဆိုမှုများ၊ ဖြစ်လိုသည်များကို သိခဲ့ရကြောင်း၊ ထိုအပေါ်တွင်လည်း   မိမိတို့ လေးစားမှတ်သားမှု ရှိသည်ကို ယခုပြောလိုကြောင်း၊   ထိုအထဲမှ ဖြစ်နိုင်သည်များ၊   ဖြစ်သင့်သည်များ လုပ်ဆောင်ခြင်းသည် မိမိတို့လိုက်လျောမှု ဖြစ်ကြောင်း၊ ယခင် တပ်မတော်သတင်းစာ ရှင်းလင်းပွဲများတွင်လည်း ယခုမေးခွန်းကို မေးမြန်းခဲ့သည့်အတွက် ဖြေကြားခဲ့ပြီး ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်အခြေအနေ၊ မည်သည့် ရည်မှန်းချက်ရှိသည်ကို ဖြေကြားခဲ့ပြီးပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကအားစိုက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယခင်က မိမိဖြေကြား ခဲ့သည့် အဖြေနှင့် ထိုသို့လုပ်ဆောင်ရန်အတွက်   မည်သို့သောအခြေအနေ ဖန်တီးမှုများ ယူနေသည်ကို ဆက်စပ်တွေးပြီး သိနိုင်မည်ဟု  ပြန်လည်ဖြေကြားသည်။

ဆက်လက်၍  NP News  သတင်းဌာနမှ အယ်ဒီတာချုပ်  ဦးကျော်မျိုးမင်းက တပ်မတော်အပေါ် ခေတ်အဆက်ဆက် နိုင်ငံရေးအသိုင်းအဝိုင်းက လက်ညှိုးထိုးခံရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် မည်သို့ပြောလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ပုံစံအမျိုးမျိုးဖြင့် ပုံဖော်ခြင်း ခံရကြောင်း၊ ၁၉၄၇ ခုနှစ်ကတည်းက စတင်ပုံဖော်ခဲ့ခြင်းရှိကြောင်း၊ လွတ်လပ်ရေးမရမီ ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံ နိုင်ငံရေး အယူအဆကိုပြောခြင်း မဟုတ်ဘဲ၊ ဖြစ်တည်နေသည့် သဘောတရားအရပြောခြင်း ဖြစ်ကြောင်း၊ ထိုအချိန်က တပ်မတော်နှစ်ရပ်ဟု ပြော၍ရကြောင်း၊ အင်္ဂလိပ်တို့ တည်ထောင်ခဲ့သည့်တပ်မတော် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားချိန်၊  အိန္ဒိယနိုင်ငံ ဆင်းမလား အထိလိုက်သွားသည့် တပ်မတော်တစ်ရပ်ရှိကြောင်း၊ တချို့ဗမာနှင့်   ဖွဲ့ထားသည့်တပ်များ ရှိသကဲ့သို့၊ တိုင်းရင်းသားများနှင့် ဖွဲ့ထားသည့် တပ်များရှိကြောင်း၊ ထို့ပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ) ဟူသည့် ဗိုလ်ချုပ်အောင်ဆန်းဦးစီး ဖွဲ့စည်းထားသည့် တပ်မတော်တစ်ရပ် ရှိကြောင်း၊ ၁၉၄၇ ခုနှစ် စတင်ဆောင်ရွက်သည့်အချိန်   ကန္ဒီစာချုပ် မချုပ်ဆိုခင်အပိုင်းတွင် ပြန်လည်တာဝန်ထမ်းဆောင်ခြင်း၊ ပေါင်းစည်းခြင်းတို့ကို  (ဘီအိုင်အေ)က အားလုံးသိမည် ဖြစ်ကြောင်း၊ (ဘီအိုင်အေ)မှ   အဆင့်ဆင့်(ဘီဒီအေ)အဖြစ် ပြောင်းလဲခဲ့ကြောင်း၊ လိုအပ်လျှင် လျော့ပြီးဖွဲ့စည်းထားခြင်း ရှိကြောင်း၊ ထိုသို့ဖွဲ့စည်းသည့်အတွက် ပြောင်းလဲခြင်းနှစ်ခုရှိကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဆင့်၊ စစ်ဦးစီးချုပ်အဆင့်သည် ထိုအချိန်တွင် ကရင်အမျိုးသားဗိုလ်ချုပ်ကြီးစမစ်ဒွန်းတို့ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ နေသူရိန်လူထု အစည်းအဝေးပွဲကြီး လုပ်ခဲ့ကြောင်း၊ တပ်မတော်သည် ခိုင်မာရေး၊ တပ်မတော်တစ်ရပ် တည်းထားရှိရေးကို   ရှိခဲ့ကြောင်း၊ ထိုအချိန်ကတည်းကတိုင်    တချို့သော နိုင်ငံရေးသမားများက   (ဘီအိုင်အေ)၊

(ဘီဒီအေ)ကို တရားမဝင်ဟုလက်ညှိုးထိုးခြင်း ရှိခဲ့ကြောင်း၊ ယင်းသို့ ပုံဖော်လာခြင်းသည် အချိန်မည်မျှကြာပြီကို သိရမည်ဖြစ်ကြောင်း၊  ၎င်းင်းကိုမည်သူတို့က ပုံဖော်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးက နေသူရိန်လူထုအစည်းအဝေးပွဲကြီး လုပ်ပြီးမှ  ဒုတိယ အချက်အနေဖြင့် အမတ်တစ်ယောက်က တင်သွင်းပြီးမှ တပ်မတော်တစ်ရပ်တည်း ဖြစ်ရမည်၊ တပ်မတော်ကို ပြည်သူလူထုက ထောက်ခံသည် ဆိုသည့် သဘောရယူခဲ့ခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်   ပြည်တွင်း သောင်းကျန်းမှုများ ရှိခဲ့ကြောင်း၊ ပြည်တွင်းသောင်းကျန်းမှု ကာလတစ်လျှောက်တွင် တပ်မတော်အနေဖြင့် ပုံဖော်ခံရခြင်း ရှိခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့် အစိုးရရှိခဲ့ကြောင်း၊ ယခုလက်ရှိအစိုးရကိုလည်း အိမ်စောင့်အစိုးရ၊ အာဏာသိမ်းသည့် အစိုးရဟု သုံးနှုန်းကြောင်း၊ ယခင်အိမ်စောင့်အစိုးရသည် အမှန်တကယ်စစ်သားနှစ်ယောက်ပဲ ပါဝင်ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းနှင့်  ဗိုလ်မှူးကြီးတစ်ယောက်တို့ပဲ ပါဝင်ကြောင်း၊ ကျန်သည့်သူများ၊ အဖွဲ့ဝင်များသည်   အရပ်သားများ ဖြစ်ကြောင်း၊ တစ်နှစ်တာဝန်ထမ်းဆောင်ပြီးနောက် ထပ်တိုးပြီး   တာဝန် ထမ်းဆောင်ခြင်း ရှိခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းက တိုင်းပြည်ကို တည်ထောင်ရာတွင် ဆိုရှယ်လစ်ဝါဒဖြင့် တည်ထောင်လိုသည်မျိုးဟူ၍ ရှိခဲ့ကြောင်း၊   ၁၉၆၂ ခုနှစ် နိုင်ငံတော်တာဝန် ရယူပြီးသည့် အချိန်တွင် ယင်းသို့ဖြစ်ရန် ပြည်သူလူထုတစ်ရပ်လုံး သွားကြကြောင်း၊    ယင်းသို့ အကောင်အထည်ဖော်ရန် လုပ်ခဲ့ရသည့်လုပ်ငန်းများ ရှိကြောင်း၊ လုပ်ခဲ့ရသည့် လုပ်ငန်းများထဲတွင် ပြည်သူပိုင်သိမ်းခြင်း   လုပ်ငန်းများလည်း ရှိခဲ့ကြောင်း၊ ထိုခေတ်က ဆောင်ရွက်ခဲ့ရသည်များသည် ပြည်သူလူထုကို လိမ်၍မရကြောင်း၊ တောင်သူလယ်သမားညီလာခံ၊ အလုပ်သမားညီလာခံများကို မည်သည့်ဖိအားမျှပေးပြီး   လုပ်ခဲ့ခြင်းမရှိကြောင်း၊ ခြိမ့်ခြိမ့်သဲသဲလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူပိုင်သိမ်းခံရသည့် သူများသည်လည်း မည်သူတို့ဖြစ်မည်ကို အများအားဖြင့် သိမည်ဖြစ်ကြောင်း၊ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရဖြစ်လာခြင်းနှင့် ပတ်သက်၍ ၎င်းတို့ အချင်းချင်း ပေးပို့သည့်စာများရှိပြီး  သမိုင်းတွင် ထင်ရှားခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဦးနုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည့် ဦးနေဝင်းကိုပေးခဲ့သည့် စာများရှိကြောင်း၊ ဦးနေဝင်းက မလုပ်ပါ ရစေနှင့်ဟု ပြန်ငြင်းဆိုခဲ့သည့် တရားဝင်စာ ရှိကြောင်း၊ ထိုစာသည် တရားဝင်စာဖြစ်ကြောင်း၊    ထိုကိစ္စကို ပြောင်းပြန်ပြောနေသည်ကို အံ့သြမဆုံးဖြစ်ရကြောင်း၊ ၎င်းတို့ ရေးသားထားသည့် စာများသည် Public ကို ချပြထားသည့် စာများဖြစ်ကြောင်း၊ အမျိုးမျိုး ပုံဖော်ထားကြကြောင်း၊ နောက်ပိုင်းတွင် တပ်မတော်ကို နိုင်ငံရေး ထဲဆွဲသွင်းသည့် သူများသည် မည်သူများဖြစ်သလဲဟု ပထမဆုံး မိမိမေးခွန်းထုတ် လိုကြောင်း၊ ၁၉၆၂ ခုနှစ် ပတ်ဝန်းကျင်တွင် ရန်ကုန်လိုနေရာမျိုး၌ သစ်တောကာကွယ်ရေးတပ်များ ရောက်နေခြင်း၊ ပါတီတချို့၏ လက်ကိုင်တုတ်တပ်များ ရောက်နေခြင်း စသဖြင့် မျိုးစုံလုပ်ခဲ့ကြသည်ကို  