နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက်

VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက မြန်မာနိုင်ငံတွင် ဆန်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင် များအသင်း စသည်ဖြင့်အသင်းအဖွဲ့များ ရှိကြောင်း၊ အလားတူ ရေသန့်လုပ်ငန်းရှင် များအသင်းဟူ၍လည်း အသင်းအဖွဲ့တစ်ခု ရှိနေကြောင်း၊ အဆိုပါ ရေသန့်လုပ်ငန်းရှင်များအသင်းသည် တရားဝင်ဖွဲ့စည်းထားသည့် အသင်း ဟုတ်/မဟုတ်သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အသင်းအဖွဲ့ များလျှောက်ထားမှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိ ကြောင်း၊ သတင်းထောက်ကြီးမေးမြန်း သည့် ရေသန့်လုပ်ငန်းရှင်များအသင်းကို မိမိအနေဖြင့်မတွေ့မိကြောင်း၊ ထို့ကြောင့် ယင်း ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန သို့မေးမြန်းစေလိုကြောင်းဖြင့် ပြန်လည်ဖြေကြားသည်။

Bloomberg Myanmar မှ သတင်း ထောက် ဒေါ်ပိုးသိင်္ဂီကျော်က လက်ရှိတွင် သွင်းကုန်အမယ်တချို့တင်သွင်းရန် ယာယီ ပိတ်ပင် ထားသည့်အပြင် အချို့သွင်းကုန်ပါမစ် များကိုထုတ်ပေးရာတွင်လည်း ကြန့်ကြာမှု များရှိနေသည်ကို သွင်းကုန်လုပ်ငန်းရှင်များ ထံမှသိရကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်၍ မည်သည့်အချိန်တွင် ဖြေလျှော့ပေး ရန်အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်း သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့အနေ ဖြင့် ပစ္စည်းမှာယူတင်သွင်းမှုအခြေအနေ နှင့်ပတ်သက်ပြီး လေကြောင်း၊ ရေကြောင်း များနှင့် နယ်စပ်ကုန်သွယ်မှုစခန်းများမှ ကုန်သွယ်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ပြည်ပမှကုန်ပစ္စည်း တင်သွင်းမှု သွင်းကုန်လိုင်စင် လျှောက်ထားမှုအပေါ်တွင် ကုန်ပစ္စည်းတန်ဖိုးပေးချေရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေ လဲလှယ်လွှဲပြောင်းခွင့် ရရှိရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီအစည်းအဝေးသို့ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက သွင်းကုန် လိုင်စင်ထုတ်ပေး လျက်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေး ကော်မတီအစည်းအဝေးကို အပတ်စဉ်အင်္ဂါနှင့် ကြာသပတေးနေ့တို့တွင် တစ်ပတ်လျှင် ၂ ကြိမ်ကျင်းပ လျက်ရှိကြောင်း၊ ပြည်တွင်းသုံးစွဲရန်လိုအပ်သည့် ကုန်ပစ္စည်းများ ပြည်ပမှဝယ်ယူ တင်သွင်းမှုများတွင် နိုင်ငံတော် အတွက် အခြေခံမရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများအား ဦးစားပေးစိစစ်ခွင့်ပြုလျက်ရှိပါ ကြောင်း၊ အချို့သောကုန်ပစ္စည်းများအား ကန့်သတ်ထားသည်များရှိကြောင်း၊ နိုင်ငံ ခြားသုံးငွေများကို နိုင်ငံတော်၏လိုအပ်ချက် အတိုင်းအပြည့်အဝသုံးစွဲနိုင်ရေးနှင့် နိုင်ငံ ခြားသုံးငွေမလိုအပ်ဘဲ ပြည်ပသို့စီးထွက်မှု တားဆီးနိုင်ရေးအတွက် စနစ်တကျစိစစ် ကြပ်မတ်လျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် အခြေခံမရှိမဖြစ်လိုအပ်ခြင်းမရှိသည့် ဇိမ်ခံပစ္စည်းများကဲ့သို့ ကုန်ပစ္စည်းတင်သွင်းမှုအား မိမိတို့အနေဖြင့် စိစစ်ကန့်သတ် ဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးအတွက် တရုတ် နယ်စပ်တွင် ယွမ်နှင့်ကျပ်ငွေကြေး အသုံးပြုပြီး လုပ်ဆောင် ခြင်းများ၊ ထိုင်း၊ မြဝတီ၊ တာချီလိတ်ကုန်သွယ်ရေးစခန်းများတွင် ဘတ်နှင့်ကျပ်အသုံးပြုပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက် လျက် ပေးနေသည့်အပြင် ဗဟိုဘဏ်အနေဖြင့်လည်း ခွင့်ပြုပေးထားသည့် ငွေကြေးအမျိုးအစားအားလုံးနှင့် ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်  ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပင်လယ်ရေကြောင်း၊   လေကြောင်းတို့မှ ခွင့်ပြုထားသည့်အပြင် နယ်စပ်စခန်းများ မှလည်း တင်ပို့၊ တင်သွင်းမှုများ ခွင့်ပြုထားကြောင်း၊ ဧပြီ ၄ ရက်နေ့မှစတင်ပြီး ဗဟိုဘဏ်၏ အမိန့်ညွှန်ကြားချက်နှင့်အညီ နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီမှ ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအတွက် ကော်မတီကိုတင်ပြရာ ကော်မတီမှ စိစစ်ပြီး ခွင့်ပြုလျက်ရှိကြောင်း၊  ဇိမ်ခံပစ္စည်းများ၊ တစ်ဦးချင်းကားပါမစ်များ စသည်ဖြင့်တင်သွင်းခွင့်မပြုသည့် အမယ်များလည်းရှိကြောင်း၊ ယခင်က တင်သွင်းခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအတွက် ကားလုံလောက်မှုရှိခြင်းကြောင့် လောလောဆယ် ယာယီ အဖြစ် တစ်ဦးချင်းကားပါမစ်တင်သွင်းမှုများလည်း ကန့်သတ်ထားမှုများရှိကြောင်း၊ ထို့ကြောင့် ဇိမ်ခံပစ္စည်းများ၊ လိုအပ်သည့် အမယ် များကို စိစစ်ကန့်သတ်ခွင့်ပြုပြီး ပြည်တွင်းအတွက်လိုအပ်သည့် စက်မှုကုန်ကြမ်း၊ စားသောက်ကုန်ကြမ်း၊ ပြည်တွင်းတွင် ထုတ်လုပ် မည့် စက်ရုံ၊ အလုပ်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဦးစားပေးတင်သွင်းလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် လယ်ယာထုတ်ကုန်ပစ္စည်း၊ မွေးမြူရေးပစ္စည်းနှင့်သက်ဆိုင်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ တိရစ္ဆာန်အစားအစာ၊ ဆေးဝါး စသည့်အမယ်များကို ဦးစားပေးပြီးတင်သွင်းခွင့်ပြုပေးထားကြောင်း၊ ဇိမ်ခံပစ္စည်းတင်သွင်းမှုအား နောက်ဆုံးအဆင့်တွင်သာ တင်သွင်းခွင့်ပြုထားကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားငွေဒေါ်လာဈေးနှုန်း ကြီးမြင့်မှုမရှိစေရန် ထိန်းညှိပြီးဆောင်ရွက်သည့်အစီအစဉ်ဖြစ်ကြောင်း၊လက်ရှိ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် လက်ရှိ Export  လုပ်ကိုင်သည့် ကုန်သည် လုပ်ငန်းရှင်များအား ပြန်လည်ထုတ်ပေးလျက်ရှိသကဲ့သို့ ပြည်ပမှ တင်သွင်းမည့်သူများအတွက်လည်း လိုင်စင်ချပေးမှုနှင့် အတူ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့်ရောင်းချပေးပြီး ခွင့်ပြုပေးလျက်ရှိကြောင်းဖြင့် ဖြည့်စွက်ပြောကြားသည်။

