အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက် ကျဆင်းလာသော်လည်း သတိဖြင့်နေထိုင်ရန် ပညာရှင်များ တိုက်တွန်း

နယူးဒေလီ၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအရေအတွက် ကျဆင်းလာသော်လည်း ပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ရန် ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူ ၆၁၂၆၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ အရေအတွက်သည် စက်တင်ဘာလ လယ်ပိုင်းတွင် ၉၈၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ရာမှ ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်နီးပါးအတွင်း နေ့စဉ်ရောဂါဖြစ်ပွားသူ အရေအတွက်ကျဆင်းမှုသို့ ဦးတည် လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် ရောဂါကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးအခြေအနေကို ပြီးခဲ့သည့်လတွင် ကျော်ဖြတ်ပြီး ဖွယ်ရှိကြောင်းနှင့် စီးပွားရေးနာလန်ထူရန် အခြေအနေပေးလာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ထိုကပ်ရောဂါဖြစ်ပွားမှု အဆုံးသတ်ရန် ကြာမြင့်နိုင်ဖွယ်ရှိသည့်အတွက် သတိဖြင့်နေထိုင်ရန် လိုအပ်ကြောင်း ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိ ပေးထားသည်။ ထိုသို့ နေ့စဉ်ရောဂါဖြစ်ပွားသူအရေအတွက် ကျဆင်းမှုကို ဆက်လက်ထိန်းထား ရန်လိုအပ်ကြောင်းနှင့် သို့မဟုတ်ပါက မမျှော်မှန်းနိုင်သည်များဖြစ်လာနိုင်ကြောင်း နယူးဒေလီမြို့ရှိ  အိန္ဒိယဆေးသိပ္ပံ အဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး ရန်ဒိဂူလာရီယာက ပြောသည်။

နိုင်ငံအတွင်း၌ ဘာသာရေးပွဲတော်များ ကျင်းပတော့မည်ဖြစ်ပြီး လူတစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေရမည့် စည်းမျဉ်းများကို မလိုက်နာပါက ရောဂါကူးစက်ခံရသူအရေအတွက်သည် လျင်မြန်စွာ မြင့်တက်လာနိုင်ကြောင်း ၎င်းကပြောသည်ဟု သိရသည်။

Ref: The Straits Times