ပြန်ပြီးလေ့လာကြည့်လျှင် တွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံရေးထဲသို့ ရောက်ရှိလာခြင်းသည် ၁၉၄၇ ခုနှစ်၊ ၁၉၄၈ ခုနှစ်ကတည်း ကစခဲ့သည့်  ဇာတ်လမ်းများဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် တပ်မတော်ဆက်စပ်နေခြင်းသည် ရဲဘော် သုံးကျိပ်နှင့် အများစု ဖြစ်ပေါ်လာအောင်အတွက် ပံ့ပိုးပေးသည့် လူများကသာ မြန်မာ့နိုင်ငံအရေးကို ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် မိမိတို့ဦးတည်သွားနေသည်မှာ ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို မိမိတို့ခိုင်ခိုင်မာမာ အာမခံသွားနေခြင်း ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ဆိုသည်နှင့် ဒီမိုကရေစီစနစ်၏ ကျင့်စဉ်များ၊ ဒီမိုကရေစီစနစ်၏ လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဒီမိုကရေစီစနစ်ကို သွားနေသည့် လမ်းကြောင်းများတွင် မည်သို့နေထိုင်ရမည်၊ မည်သို့သွားရမည်ကို   ပါတီအနေဖြင့်လည်းကောင်း၊    ပြည်သူလူထုအနေဖြင့် လည်းကောင်း၊ မိမိတို့တပ်မတော် အပါအဝင် Institution အသီးသီး အနေဖြင့် လည်းကောင်း မည်သို့သွားရမည် ဆိုသည်ကို ရှိပြီးဖြစ်ကြောင်း၊ ယင်းတို့ကို နိုင်ငံ၏အခြေအနေ လိုက်လျောညီထွေ   ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခင်ကအဖြေများနှင့် ဆက်စပ်ပြီး ကြည့်စေချင်သည်ဟု   ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်း သတင်းထောက် ဒေါ်သဇင်ဦးက PDF အဖွဲ့များကို   အလင်းဝင်ရန်  ပြန်လည် ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ အကြမ်းဖက်အဖြစ် ကြေညာထားခြင်း ခံထားရသည့် CRPH၊ NUG တို့ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည့် PDF များကို လက်နက်အပ်နှံပြီး ပြည်သူ့ဘဝထဲသို့ ပြန်လည် ဝင်ရောက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံရေးသမား အမည်ခံပြီး တိုင်းပြည်ဖျက်ဆီးရေးကို တစိုက်မတ်မတ် လုပ်ဆောင် နေကြသည့် သူများ၏ အသုံးချခံဖြစ်နေသည့် လူငယ်များကို ပြည်သူ့ဘဝထဲ ဝင်ရောက်ကြရန် ကြိုဆိုပေးသည့် အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ   အားလုံးကိုလည်း   မိမိတို့သူရိယနေဝန်း မီဒီယာမှ အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ယခုလိုနိုင်ငံတော်  တည်ငြိမ်အေးချမ်းရေးကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက် သော်လည်း တစ်ဖက်တွင်   DKBA  စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး ပြောသလိုစစ်တိုက်စားနေသည့် လူတန်းစားတစ်စု ပေါ်ပေါက်လာပြီး    စစ်တိုက်စားရသည့် အရသာကို   ကောင်းကောင်းကြီး  တွေ့နေကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို   တက်မလာနိုင်သေးသည့် ထိုအဖွဲ့တချို့သည် စစ်တိုက်စားရသည့် အရသာကို တွေ့ပြီး လက်နက်ချ အလင်းဝင်ရန် မဆိုထားနှင့်  မိမိဒေသတွင် ယခုထက်ပိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်များ ပိုမိုရရှိနိုင်သည်ကို သိပါလျက်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မလာ ကြသေးကြောင်း၊ PDF အဖွဲ့အစည်းများကလည်း  