Myanmar Nation Voice မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာထိန်းခဲ့ကြောင်း၊ သို့သော် ဥပဒေကို မလိုက်နာဘဲ အကြမ်းဖက်သူများ၏ လုပ်ဆောင်မှုများကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝ အေးချမ်းသာယာရေးတို့ကို စီမံဆောင်ရွက်ရာတွင် လိုသလောက်ခရီးမပေါက်သေးဟု မိမိအနေဖြင့်မြင်မိကြောင်း၊ အချို့နေရာများတွင် အတော်ဆိုးရွားနေ သည်ဟု ထင်မိကြောင်း၊ အနုပညာရှင်များ၊ (ပုဒ်မ-၅၀၅) ဖြင့် တရားစွဲဆိုခြင်း ခံထားရသူများ၊ တောအတွင်းသို့ ရောက်ရှိနေသူများကို နိုင်ငံတော်မှပြန်လည်ခေါ်ယူမှုများရှိနေသော်လည်း Myanmar Idol အဆိုတော် ဇင်ကြီး အသတ်ခံရကြောင်း၊ အလားတူ သရုပ်ဆောင် ယဉ်လတ်၏ နေအိမ်အား ဒုတိယအကြိမ်  ဗုံးထောင်ခြင်းခံခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့်  အကြမ်း ဖက်သမားများက အနုပညာ သမားများဘက်သို့ ဦးတည်လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် အဆိုပါ အနုပညာ ရှင်များကိုနိုင်ငံတော်မှ  မည်သို့ ကာကွယ်ပေးမည်ကို သိလိုကြောင်းနှင့် လက်ရှိပုံစံဖြင့်ဆက်သွားနေမည်ဆိုပါက မိမိတို့မျှော်မှန်းထားသည့် ပန်းတိုင်မှာ ဝေးနေဦး မည်ဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်းမှာ   အေးချမ်းသာယာစွာနေထိုင်လိုသောသူများ၊   တပ်မတော်ကို လေးစားချစ်ခင်အားကိုး ယုံကြည်ကြသည့် ရဟန်းသံဃာ၊ ပြည်သူများကို ထောက်ထားညှာတာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် တပ်မတော် အနေဖြင့် အချိန်ကာလတစ်ခုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုကျော်လွန်ပြီး ငြိမ်ဝပ်ပိပြား သာယာအေးချမ်း သည်အထိ ပြုလုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အနုပညာရှင်များသည်အများအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် နေထိုင်သူများပြားကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် တပ်မတော်၊ နယ်မြေခံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးခြင်း၊ အများသူငါသွားလာ နေသည့်မသင်္ကာဖွယ်နေရာများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အနုပညာရှင်များနှင့် ဆက်စပ်သည့်နေရာများတွင်လည်း လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနုပညာရှင်များအနေဖြင့် မိမိတို့အား အသက် အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလာပါက သာမန်ဆက်သွယ်မှု လမ်းကြောင်းအပြင် အခြားဆက်သွယ်မှု လမ်းကြောင်းများကိုပါ ၎င်းတို့အားပြောပြ ထားပြီးဖြစ်ကြောင်း၊ ယင်းအပြင်နေအိမ်များ၊ ဖြစ်နိုင်ခြေရှိသည့် နေရာများကိုလည်း လုံခြုံရေးအင်အား ထပ်မံတိုးမြှင့်ထားကြောင်း၊ သတင်းထောက်ကြီး ထပ်မံမေးမြန်းသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီး ယခုလော လောဆယ် လုပ်ဆောင်စရာမရှိကြောင်း၊ မိမိတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းသာ လုပ်ဆောင်မည်ဟု ပြောကြား ထားပြီးဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်ပြီး တိုးမြှင့်ဆောင်ရွက်ခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar Nation Voice မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ပခန်းကြီးရဲစခန်းမှူးနှင့် တရားလွှတ်တော် ရှေ့နေ ဒေါ်ယဉ်မင်းမြင့်ဆွေတို့ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် နောက်ဆုံးအခြေအနေကိုသိလိုသဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါကိစ္စနှင့်ပတ်သက်၍ ဌာနတွင်းအရေးယူရန် စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် ဆောင်ရွက်လျက်ရှိရာ             ပြီးစီးပြီဟု သိရကြောင်း၊ ကျန်ရှိသည့်အဆင့်ကို ဆက်လက်လုပ် ဆောင်ရန်ကျန်ရှိမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိအနေဖြင့် မေးခွန်းမမေးမီ ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် သံဃာတော်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုအကြံပြု၊ အကူအညီပေးရန်တောင်းဆိုခြင်းအား ဦးစွာပြောကြားလိုကြောင်း၊ ယခုလက်ရှိ ထိုင်းနိုင်ငံတွင် စာပေသင်ကြားခြင်းအပါအဝင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသည့် သံဃာတော်များသည် လက်ရှိအချိန်တွင် ဘုန်းတော်ကြီးကျောင်းများတွင် တည်းခိုခွင့် မရတော့ဟု သိရကြောင်း၊ ၎င်းသံဃာတော်များအနေဖြင့် တည်းခိုခန်း၊ ဟိုတယ်များတွင် တည်းခိုသီတင်းသုံးနေရသဖြင့် ဆွမ်း၊ ကွမ်း၊ စသည့်  ပစ္စည်းလေးပါး အခက်အခဲ တွေ့ကြုံနေရသည်ဟုကြားသိရကြောင်း၊ အဆိုပါကိစ္စများကိုအကူအညီပေးနိုင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကို အကြံပြုလိုကြောင်း၊ မိမိမေးမြန်းလိုသည်မှာ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ မေးလိုကြောင်း၊ မိမိ အနေဖြင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်တွင်နေထိုင်ပြီး ဇွန် ၃ရက်နေ့နံနက် ၆ နာရီကျော်ခန့်တွင် မိမိနေအိမ်ခြံ တံခါးပိတ်ထားသော်လည်း မိမိအိမ်အတွင်းတွင်ရှိသည့် လက်ကိုင်ဖုန်းများအား ခိုးယူသွားခြင်းခံရကြောင်း၊ မိမိကိုယ်တွေ့ဖြစ်စဉ်မျိုး နေပြည်တော်ကဲ့သို့ အချို့နေရာမျိုးတွင် ရှိနိုင်သည့်အတွက် တရားဥပဒေစိုးမိုးမှုရှိရေးအပိုင်းကို ယခုလက်ရှိအခြေအနေထက် ပိုမိုထိ ရောက်သည့်   အစီအစဉ်များဖြင့်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပစ္စည်းပျောက်သည့် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားရန် လိုမည်ဖြစ် ကြောင်း၊ နောက်တစ်ချက်မှာ လုံခြုံရေး တာဝန်များကို အဓိကဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးနှင့် နေပြည်တော်တစ်ဝန်းလုံး၌ပါ အလုပ်တာဝန်များပြားကြောင်း၊ မိမိတိုက်တွန်းလိုသည်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လုံခြုံရေးနှင့် ပတ်သက်လျှင် ဖိဖိစီးစီးဆောင်ရွက်နေကြသည်ကို တွေ့ရကြောင်း၊ ထို့ပြင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်   ပူးပေါင်းပါဝင်ကူညီကြရန် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေးက မိမိအနေဖြင့် အကြမ်းဖက် PDF သောင်းကျန်းနေသည့်ဒေသသို့ သွားရောက်ခဲ့သည့် အခြေအနေနှင့် ယင်းဒေသများတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို အခြေခံပြီး မေးမြန်းလိုကြောင်း၊   ချောင်းဦးမြို့နယ်၊ ကင်ပွန်းတောင်ရွာသည် အကြမ်းဖက် လုပ်ရပ်များကို လုံးဝအားမပေးကြောင်း၊ ၎င်းတို့ကျေးရွာအနေဖြင့် ပြည်သူ့စစ် ဖွဲ့စည်းပြီး ဘေးပတ်ပတ်လည်မှ PDF များကိုခုခံကာကွယ်နေသည်ဟု သိရကြောင်း၊ ၎င်းရွာတွင် အကြမ်းဖက် အဖွဲ့များ၏ သတ်ဖြတ်ခြင်းခံရသူ ၃၇ ဦးရှိပြီး ဇွန် ၁၄ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တစ်ဦးထပ်မံ သေဆုံးခဲ့ခြင်းကြောင့် ၃၈ ဦးအထိ အသတ်ခံခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများကို တင်ပြထားခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် တပ်မတော် သားအချို့ ရောက်ရှိနေကြောင်း၊  ရွာသူ၊ ရွာသားများအဓိကလိုလားသည်မှာ ၎င်းရွာမှ ဈေးသွား၊ ဈေးဝယ်သွားလာရန် လမ်းသည် ခက်ခဲသည့် အခြေအနေရှိနေသောကြောင့် အဆိုပါလမ်းအားအမြန်ဆုံး မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရေးနှင့် အစွန်းရောက် အကြမ်းဖက်အဖွဲ့ လာရောက်ခြင်းမရှိရေးတို့အတွက် ဆောင်ရွက်ပေးရေးရှိ/မရှိနှင့် ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ ဘက်မှ ကျေးရွာများ အနေဖြင့် ပြည်သူ့စစ် ဖွဲ့စည်းနိုင်သည့် ကျေးရွာများတွင် စာသင်ကျောင်းများဖွင့်လှစ်နိုင်ခြင်းရှိပြီး ပြည်သူ့စစ် မဖွဲ့စည်းနိုင်သည့် ကျေးရွာများတွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသည်ကို တွေ့ရကြောင်း၊ လက်ရှိပြည်သူ့စစ် ဖွဲ့စည်း ထားသည့်ကျေးရွာများတွင် လက်နက်များထပ်မံပြည့်စုံအောင် ဖြည့်တင်းပေးစေလိုကြောင်း၊ ထိုသို့လက်နက်များ ပြည့်စုံစွာဖြင့် ခုခံကာကွယ်နိုင်ပါက  PDF များ  နှစ်လအတွင်း အမြစ်ပြုတ်သွားနိုင်သည်ဆိုသည့် မျှော်လင့်ချက်များ   ဒေသခံများတွင်ရှိနေကြောင်း၊    ပြည်သူ့စစ်အကာကွယ်ဖြင့် ကျောင်းဖွင့်နိုင်သည့် ကျေးရွာများတွင် ဆရာ၊ ဆရာမလိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းထားသည့် ကျေးရွာများ ရှိကြောင်း၊ ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းရာတွင် ၁၉၅၉ ခုနှစ် ဥပဒေအတိုင်း ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းရန် နယ်မြေအေးချမ်းသာယာမှုမရှိသည့် ဒေသများ၊ နယ်မြေ အခက်အခဲဖြစ်သည့် ဒေသများရှိပြည်သူလူထုမှ သက်ဆိုင်ရာကို လျှောက်ထားရမည်ဖြစ်ကြောင်း၊ ယင်းသို့လျှောက်ထားမှုများ အပေါ် အဆင့်ဆင့်ဆုံးဖြတ်၍ ဖွဲ့စည်းရကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းသည့်နေရာတွင်လည်း လုပ်ချင်သလို လုပ်၊ ဖွဲ့ချင်သလိုဖွဲ့ ဖွဲ့စည်း၍ မရကြောင်း၊ ပင်မအဖွဲ့၊ အရန်အဖွဲ့ဟူ၍ ဖွဲ့စည်းရကြောင်း၊ လက်နက်တပ်ဆင်ရာတွင်လည်း လိုအပ်သည့်လက်နက်သာ တပ်ဆင်ရ ကြောင်း၊ ထို့ပြင် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ သင်ကြားမှုများ ဆောင်ရွက်ရကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများသည်လည်း လက်နက်ကိုင်တပ်ဖွဲ့များအတိုင်း လိုက်နာဆောင်ရွက်ရကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းရာတွင် စနစ်တကျသင်ကြားပြီးမှ ဆောင်ရွက်ရ ကြောင်း၊ သင်ကြားရာတွင် သေနတ်ပစ်ခတ်တတ်ရုံသင်ကြားပေးခြင်း မဟုတ်ဘဲ ၎င်းတို့လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို    လိုက်နာရကြောင်း၊ တစ်နိုင်ငံလုံးတွင်  ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အားလုံးက လိုက်နာကြရကြောင်း၊ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးပြီးလျှင် ယင်းပြည်သူ့စစ် ဖွဲ့စည်းထားသည့် ကျေးရွာကို PDF များအနေဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှုမျိုး တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်သူ့စစ်အဖွဲ့များအတွက် လုံလောက်သော လက်နက်/ခဲယမ်းများ ဖြည့်ဆည်းပေးရန် တောင်းဆိုမှုများရှိကြောင်း၊ ယင်းတောင်းဆိုမှုများကို စနစ်တကျလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ လုပ်ဆောင်ပေးနေမှုများရှိသော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်ဖွဲ့တည်းနှင့်လည်း လုံလောက်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့စစ်ဖွဲ့စည်းထားသည့် ကျေးရွာများသာမက မဖွဲ့ထား သည့် ကျေးရွာ များအတွက်ပါ တာဝန်ရှိကြောင်း၊ ထောက်ပံ့၊ ပံ့ပိုးမှုများလုပ်ဆောင် နေသည်ကိုတွေ့ရကြောင်း၊ ဆောင်ရွက်ရသည့် ကိစ္စရပ်များ များပြားသည့်အတွက် လစ်ဟင်းမှုများလည်းရှိနိုင်ကြောင်း၊ မိမိပြောလိုသည်မှာ နယ်မြေဒေသအသီးသီးရှိ ဒေသခံပြည်သူများ အနေဖြင့်  မိမိရပ်ရွာလုံခြုံရေး၊ မိမိသား၊ သမီးလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းပြီး လုံခြုံရေးအရ မြန်မာနိုင်ငံ အရပ်ရပ်တွင်ရှိသည့်    ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့များနှင့် ပတ်သက်ပြီး တပ်မတော်အနေနှင့်ရော၊ နိုင်ငံတော်အနေဖြင့်ပါ ပူးပေါင်း ဆောင်ရွက်မှုများအတွက် အသိအမှတ်ပြုကျေးဇူးတင် ရှိသည်ကိုပြောလိုကြောင်း၊ ယင်းလိုအပ်ချက်များနှင့်ပတ်သက်ပြီး  သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများကိုတင်ပြပြီး နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများကို မိတ္တူပေးရန်လိုကြောင်း၊ မိမိတို့ အနေဖြင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး အကောင်းဆုံးဆောင်ရွက်သွားမည်၊ အကောင်းဆုံးကာကွယ်စောင့်ရှောက်မှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ မည်သည့်ဘက်မှမပါဘဲ ၎င်းတို့နယ်မြေဒေသ တည်ငြိမ်အေးချမ်းစေရန်နှင့် ကလေးများကောင်းမွန်စွာ ပညာ သင်ကြားစေလိုမှုကိုလိုလားသည့် လူမှုအကျိုးဆောင်အဖွဲ့များ၊ အချို့သော ဆရာတော်များလည်း ရှိကြောင်း၊ ၎င်းတို့သည် တပ်မတော်ကို အားပေးထောက်ခံခြင်းမဟုတ်၊ မည်သည့်ဘက်မှ ထောက်ခံခြင်းလည်းမဟုတ်ဘဲ ၎င်းတို့နယ်မြေဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန်၊  ကလေးများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန်၊ ၎င်းတို့ရွာသူ/ရွာသားများကို မည်သူမျှနှောင့်ယှက် မခံရစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသူများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ၎င်းတို့ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး မိမိအနေဖြင့် လေးစားသည်ကို ပြောလိုကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး အခက်အခဲရှိပါက သက်ဆိုင်ရာကိုအချိန်မီပြောပေးရန်  လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သတင်းစကားများကို သယ်ဆောင်လာသည့် မီဒီယာများကိုလည်း အထူးကျေးဇူးတင်ရှိပါ ကြောင်း ဖြင့် ပြန်လည်ဖြေကြားသည်။

၉၇   မီဒီယာမှသတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ကျန်းမာရေးဝန်ကြီးဌာနနှင့် The Globel Fund အဖွဲ့တို့ ဆွေးနွေး ခဲ့သည် ဟုသိရှိရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရကြောင်း၊ International Organization တစ်ခုဖြစ်သည့် The Globel Fund အဖွဲ့နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက The Globel Fund အဖွဲ့သည် မြန်မာနိုင်ငံကို ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းပင် ပူးပေါင်းဆောင်ရွက်နေ ကြောင်း၊ ယခုလည်း ဆွေးနွေးမှုလုပ်ငန်းဆောင်ရွက်မှုများရှိနေကြောင်း ပြန်လည်ဖြေကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါကိစ္စနှင့်ပတ်သက်၍ The Globel Fund နှင့် ၂၀၀၅ ခုနှစ်ကတည်း ကပင် လုပ်ငန်းစတင်ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် စတင်ပံ့ပိုးပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် HIV/AIDS ရောဂါနှင့်ငှက်ဖျားရောဂါတိုက်ဖျက်ရေးတို့အတွက် ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း   စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၅၅ ဒသမ ၃ သန်းထောက်ပံ့ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် အတွက်လည်း  အမေရိကန် ဒေါ်လာ ၂၆၁ ဒသမ ၆ သန်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ Globel Fund ကထောက်ပံ့ပေးသော ရန်ပုံငွေအား ကျန်းမာရေး ဝန်ကြီးဌာနမှ ဦးဆောင်မှု၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့၏ အနီး ကပ်ကြီးကြပ်မှုဖြင့် ပြည်တွင်း၊ ပြည်ပအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ရောဂါကြီး သုံးမျိုးဖြစ်သည့်  HIV/AIDS ၊ တီဘီနှင့် ငှက်ဖျားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို ကျေးလက်ဒေသ အောက်ခြေအထိ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ရောဂါကြီး သုံးမျိုးနှင့်ပတ်သက်၍ ရောဂါကာကွယ် ကုသရေးလုပ်ငန်းနှင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရန် အတွက် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်မှစပြီး ရန်ပုံငွေများကိုလည်း Contribution လုပ်သည်ဟု ခေါ်ကြောင်း၊ ထဲထဲဝင်ဝင် ပေးပါကြောင်း၊ Globel Fund အဖွဲ့သည် မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ဆေးနှင့် ဆေးပစ္စည်းများကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ သန်းခန့်ထောက်ပံ့ပေးခဲ့သည့် ပစ္စည်းများကို ကျန်းမာရေး ဝန်ကြီးဌာနက ဦးစီး၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ဆက်လက် ပူးပေါင်း ဆောင်ရွက်ရန်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင်လည်း Globel Fund အဖွဲ့၏ ထောက်ပံ့မှုများမှာ ရပ်ဆိုင်း သွားခြင်းမရှိကြောင်း၊ ဆက်လက် ဆောင် ရွက်လျက်ရှိကြောင်း၊  HIV/AIDS ၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင် ၎င်း၏ ထောက်ပံ့မှုကြောင့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ အထူးသဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးတွင် သေဆုံးမှုများ သိသိသာသာကျဆင်းခဲ့ကြောင်း၊   ကျန်းမာရေး ဝန်ကြီးဌာနနှင့်  Globel Fund တို့၏ တွေ့ဆုံဆွေးနွေးမှုများအရ ယင်းအဖွဲ့၏ လက်ရှိထောက်ပံ့မှုအနေဖြင့် ၂၀၂၃ ခုနှစ် အထိ ဆက်လက်ရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင်လည်း ယင်းအဖွဲ့နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း ဖြည့်စွက်ပြောကြားသည်။