လက်နက်ကိုင်ပြီး  အကြမ်းဖက်သည့်အရသာ၊ ဆက်ကြေးကောက်ရသည့် အရသာ၊ ဓားပြတိုက်ခြိမ်းခြောက်ရသည့် အရသာကို ကောင်းကောင်းကြီး တွေ့နေကြပြီး ဖြစ်ကြောင်း၊ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ပြောသလို   PDF များက ကြာလာလျှင် ဓားပြဂိုဏ်းများ ဖြစ်လာ နိုင်သည့်အတွက်   ခေတ်သစ်(ဗကပ)ဖြစ်သည့် PDF နှင့် အခြားအမည်ခံ အဖွဲ့အမျိုးမျိုးကို လက်နက်အပ်နှံပြီး ပြည်သူ့ဘ၀ ပြန်လည်ဝင်ရောက်ရန်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   အချိန်အတိုင်းအတာ   ကန့်သတ်ချက်များ ရှိပါသလား၊ အချိန်အတိုင်းအတာ ကျော်လွန်သွားသည့် အချိန်ဖြစ်ပါက   မည်သို့နှိမ်နင်းမှုမျိုး ပြုလုပ်မည်လဲဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  EAO များ နှင့် PDF အဖွဲ့များ၏ ကွာခြားချက်ကိုလည်း မိမိတို့ပြောပြီးဖြစ်ကြောင်း၊ တချို့ EAO အဖွဲ့များသည် နှစ်ပေါင်းများစွာက ပေါ်ပေါက်ခဲ့သည့်အဖွဲ့ရှိသလို၊ တချို့ EAO အဖွဲ့များအနေဖြင့် ၂၀၁၇ ခုနှစ်မှ ပေါ်ပေါက်လာသည့် အဖွဲ့များရှိကြောင်း၊ တော်တော်များများက ၎င်းတို့၏ တိုင်းရင်းသား လူမျိုးများအရေး၊ ၎င်းတို့ဒေသ အရေးကို တောင်းဆိုရင်း EAO ဖြစ်လာသည့် အဖွဲ့များလည်းရှိကြောင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာသည့် EAO များလည်းရှိကြောင်း၊ EAO အဖွဲ့များ၏ လက်နက်ကိုင် ဆောင်ရွက်နေခြင်းသည် ထိုအရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ PDF အဖွဲ့များ၏ လက်နက်ကိုင် ဆောင်ရွက်နေခြင်းသည် ၎င်းတို့နှင့် တခြားစီဖြစ်နေကြောင်း၊ မိမိတို့ ပြောခဲ့သည့် မဲမသမာမှုကြောင့် ဖြစ်သည့် အတွက် မဲမသမာမှုများ ရှင်းလင်းပေးရန် အကြိမ်ကြိမ် အချိန်များစွာ တောင်းဆိုခဲ့ကြောင်း၊ လူသိရှင်ကြား ပြောခဲ့ကြောင်း၊ ယင်းကိစ္စများကို လုပ်ဆောင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင် သွားသည့် လူများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ EAO များက ရည်မှန်းတိုက်ခိုက်ခြင်းသည် အစိုးရကို တိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းင်းတို့၏  ဒေသအကျိုးနှင့် ပတ်သက်ပြီး အစိုးရကို တောင်းဆိုရာတွင်မရသည့်အတွက် အစိုးရကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ PDF များ၏ လှုပ်ရှားမှုသည် EAO များနှင့်မတူဘဲ အစိုးရကို တိုက်ခိုက်ခြင်းထက် ပြည်သူလူထုကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မှန်/မမှန် သေချာစဉ်းစားစေလိုကြောင်း၊ EAO များက စာသင်နေသည့် ကလေးများကို   ဝင်ပြီးပစ်သွားသည့် ဖြစ်စဉ်မျိုးရှိပါသလား၊ EAO  များသည် အစိုးရတပ်များ၊ တပ်မတော်၊   မြန်မာနိုင်ငံရဲ တပ်ဖွဲ့များ၊ တချို့လုံခြုံရေး တပ်ဖွဲ့များကို တိုက်ခိုက်ကြောင်း၊ မည်သည့် အတွက်ကြောင့် တိုက်ခိုက်သလဲဆိုလျှင် ၎င်းတို့၏ ဒေသနှင့် လူမျိုးစု၏ အကျိုးကို တောင်းဆို၍ မရသည့်အတွက် အစိုးရကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ PDF အများစု လုပ်ဆောင်နေခြင်းသည် ပြည်သူလူထုကို ဒလန်ဟု စွပ်စွဲပြီး သတ်ဖြတ်ခြင်း ဖြစ်ကြောင်း၊ သတ်ဖြတ်ခြင်း ခံရသည့် လူသည်    ဒလန် ဟုတ်/မဟုတ်မသိဘဲ မကျေနပ်သည့်အတွက်   သတ်ကြောင်း၊ NLD ပါတီ အဖွဲ့ဝင် အချင်းချင်းသာမက ယခင်က    ၎င်းတို့ကို အားပေးနေသည့် အချင်းချင်းကိုပင် သတ်ဖြတ်ကြကြောင်း၊ ၎င်းအပြင် ဘုန်းကြီးများကိုလည်း သတ်ဖြတ်ကြကြောင်း၊ မည်သည့် EAO အဖွဲ့ကမှ ဘုန်းကြီးများနှင့် ပတ်သက်ပြီး သတ်ဖြတ်ခြင်း ရှိပါသလား၊ တော်တော် ရှားပါးသည့်ဖြစ်စဉ်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ တိုက်ခိုက်ကြောင်း၊ ယခင် ကိုဗစ်ကာလ ဖြစ်ချိန်တွင် ဆေးရုံများကို တိုက်ခိုက်ကြောင်း၊ မည်သည့် EAO အဖွဲ့မှ ထိုသို့မလုပ်ကြောင်း၊ PDF များက ပြည်သူလူထုပိုင်သည့် အဆောက်အအုံများနှင့် ပြည်သူလူထုကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများကိုတိုက်ခိုက်ပြီး  သတ်ဖြတ် ကြောင်း၊ PDF အဖွဲ့များထဲတွင် ရောက်နေသည့် လူများကို သိစေလိုကြောင်း၊ ၎င်းတို့ကို ကြိုးကိုင်ပြီး လုပ်ဆောင်ခြင်းသည် ၎င်းင်းတို့ လုပ်ရပ်မှန်/မမှန် သိစေလိုကြောင်း၊ PDF ၊ NUG ၊ CRPH အမည်ခံ အဖွဲ့များနှင့် ဆွေးနွေးခြင်း မဟုတ်ကြောင်း၊ ထိုအထဲတွင် လမ်းမှား ရောက်နေသည့်သူများ၊ မသိလိုက် မသိဘာသာ ကျူးလွန်နေသူများကို မိမိတို့ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ EAO အဖွဲ့များနှင့် မတူကြောင်း၊  EAO အဖွဲ့များကို ဖိတ်ခေါ်ခြင်းသည် ဥက္ကဋ္ဌကိုယ်တိုင် EAO အဖွဲ့အစည်း တစ်ရပ်လုံးကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊  PDF အဖွဲ့များနှင့် EAO အဖွဲ့များက ဖြစ်တည်မှုချင်း၊ ရပ်တည်မှုချင်း မတူကြောင်း၊ သေချာပြန်စဉ်းစားကြည့်လျှင် မည်သူတို့ကို တိုက်ခိုက်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ PDF အဖွဲ့ များသည် ပြည်သူလူထုကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အထဲတွင် လမ်းမှားရောက်နေသည့်သူများကိုသာ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ ယနေ့ဆိုလျှင် ၃၈ ဦးဝင်ရောက်လာကြောင်း၊ ကျန်သည့်သူများ၊ PDF ထဲရောက်နေသည့် လမ်းမှား ရောက်နေသည့်သူများလည်း ဝင်ရောက်လာရန် ဆက်သွယ်နေခြင်းများလည်း ရှိကြောင်း၊ တစ်ဆက်တည်း သတိပေးလိုသည်မှာ ၎င်းအဖွဲ့များကို အားပေးအားမြှောက်လုပ်နေသည့် တချို့သော EAO အဖွဲ့အစည်းများ ရှိကြောင်း၊ ယင်း EAO အဖွဲ့အစည်းများ ထဲ၌ ထိုအဖွဲ့အစည်းများနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိကြောင်း၊ ထို့ကြောင့် ယခင် ကတည်းကတည်ရှိခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF အဖွဲ့အစည်းများ ရပ်တည်ချက် လုပ်ဆောင်မှုချင်း မတူညီကြောင်း၊ နိုင်ငံပေါ်တွင်ဖြစ်စေ၊ မိမိတို့၏ ဒေသပေါ်တွင် ဖြစ်စေထားရှိသည့် ခံယူချက်ချင်းလည်း မတူကြောင်း၊ ယင်းမတူညီမှုများကို အားပေးအားမြှောက်ပြုခြင်းသည် ထို EAO အဖွဲ့များထဲတွင်၊  ၎င်းတို့ကြားထဲတွင် ကူးစက်လာနိုင်မည် ဖြစ်ကြောင်း၊ မိမိ တို့လက်ခံသွားမည်မှာ PDF အမည်ခံအဖွဲ့များ၊ လမ်းမှားရောက်နေသည့်  အဖွဲ့များကိုလည်း  သားသမီးချင်း ကိုယ်ချင်းစာနာကြောင်း၊ တောင်းဆိုမှုများရှိသည့်အတွက် တတ်နိုင်သမျှ ဝင်ရောက်လာနိုင်သည့်အချိန် ထိလက်ခံသွားမည် ဖြစ်ကြောင်း၊ တချို့သော သတင်းများလည်း ကြားသိနေရကြောင်း၊ အလင်းဝင်ချင်သော်လည်း ခြိမ်းခြောက်မှုများ ခံရကြောင်း၊ ထွက်မလာနိုင်ဘူးဆိုသည့် သတင်းများလည်း ကြားနေရကြောင်း၊ နိုင်ငံတော် အစိုးရအနေနှင့် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများကလည်း တတ်နိုင်သမျှ အတတ်နိုင်ဆုံးလျှို့ဝှက်ဆုံး၊ လုံခြုံမှုရှိဆုံးဖြစ်ရန် အစွမ်းကုန် ကူညီဆောင်ရွက်ပေး သွားမည်ဟု မိမိပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

နေပြည်တော်အွန်လိုင်းသတင်းဌာနမှ သတင်းထောက် ဦးဝင်းနိုင်က လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့်    လက်ရှိကားခဈေးနှုန်းများ    အဆမတန်မြင့်တက်နေပြီး    ခရီးသွားအခြေခံ လူတန်းစားမိဘပြည်သူများ  ခရီးစရိတ် သက်သာသော မြန်မာ့မီးရထားကို အားကိုး အားထားပြုပြီး သွားလာနေခြင်းကိုတွေ့မြင်ရ ကြောင်း၊ မြန်မာ့မီးရထားပြေးဆွဲနေမှုများ ကလည်း ယခင်က ရန်ကုန်-မန္တလေးအမြန် ရထား ၃ စင်း အစုန်/အဆန် ပြေးဆွဲနေရာက ယခုအချိန် အမြန်ရထားတစ်စင်းသာ အစုန်/အဆန်  ပြေးဆွဲနေခြင်းသာ ရှိပြီး တချို့နေရာများ၌ နေ့စဉ်ပြေးဆွဲ နေမှုများ မရှိဘဲ ယာယီဖျက်သိမ်းထားခြင်းကြောင့် ခရီးသွား မိဘပြည်သူများအနေဖြင့်  ခရီး အဆင်မပြေမှုများ ရှိသည်ကို  ကြားသိခဲ့ရကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အစိုးရအနေနှင့် မြန်မာ့မီးရထား ခရီးသွားအခြေခံလူတန်းစား မိဘပြည်သူများ ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရန် မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  တချို့ရထား လမ်းပိုင်းများ မပြေးဆွဲနိုင်သေးသည်လည်း ယခုအချိန်ထိ ရှိနေသေး ကြောင်း၊ မိုင်းထောင်၊ မိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် လုံခြုံရေးအရ ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း၊ ယခုလော လောဆယ်အချိန်တွင် မိမိတို့က လမ်းပိုင်း အသီးသီး၌ ခရီးဝေးရထား ၂၈ စင်းပြေးဆွဲ နေခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့ပတ် ၂၂ စင်း၊ စုစုပေါင်း ၅၀ ပြေးဆွဲလျက်ရှိကြောင်း၊ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ယခုလက်ရှိရထား ၆ စင်းပြေးဆွဲပေးလျက်ရှိကြောင်း၊ ခရီးသွားများ အခက်အခဲများ ရှိခြင်းကို   သိရှိထားကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မကြာမီ  လပိုင်းခန့်တွင် အစုန်/အဆန်ရထား ၂ စင်း ထပ်မံပြေးဆွဲရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ယခု ၂ စင်းပြေးဆွဲလျက်ရှိကြောင်း၊ ထပ်မံ၍ ထပ်တိုး ၂ စင်း ပြေးဆွဲရန်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်-ပြည်လမ်းတွင် ၆ စင်းပြေးဆွဲ လျက်ရှိပြီး ထပ်မံပြီး ၂  စင်းပြေးဆွဲနိုင်ရန်စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်က လူဦးရေ ထူထပ်သောကြောင့် လက်ရှိမြို့ပတ် ၂၂ စင်းပြေးဆွဲလျက်ရှိကြောင်း၊ နောက်ထပ် ၄ စင်း ထပ်မံ ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ရထားများက ရန်ကုန်-မန္တလေးလမ်း ပိုင်းတွင် တစ်ရက်ကို ၄ စင်း အခြေခံလူသုံး ကုန်၊ စားသောက်ကုန်တင်သည့် ရထားများ က ၂ စင်း၊ ကွန်တိန်နာအထူးရထား ၄ စင်း ပြေးဆွဲလျက် ရှိကြောင်း၊ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင်ကျောက်ရထား ၂ စင်း၊ စုစုပေါင်း ၈ စင်းပြေးဆွဲလျက်ရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူလူထုကို မိမိအသိပေးပြောကြားလိုသည်မှာ ပို့ဆောင် ရေးဝန်ကြီးဌာနအနေဖြင့် ရထားလမ်းများ၊ ရထားတွဲများ အဆင့်မြှင့်တင်ရေးဆောင်ရွက် လျက်ရှိ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေ နှင့်လည်း ရထားလမ်းပိုင်းများမြှင့်တင်ရေး၊  ရထားလမ်းပိုင်းများ  ပြေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး မကြာခဏ စစ်ဆေးဆောင်ရွက် လျက်ရှိပြီး အထူးစိတ်ပါဝင်စားမှုရှိကြောင်း၊ ပြည်သူလူထု လိုအပ်ချက်များ ရှိလာလျှင် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်မှုလုံခြုံ ချောမွေ့စေရေး၊  လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးကိုလည်း အဓိကထား လုပ်ဆောင်လျက်ရှိကြောင်း၊ လိုအပ်ချက် များရှိလျှင်လည်း ယခုကဲ့သို့ အသိပေးစေလိုကြောင်း၊ မိမိတို့ အနေဖြင့်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမြန်ဆုံးဖြစ်အောင် ဆက်လက်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဟု ပြန်လည်ဖြေကြားသည်။ 

Weekly Eleven မီဒီယာမှ အယ်ဒီတာချုပ် ဒေါက်တာမင်းလွင်က မိမိမေးမည့် မေးခွန်းနှင့်ပတ်သက်ပြီး အချက်အလက်တချို့ချပြရန် အချိန်မရှိသည့်အတွက် စာရွက်ပေးခဲ့မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး  အမှုများစွာရှိကြောင်း၊ ထိုအမှုများထဲတွင် YBS ကိစ္စဆိုလျှင် ၎င်းအောက်က ဝန်ကြီးများနှင့်ဝန်ထမ်းများ အရေးယူခံရကြောင်း၊ တာဝန်ရှိဆုံးဖြစ် သည့်၎င်းင်းကို အရေးယူခံရသည်ကို မတွေ့ရ ကြောင်း၊ ယခင်က ဦးဖြိုးမင်းသိန်းကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှု  ခန့်မှန်းတွက် ချက်မှုအရဆိုလျှင် ကျပ်ဘီလီယံထောင်ချီရှိ နိုင်ကြောင်း၊ တခြားတိုင်းဒေသကြီးဝန်ကြီး ချုပ်များကြောင့် နိုင်ငံတော်ထိခိုက်နစ်နာမှု သည် ဘီလီယံတစ်ရာခန့်သာ ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ အပေါ်စွဲဆိုထားမှုအရဆိုလျှင်  အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှု တန်ဖိုးသည် ကျပ်ငွေလေးဘီလီယံကျော်ခန့် သာရှိကြောင်း၊ ထို့ကြောင့် NLD အစိုးရလက်ထက်က အဖွဲ့ဝင်များထဲတွင် ဦးဖြိုး မင်းသိန်းကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှု တန်ဖိုးက အများဆုံးဖြစ်သည်ဟု ယူဆရကြောင်း၊ သို့သော် အရေးယူသည့်အခါ ၎င်းသည် ကွက်ကျန်နေခဲ့ပြီး ကျန်ရှိသည့်သူများကို အရေးယူသည်ကို Political Motivated ဖြစ်နေမလားဟု မေးခွန်းထုတ်လိုကြောင်း၊ ဦးဖြိုးမင်းသိန်းသည် ဝန်ကြီးချုပ်မဖြစ်ခင်က မောင်ထော် လေးလမ်းက  တိုက်ခန်း၌နေကြောင်း၊  ၎င်း၏အမျိုးသမီးသည် ရွှေဆိုင်ခပ်သေးသေးသာ ပိုင်ကြောင်း၊ ၎င်းဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို  ရွှေ ၇ ပိဿာနှင့်ဒေါ်လာ ၆ သိန်းဖိုးခန့် အထိ ပေးနိုင် လောက်အောင် ချမ်းသာသွားခဲ့ ကြောင်း၊ ၎င်း၏ပိုင်ဆိုင်မှုများနှင့်ပတ်သက် ၍ စုံစမ်းစစ်ဆေးမှုများ ရှိလား သိလိုကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့်  ဦးဖြိုးမင်းသိန်းနှင့်ပတ်သက် သည့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေများ အားလုံးကို အချိန်အကန့်အသတ်နှင့် စုံစမ်း စစ်ဆေးရန်အစီအစဉ် ရှိ/မရှိနှင့် စုံစမ်း စစ်ဆေးမှုလုပ်မည်ဆိုလျှင် ပွင့်လင်းမြင်သာ စွာထုတ်ပြန်ပေးရန်အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက် ကြီးမေးသည့် ကိစ္စနှင့်ပတ်သက်၍ ယခင် သတင်းစာ ရှင်းလင်းပွဲတွင်လည်း မိမိအနေဖြင့် တစ်စွန်းတစ်စ ဖြေကြားခဲ့ပြီး ဖြစ်ကြောင်း၊ တချို့သောအမှုကိစ္စများတွင် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနှင့် စစ်ဆေးမှုများလည်းရှိကြောင်း၊ စစ်ဆေးရာတွင် မူလကိစ္စကို စစ်ဆေးခြင်းနှင့် ဆက်စပ်မှုများကို စစ်ဆေးခြင်းလည်းရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေနှင့် တွေ့ရှိမှုများ၊ ရရှိချက်များတွင် မည်သည့်အကြောင်းအရာကိုမျှ ကွယ်ဝှက် ထားစရာအကြောင်းလည်း မရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအ နေနှင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်၏ တင်ပြချက်များ၊ တွေ့ရှိချက်များအပေါ်တွင် မူတည်၍ တရားမျှတစွာ ဆုံးဖြတ်သွားလိမ့်မည်ဟုသာ ပြောလိုကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက် ဖြေကြား ပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်မှတာဝန်ရှိသူတစ်ဦးက အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် မြန်မာနိုင်ငံက ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး Convention ကို ၂၀၀၅ ခုနှစ်တွင် လက်မှတ်ထိုး ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးဝင် ရောက်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး Convention ၏ ပြဋ္ဌာန်းချက်များကို မူတည်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ရေးဆွဲခဲ့ကြောင်း၊ ထိုသို့ရေးဆွဲပြီးနောက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဥပဒေတွင်ပါသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အပ်နှင်းပြီး  ယင်းကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်ကို ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်သည် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး Convention တွင်ပါသည့် ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အစိုးရ အဆက်ဆက်ကော်မရှင်က    သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်စေရန် ဦးတည်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေးအရ အငြိုးထားပြီး ဆောင်ရွက်ခြင်း မရှိပါကြောင်း၊ ပေးပို့သည့် တိုင်ကြားစာပေါ်တွင် မူတည်ပြီး တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစစ်ဆေးပါကြောင်း၊ စစ်ပြီးစစ်ဆေးပေါ်ပေါက်ချက်အရ တရားစွဲတင်သည့်ကိစ္စရပ်များ ဆောင်ရွက် ပါကြောင်း၊ ယခင်ကလည်း ယင်းစနစ်အတိုင်းဖြစ်ပြီး  နောင်တွင်လည်း ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်။