General Life News မှ အယ်ဒီတာ ဦးအောင်ထူးထက် က မိမိအနေဖြင့် ပခုက္ကူ ခရိုင်အတွင်းရှိ တန့်ကြည်တောင်ဒေသ၏ အခြေအနေနှင့်စပ်လျဉ်း၍ မေးမြန်းလိုကြောင်း၊ မိမိနှင့်ဒေသခံတချို့ ဖုန်းအဆက်အသွယ်ရရှိကြောင်း၊ မြေပြင်အခြေအနေအရ တန့်ကြည်တောင်သာမက မြန်မာနိုင်ငံအတွင်းနေရာအနှံ့အပြားတွင် ဖြစ်နေကြောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ဒေသ နေထိုင်ရာအရပ် အေးချမ်းတည်ငြိမ်ရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများ ကင်းရှင်းရန်အတွက် ၎င်းတို့နှင့်ဆက်စပ်သည့် မီဒီယာများမှ တစ်ဆင့် ပြောနေသကဲ့သို့ တခြားဆက်စပ်သည့် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်လည်း ချိတ်ဆက်၍ ပြောနေသူများလည်း ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တန့်ကြည့်တောင်ဘုရား သို့ ဘုရားဖူးလာရောက်သည့်ကားတစ်စီး ကို တိုက်ခိုက်ခံခဲ့ ရသည်ဟု မိမိကိုဖုန်းဆက်၍ပြောကြောင်း၊ ယင်းတန့်ကြည့်တောင်၏ အနေအထားကို ၎င်းတို့၏ပြောကြားချက်အရ   တောင်ပေါ် သို့   PDF အကြမ်းဖက် များက မကြာမကြာလာရောက် အခြေပြုလေ့ရှိကြသည်ဟုသိရကြောင်း၊ ထိုတောင်ပေါ်မှ   တိုက်ခိုက်မှု အမျိုးမျိုး လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံများက တန့်ကြည့်တောင်ပေါ်တွင် တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ တစိုက်မတ်မတ်အခြေပြု၍ လုံခြုံရေးဆောင်ရွက်ပေးစေလိုသည့် ဆန္ဒများရှိနေကြကြောင်း၊ လက်ရှိတန့်ကြည့်တောင်ပေါ်တွင် ဘုရားဂေါပကမှ   ခန့်ထားသည့် ဘုရားလုံခြုံရေးသာရှိပြီး အခြားတပ်မတော် ၏ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ လုံခြုံရေး တာဝန်ပေးထား သည့် တပ်မတော်သားများမရှိသကဲ့သို့ သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့စခန်းများမှ  ရဲတပ်ဖွဲ့ဝင်များလည်းမရှိကြောင်း၊ ထို့ကြောင့် ဒေသခံများအနေဖြင့် တောင်ကုန်းပေါ်တွင် တပ်မတော်နှင့် သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များခြေကုပ်ယူကာ လုံခြုံရေးကို ဆောင်ရွက် ပေးစေလိုသည့် ဆန္ဒများရှိနေကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ထိုဒေသ၏ လုံခြုံရေးအတွက် မည်ကဲ့သို့ကူညီဆောင်ရွက်ပေးနိုင်မည်၊ မည်ကဲ့သို့တာဝန်ယူ ဖြေရှင်းပေးနိုင်မည်ဆိုသည်ကို သိလိုကြောင်း မေးမြန်း သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုဒေသသည် အကြမ်းဖျင်းအားဖြင့် အေးချမ်းသည့်နေရာ ဖြစ်ကြောင်း၊ နယ်မြေခံပြည်သူလူထုအနေ ဖြင့် များသောအားဖြင့်  ပုဂံဘက်မှတန့်ကြည့်တောင်သို့ ဘုရားဖူးလာရောက်သည့် ဘုရားဖူးလုပ်ငန်းကို လုပ်ကိုင်နေရသည့် အနေအထား ရှိကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်က ဘုရားဖူးကားကို ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ဘုရားဖူး ကားမှန်းသိလျက်နှင့်  ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊  ထို့ကြောင့်  ဘုရားဖူးခရီးသည် တစ်ဦးသေဆုံးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဘုရားဖူးများ လာရောက်ခြင်း မရှိတော့သဖြင့် ဒေသခံများ၏  စီးပွားရေးကို  များစွာ ထိခိုက်နစ်နာခဲ့ကြောင်း၊ ထိုနေရာသည် ယင်းဒေသ၏ အမြင့်ဆုံးနှင့် အရေးကြီး သည့်နေရာလည်းဖြစ်ကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် သတင်းစကားများ ပြောကြားပေးသည့်အတွက်ကြောင့်လည်း ကျေးဇူးတင်ကြောင်း၊ မိမိအနေဖြင့် သက်ဆိုင်ရာလုံခြုံရေး အစီအမံများဆောင်ရွက် ခွင့်ရရှိရေးအတွက် ဆက်လက်ပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Top Phoenix Agency မှ အကြီးတန်း သတင်းထောက် ဦးသိန်းဝင်းဦး ကလောင်(ဧရာဦးသာ) က နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေး သည့်အတွက် ပြည်သူလူထုက ဂုဏ်ယူဝမ်းသာပီတိဖြစ်နေသည်ဟု ဦးစွာပထမပြောလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်   ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဆက်စပ်ပစ္စည်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်၊ မြို့နယ်များရှိ အချို့သော အခြေခံပညာ မူလတန်းကျောင်းများတွင် လုံလုံလောက်လောက်မရရှိသေးကြောင်း၊ ထိုကဲ့သို့ လုံလုံလောက်လောက် မရရှိသည့် အပေါ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   မိမိတို့ လုပ်ဆောင်ထားသည့် မူဝါဒအပိုင်းကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ ကျန်သည့် အသေးစိတ်ကို ပညာရေးဝန်ကြီးဌာနက ရှင်းလင်းပေးမည်ဖြစ်ကြောင်း၊ မိမိတို့အနေ ဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးကြောင်း၊ ပထမဦးဆုံးလျာထားသည်မှာ ယခင်နှစ်ကျောင်းတက်သည့် အင်အားကိုသာ လျာထားခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က ကျောင်းတက် သည့် အင်အားနှင့် တန်းစဉ်ကူးပြောင်းလာသည့်အင်အား မည်မျှရောက်လာမည်၊ မည်မျှရိုက်သင့်သည် ဆိုသည့်အပြင် ရိုက်သင့်သည် ထက် ပိုမို ရိုက်နှိပ်ထားကြောင်း၊ ယင်းသို့ရိုက်နှိပ်သည့် အချိန်တွင် အမှန်တကယ်တက်လာသည်နှင့် စာရင်းကွာဟမှုရှိနိုင်ကြောင်း၊ နေရာ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ အတတ်နိုင်ဆုံးပညာရေး ဝန်ကြီးဌာနအနေဖြင့် မေတ္တာ ရပ်ခံထားကြောင်း၊ မိမိတို့အနေဖြင့် လက် တွေ့မြေပြင်အခြေအနေကိုလည်း သိရှိ ကြောင်း၊ ဤကျောင်းတစ်ကျောင်းတွင် အပ်နှံသည့်ကျောင်းသားဦးရေ ယခုနှစ်တွင် ထိုမျှရှိသည်ဆိုလျှင် နောင်နှစ်တွင်လည်း တန်းစဉ်ကူးပြောင်းတွင် ထိုမျှသာရှိမည်ဟု ခန့်မှန်းကြောင်း သို့သော် လက်တွေ့ အမှန် တကယ်မြေပြင်တွင် မိဘများက ၎င်းတို့ ကလေးများကို ကျောင်းပြောင်းရွှေ့အပ်နှံသည့်အတွက်ကြောင့် စာရင်းကွာခြားမှုများ ရှိနေ ကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းသုံးစာအုပ်များပို့သည့်အချိန်တွင် တချို့ခရိုင် များ၌ အခက်အခဲများရှိကြောင်း၊ ရန်ကုန်ကဲ့သို့ နေရာမျိုးမဟုတ်ကြောင်း၊ မိမိအနေဖြင့် ယခင်အပတ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သကဲ့သို့ မီးရှို့ဖျက်ဆီးခံရသည် များရှိ ကြောင်း၊ ကျောင်းသုံးစာအုပ်များကို လုယူသွားသည်များရှိကြောင်း၊ ယခုအချိန်အထိ မပို့နိုင်သေးသည့် ခရိုင်များရှိကြောင်း၊  နီးစပ်ရာ ခရိုင်များတွင် စုပုံထားရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တချို့ခရိုင်များသို့ မပို့ပေးနိုင်သေးကြောင်း၊ ကြိုးစားပြီးပေးပို့ သော်လည်း မိမိတို့ ၃ ကြိမ်ပို့လျှင် ၃ ကြိမ်စလုံး မီးရှို့ခံရကြောင်း၊ ရေကြောင်းကပို့သော်လည်း စာအုပ်များ ဖျက်ဆီးခံရကြောင်း၊ စာအုပ်များပါသွားသဖြင့် စက်လှေပိုင်ရှင်နှင့် ပို့ပေးသည့်ပိုင်ရှင်များက PDF များအား ပိုက်ဆံ ၁၀ သိန်းပေးပြီး ပြန်ရွေးခဲ့ရသည့် အဖြစ်အပျက်လည်းရှိခဲ့ကြောင်း၊ ထိုကိစ္စများသည် မြေပြင်တွင် အမှန်တကယ်ဖြစ်နေသည့် အခက်အခဲဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရိုက်နှိပ်ထားပြီးဖြစ်သည့်အတွက် ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း၊ အခက်ခဲရှိလာလျှင် ယခုလို ပြောစေလိုကြောင်း တင်ပြလာ သည့်ကိစ္စအပေါ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း၊ အသေးစိတ်ကို ပညာရေးဝန်ကြီးဌာနက ဆက်လက် ဖြေကြား ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိမိတို့ အခြေခံပညာဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများတွင် တက်ရောက် ကြသည့် ကလေးများအားလုံးအတွက် ပုံနှိပ်စာအုပ်အားလုံးကို ပြည့်ပြည့်စုံစုံ ရိုက်နှိပ်ပြီးဖြစ်ကြောင်း၊ ပိုမိုပြီး ရိုက်နှိပ်ထားသည် များလည်းရှိကြောင်း၊ မြို့နယ်များတွင်ရှိသည့် ကျောင်းများသို့ ဖြန့်ဝေသည့်အချိန်တွင် ယခင်နှစ်ကရှိသည့် ကျောင်းသား အင်အား စာရင်းဖြင့် ဖြန့်ဝေထားပြီး နောက်ထပ်  ၁၀  ရာခိုင်နှုန်းခန့် ထပ်ဆောင်း၍ ဝေမျှထားပြီးဖြစ်ကြောင်း၊ သို့သော် ယခင်နှစ်က ကျောင်း မတက်ခဲ့သည့် ကလေးများ၊ ထပ်မံတက်ရောက်လာသည့် ကလေးများနှင့် အခြားဒေသမှပြောင်းရွှေ့ ရောက်ရှိလာသည့် ကလေးများ ကြောင့် တချို့နေရာတွင် ကျောင်းသားဦးရေအတော်များသွားကြောင်း၊ ထို့ကြောင့် လက်ရှိဝေထား သည့် ကျောင်းသုံးစာအုပ် မလုံလောက်သည့်အတွက်  ထပ်မံဖြည့်ဆည်းပေးခဲ့ကြောင်း၊ ၎င်းတို့အားလုံးရကြမည်ဖြစ်ကြောင်း၊ အချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေး လျက်ရှိကြောင်း၊ ဥပမာ ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်နှစ်ကကျောင်းတက်သည့်ကလေး ၅၈၀၀၀၀ ကျော်သာရှိကြောင်း၊ ယခုနှစ် တွင် ၉၃၀၀၀၀ ကျော်ဖြစ်လာကြောင်း၊ မိမိတို့အနေဖြင့် အမြန်ဆုံးထပ်မံဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား အားလုံး ပုံနှိပ်စာအုပ်ရကြမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Top Phoenix Agency မှ အကြီးတန်းသတင်းထောက် ဦးသိန်းဝင်းဦး ကလောင်(ဧရာဦးသာ)က မိမိအနေဖြင့် ဆက်စပ် မေးခွန်းတစ်ခု ထပ်မံမေးမြန်းလိုကြောင်း၊ ကျောင်းသားများအနေဖြင့် ယခင်နှစ်ကထက် နှစ်ဆခန့်ပိုမိုများပြားလာကြောင်း၊  ယခင်ပညာရေးစနစ်တွင် အခြေခံပညာမူလတန်းတွင် စတုတ္ထတန်း အထိရှိကြောင်း၊ ယခုပညာရေးစနစ်တွင် G-5 ဟုပေါ်လာ ကြောင်း၊ ထို့ကြောင့် ကလေး များစာသင်ရန် ကျောင်းဆောင်အခက်အခဲ များနှင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမအခက်အခဲရှိနေ ခြင်းများဖြစ်ပေါ်နေကြောင်း၊ ထိုအခြေအနေအပေါ် နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်း သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုပညာရေးစနစ်ကြီးကို ရေးဆွဲသည့်အချိန်တွင် မည်သည့်နှစ်တွင် မည်သည့်အတန်းများကို သင်မည်၊   မည်သည့်နှစ်တွင်  မည်သည့်အတန်းများကို စနစ်ဟောင်းမသင်တော့ဘူးဟု သွားနေခြင်းရှိကြောင်း၊ ယင်းသို့ သွားနေခြင်းကြောင့်   ပြဿနာတစ်ခုမှာ ကျောင်းမနေခဲ့သူများကို Schedule အတိုင်း သွား၍မရကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြန်ပြီးစဉ်းစားပေးရကြောင်း၊ ထို့ကြောင့် စနစ်ဟောင်းနှင့်စနစ်သစ်ကို အတူဖွင့်ပေးလိုက်သည့် အချိန်တွင် အခန်းကျပ်သည့် ပြဿနာများ၊ ဆရာ၊ ဆရာမ မလုံလောက်သည့် ပြဿနာများ၊ နှစ်တန်းသင်ရသည့် ပြဿနာများဖြစ်ပေါ်လာကြောင်း၊ ထိုကိစ္စကို ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော် အစိုးရအနေဖြင့် ယခင်နှစ်က အတားအဆီး အနှောင့်အယှက်များရှိခဲ့သည့်အတွက်ကြောင့် မလုပ်ပေးလျှင် ကလေးများ၏ ပညာရေး ပိုမိုဆုံးရှုံးသွားမည်ဖြစ်သောကြောင့် မိမိတို့အနေဖြင့်ရှိသည့် ဆရာ၊ ဆရာမအင်အား၊ ရှိသည့်အခန်းအင်အားနှင့်ပင် သင်ကြားရခြင်းဖြစ်ကြောင်း၊ တချို့နေရာများတွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ နှောင့်ယှက်မှု၊ ဟန့်တားမှု၊ အကြမ်းဖက်မှု များကြောင့် ကျောင်းပြောင်းရွှေ့လာသည့် ကလေးများရှိကြောင်း၊ ယင်းသို့ကျောင်းပြောင်း၍ အေးချမ်းသည့်နေရာတွင် ပညာသင် ကြားနိုင်သည့် ကလေးများရှိကြောင်း၊ ထို့ကြောင့်   နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ထိုကိစ္စများနှင့်ပတ်သက်ပြီး   စာသင်ခန်းမလုံလောက်မှု များ၊ ဆရာ၊ ဆရာမအင်အား မလုံလောက်မှုများကို  ကြိုးစားဖြေရှင်းဆောင်ရွက် လျက်ရှိကြောင်း၊   တချို့ နေရာများတွင် သည်းခံပေးရန်ပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အားလုံးအကျိုးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့သော ဖြစ်စဉ်မျိုးများမဖြစ်စေရန် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပညာရေး ဆိုသည်မှာ သီးသန့်ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်လည်း မဆက်စပ်သောကြောင့် တခြားနိုင်ငံများတွင်လည်း စစ်ဖြစ်နေသော်လည်း ပညာသင်ကြား ခဲ့ကြောင်း၊ ယခုအချိန်တွင် စစ်ကျွန်ပညာရေးဟု စွပ်စွဲနေပြီး တစ်ဖက်အဖွဲ့အစည်း သို့ရောက်နေသည့် ဝန်ကြီးအမည်ခံ ပုဂ္ဂိုလ်များနှင့် အခြားအမည်ခံပုဂ္ဂိုလ်များကို ၎င်းတို့သည် မည်သည့်ခေတ်တွင်ပညာသင်ကြားခဲ့သလဲဟု မိမိကမေးလိုကြောင်း၊ ၎င်းတို့က မည်သည့် အချိန်တွင်မွေး၍ မည်သည့်ခေတ်တွင် ပညာသင်ကြားခဲ့တာလဲဟု မေးလိုကြောင်း၊ ၎င်းတို့သည် သီပေါမင်းပါတော်မူသည့် နှစ်တွင်မွေးပြီး သီပေါမင်း ပါတော်မူသည့် အင်္ဂလိပ်ခေတ်တွင် ပညာသင်ကြားခဲ့သူများလားဟု မေးလိုကြောင်း၊  များသောအားဖြင့် ၁၉၄၈ ခုနှစ်နောက်ပိုင်းမွေးသည့်သူများသာဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိကာလဖြစ်ကြောင်း၊ ၁၉၅၈ ခုနှစ် နောက်ပိုင်းတွင် ၎င်းတို့ပြောသည့် ခေတ်ဖြစ်ကြောင်း၊ အိမ်စောင့်အစိုးရ တာဝန်ယူကြောင်း၊ ထို့နောက် တော်လှန်ရေးကောင်စီက တာဝန်ယူကြောင်း၊ ၁၉၅၈ ခုနှစ်နောက်ပိုင်းမွေးသည့်သူများအနေဖြင့် မည်သည့်ပညာများသင်ကြား၍ မည်သည့်နေရာများက ရလာ သလဲဟု မိမိကမေးလိုကြောင်း၊ ထို့ကြောင့် ၎င်းတို့ခေတ်တွင် ယင်းသို့လုပ်လာခဲ့ပြီး ကလေးများကို ကန့်သတ်နေခြင်းသည် မလုပ်သင့် ကြောင်း၊ နိုင်ငံရေးနှင့်မဆိုင်ကြောင်း၊ ကလေးများ ပညာရေး၊ သားသမီးများ၏ ပညာရေးဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့လုပ်နေခြင်း သည် တစ်နိုင်ငံလုံးပညာမတတ်၊ စာမတတ်နှင့် ကျွန်ဖြစ်အောင် ဇာတ်သွင်းနေသည့် သူများဟုပြောလိုကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြည့်စွက်ဆွေးနွေးစရာရှိက ဆွေးနွေးပေးရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး က ယခုနောက်ပိုင်းတွင် အတန်းများ လာမည်ဖြစ်သောကြောင့် လိုအပ်သည့် ကျောင်း ဆောင်နှင့် ဆရာ၊ ဆရာမများ ဖြည့်ဆည်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

Golden Hand သတင်းဌာနမှ ထုတ်ဝေသူ ဦးလှဆွေ က ယခုအချိန်တွင် လွှတ်တော်မရှိသည့်အတွက်ကြောင့် လွှတ်တော်ကိုယ်စား သတင်းထောက်ကြီးများက ပြည်သူများ၏ ကိုယ်စား လွှတ်တော်ကိုယ်စားလှယ်ကဲ့သို့ သဘောထားပြီး အစိုးရအဖွဲ့ကို မေးမြန်း ကြကြောင်း၊ အစိုးရအဖွဲ့ကလည်း တလေးတစားဖြင့် ပြန်လည်ဖြေကြားပေးကြကြောင်း၊ သတင်းထောက်ကြီးများအနေဖြင့်လည်း မိမိကိုယ်ကို လွှတ်တော်ကိုယ်စားလှယ်ကဲ့သို့ သဘောထား၍ မေးခွန်းများကို တလေးတစား သေသေချာချာမေးမြန်းပေးရန် မိမိ အနေဖြင့် တိုက်တွန်းလိုကြောင်း၊ မိမိတင်ပြလိုသည့် မေးခွန်းမှာ သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ရက်ကန်းစင်တောင်တွင်ဘုရားတည်ကြောင်း၊ ၎င်းပုဂ္ဂလိကဆန္ဒဖြင့် ၎င်းကိုယ်ပိုင် ပူဇော်လို၍ ဘုရားတည်ခြင်း ဖြစ်ကြောင်း၊ သို့သော် အသုံးပြုသည့်အခါတွင် နိုင်ငံတော် ပိုင်ကားနှင့် နိုင်ငံတော်ပိုင်စက်သုံးဆီကို အသုံးပြုခဲ့ကြောင်း၊ စုစုပေါင်း ငွေကျပ် ၇၃ သိန်းအသုံးပြုခဲ့ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာကို အသုံးပြုခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ပြီး အဂတိလိုက်စားမှုဖြစ်သည့် အတွက်ကြောင့် အရေးယူထောင်ချခြင်းခံခဲ့ရကြောင်း၊ NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းမိတ်ဆွေ တစ်ဦး၏ ဇနီး ကျန်းမာရေးမကောင်းသဖြင့် ထိုအမျိုးသမီး ဆေးရုံတက်ရောက်ကုသနေရန် ထိုင်းနိုင်ငံသို့ လေယာဉ်ပျံစင်းလုံးငှားပြီး အသွား/အပြန်သွားခဲ့ကြောင်း၊ ယင်းခရီးစဉ်အတွက် နိုင်ငံတော်ဘဏ္ဍာမှကုန်ကျခဲ့ခြင်း ရှိ/မရှိ၊ ၎င်းရရှိခဲ့သော နိုဘယ်ဆုကြေးမှ ကုန်ကျခဲ့ခြင်းရှိ/မရှိ၊ အကယ်၍ နိုင်ငံတော်ဘဏ္ဍာငွေမှ အသုံးပြုခဲ့လျှင် အဂတိလိုက်စားမှု မြောက်ခြင်း ရှိ/မရှိ၊ အဂတိလိုက်စားမှုသည် တိုင်ကြားမှသာလျှင် ပြစ်မှုမြောက်/မမြောက်သိလိုကြောင်း၊ မတိုင်ကြားဘဲနှင့်လည်း ကျော်ဇောမှုဖြင့် အဂတိလိုက်စားမှုကို တရားစွဲ လို့ရသည်ဟု   ယခင်အစိုးရလက်ထက်က ဦးအောင်ကြည်ပြောခဲ့သည်ကို  မိမိကြားခဲ့ဖူးကြောင်း၊  ထို့ကြောင့် ဤအကြောင်းအရာ သည် အဂတိလိုက်စားမှု မြောက်/မမြောက်ကို ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်တွင် ဆေးရုံ တက်ရောက်ကုသနေသော အမျိုးသမီးထံသို့ MAI လေယာဉ်ဖြင့် စင်းလုံးငှား သွားရောက်ခဲ့သည်မှာ မှန်ကန်ကြောင်း၊ မည်သည့်နေရာမှ ကုန်ကျခဲ့သည်ကို အထောက်အထားနှင့် သုံးစွဲမှုဖြစ်စဉ်များကို အသေးစိတ်စစ်ဆေးသုံးသပ်ပြီးပါက အဂတိလိုက်စားမှု ကျူးလွန်ခြင်း ရှိ/မရှိကို သိရမည်ဖြစ်ကြောင်း၊ ထိုအချက်နှင့် ပတ်သက်၍ မှတ်သားပြီး  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ တာဝန်ရှိသူတစ်ဦးက ပြဋ္ဌာန်းဥပဒေပုဒ်မ ၃(က) တွင် အဂတိလိုက်စားမှု တိုက်ဖျက် ရေးနှင့်ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုချက်များစွာရှိကြောင်း၊ အဆိုပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်အညီ စိစစ်သုံးသပ်မှုများ၊ အကြောင်း အရာများနှင့် အချက်အလက်များကိုချိန်ညှိ၍ သတင်းထောက်ကြီး မေးခွန်းပါအကြောင်းအရာသည် အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း အဂတိလိုက်စားမှု မြောက်/မမြောက်ကို စိစစ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တဲ့ပြောသတင်းမီဒီယာ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မကြာသေးမီက မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးသည် ဇေယျာသော်နှင့် ဂျင်မီတို့၏ ပြစ်ဒဏ်ကို အတည်ပြုခြင်းနှင့်ပတ်သက်၍ရှုတ်ချခြင်း၊ တချို့သံအမတ်များက တရားမဝင်အစိုးရ ဟု သုံးနှုန်းခြင်းများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ဥပဒေအရ နိုင်ငံတော်အကြီးအကဲ၏ အမိန့်သည် သေဒဏ်အတွက် အယူခံဝင်ခြင်းတွင် နောက်ဆုံးအမိန့်ဖြစ်ကြောင်း၊ နိုင်ငံသားအချင်းချင်းအပေါ် သက်ညှာခြင်း/သက်ညှာမှုမရှိခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်တွင် မူတည် လိမ့်မည်ဟု မိမိအနေဖြင့်ထင်မြင်ကြောင်း၊ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ်(၃)တွင် သံတမန်များသည် စေလွှတ် တာဝန်ပေးအပ် သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရန်နှင့် ဆက်ဆံရေးပိုမိုခိုင်မြဲစေရေး ဆောင်ရွက်ရန် ဖြစ်သည်ဟု ပါဝင်ကြောင်း၊ အပိုဒ်(၄)တွင် လက်ခံသည့်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ယင်းနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရဟု ပြဋ္ဌာန်းထားကြောင်း၊ အထက်ပါ သံအမတ်များသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ်(၂)အရ ပေါ်ပေါ်ထင်ထင်ချိုးဖောက်ရာ ရောက်ကြောင်း၊ ၎င်းတို့အနေဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်လည်းမရှိကြောင်း၊ ၎င်းတို့ပြောနေသည့် NUG အစိုးရကိုလက်ခံလျှင် ၎င်းသံအမတ်နှင့် ၎င်း၏သံရုံးကို အဆိုပါ NUG အစိုးရရုံးစိုက်သည့်နေရာသို့ ရွှေ့ပြောင်းသွားရမည်ဖြစ်ကြောင်း၊  မိမိကဲ့သို့ အေးချမ်းစွာနေထိုင်လိုသည့် မြန်မာနိုင်ငံသားအားလုံးကို စော်ကားရာရောက်ကြောင်း၊ ထိုအပြုအမူများကို မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် လုံးဝလက်မခံနိုင် ကြောင်း၊ UN သည် ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို အသိအမှတ်မပြုဟုပြောကြောင်း၊ ယင်းအဖွဲ့အစည်း သည် အလှူခံစားသည့်အဖွဲ့ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကိုပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အလှူခံမည်ဖြစ်ကြောင်း၊ ယခုမိမိတို့ ကရင်ပြည်နယ်၊ KNU နယ်မြေများတွင် ဒုက္ခသည် ၉၀၀၀၀ ကျော်အတွက် UN သည် အထောက်အပံ့များပေးရန် ပြင်ဆင်လျက်ရှိ ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ပိတ်မိနေသူများသည် မျောက်ဖြစ်မှန်းမသိဖြစ်နေကြပြီး မိမိကဲ့သို့အေးချမ်းစွာနေထိုင်လိုသူ မြန်မာနိုင်ငံ သား အားလုံးသည်လည်း မျောက်ဘဝသို့ အလိုလိုကျရောက်နေရကြောင်း၊ အဆိုပါမျောက်ပြ ဆန်တောင်း UN အဖွဲ့အစည်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရကို အသိအမှတ်မပြုဟုပြောဆိုနေသော်လည်း  မော်လမြိုင်မြို့ရှိ့ UN ဝန်ထမ်းကို PDF များက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို ဥပဒေအရထိရောက်စွာအရေးယူပေးရန် လက်ရှိအစိုးရအား တောင်းဆိုခဲ့ကြောင်း၊ NUG ကို ထောက်ခံသည့်အဖွဲ့အစည်းသည် NUG ကိုသာတောင်းဆိုရမည် ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် ယင်းနိုင်ငံ၏ ဥပဒေကို ချိုးဖောက် ပါက ချိုးဖောက်သူအား နိုင်ငံတွင်းမှ ချက်ချင်းနှင်ထုတ်ကြောင်း၊  မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှု ရေးအရ သည်းခံစိတ်မွေးသောကြောင့် မကြာခဏ စော်ကားနေကြကြောင်း၊ မိမိတို့အနေဖြင့် အကြံပေးခြင်းနှင့်အတူ မေးခွန်းတစ်ခု မေးလိုကြောင်း၊ နိုင်ငံအတွင်းရှိ သံရုံးများက သံတမန်များ/သံအမတ်များကို ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲသို့ဖိတ်ပါက လေယာဉ် ဖြင့် ကြိုရမည်ဖြစ်သဖြင့် ခရီးကုန်ကျစရိတ်၊စကားပြန်ငှားပေးရမည့်ကုန်ကျစရိတ် စသည်ဖြင့်များစွာ ကုန်ကျမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်မများစေရန်နှင့် ၎င်းတို့လည်း ကြည့်ရှုသိရှိစေရန် ဗင်နီဇွဲလားနိုင်ငံကဲ့သို့ လုပ်ဆောင်စေလိုကြောင်း၊ ဗင်နီဇွဲလားနိုင်ငံသည်လည်း မိမိတို့နိုင်ငံကဲ့သို့ဖြစ်ခဲ့ကြောင်း၊ ၎င်းတို့၏လုပ်ဆောင်ပုံမှာ အမေရိကန်၊ ပြင်သစ်သံရုံးနှင့် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံးများ ရှေ့တွင် LED Board များထောင်၍ နိုင်ငံအတွင်း  နေ့စဉ်အဖြစ်အပျက်များကို Channel တစ်ခုအနေဖြင့်  နေ့စဉ်ပြသခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ထိုကဲ့သို့လုပ်ဆောင်စေလိုကြောင်း၊ မိမိတို့ နိုင်ငံအတွင်းရှိ PDF များ၏ အဖျက်လုပ်ရပ် များကို ၎င်းတို့ကအစီရင်မခံကြောင်း၊ PDF များက ဘုန်းတော်ကြီးများကို သတ်ဖြတ်ခဲ့သည့် ကိစ္စများနှင့်ယခင်သတင်းစာရှင်းလင်းပွဲ တွင်တင်ပြခဲ့သည့် ဘုရားပေါ်ကကိစ္စများကိုလည်း အစီရင်မခံကြောင်း၊ မိမိတို့ဘက်မှ အနည်းငယ်မှားယွင်းပါက များစွာချဲ့ကား၍ ပြောကြကြောင်း၊ အထက်ပါကဲ့သို့ LED Board များထောင်၍ နိုင်ငံအတွင်း နေ့စဉ်ဖြစ်ပျက်နေသည့် PDF များ၏ အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်မှုကို နေ့စဉ်ပြသနေမည်ဆိုပါက ၎င်းတို့သံအမတ်များ မကြည့်လျှင်ပင် ယင်းတို့၏ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဌာနက CCTV မှတစ်ဆင့် သိမြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ LED Board များထောင်ခြင်းဖြင့် ဗင်နီဇွဲလား နိုင်ငံက ၎င်းတို့နိုင်ငံအတွင်းမှ အမေရိကန်သံအမတ်ကို ထုတ်ပစ်ခဲ့သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း လုပ်ဆောင်စေလိုကြောင်း၊ ထို့ကြောင့် အဆိုပါ LED Board များ ထောင်ရန်အစီအစဉ် ရှိ/မရှိကို သိလိုကြောင်း၊ အခြားမေးခွန်းတစ်ခုမှာ အလုပ်တာဝန်များ ပြားသော ဝန်ထမ်းအကြီးအကဲများနှင့် ဦးစီးအရာရှိများအား တစ်လလျှင် စက်သုံးဆီ ဂါလန် ၃၀ ကိုငွေဖြင့်တွက်၍ ပေးကြောင်း၊ တစ်ဂါလန်လျှင် ၆၅၀၀ ကျပ်ခန့် သာဈေးရရှိပြီး မြေပြင်တွင်အများပြည်သူများကဲ့သို့ ပုဂ္ဂလိကဆီဆိုင်များတွင် တစ်ဂါလန်ကျပ် ၁၂၀၀၀ ကျော်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း၊ တစ်ဂါလန်လျှင် ကျပ် ၅၀၀၀ ကျော်ခန့်ဖြင့် တစ်လလျှင် အနည်းဆုံး ကျပ် ၂ သိန်းကျော် ၃ သိန်းခန့် စိုက်သုံးနေရကြောင်း၊ လွန်ခဲ့သောနှစ်များက BOC ကဲ့သို့ဆိုင်များတွင် ဝန်ထမ်းများကို စက်သုံးဆီထုတ်ပေးခြင်း၊ လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများနှင့်အညီ ဝယ်ယူသုံးစွဲနိုင်စေရန် လုံလောက်သောငွေကြေးများ ထုတ်ပေးခြင်းကဲ့သို့သော အစီအစဉ်များ ဆောင်ရွက်ပေးရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သံတမန်များနှင့်ပတ်သက်၍ ၎င်းတို့သိလိုသည့် သတင်းဆိုပါက အကုန်သိရှိကြောင်း၊ ချောင်ကြို ချောင်ကြားသတင်းက အစသိရှိပြီး ထုတ်ပြန်လိုပါက ထုတ်ပြန်ကြောင်း၊ အညာဒေသရှိ မထင်မရှားမြို့က မထင်မရှားရွာတစ်ရွာ မီးလောင်သည်ကိုပင် သိရှိကြောင်း၊ သိချင်လျှင်အကုန်သိပြီး မသိချင်လျှင် မသိကြောင်း၊ မိမိတို့ သတင်းစာရှင်းလင်းပွဲကိုလည်း အနည်းဆုံးအဆင့်သည် စောင့်ကြည့်ကြပြီး ၎င်းတို့အချင်းချင်းသာ အစီရင်ခံကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း သတင်းများနှင့် ပတ်သက်၍ ပေးပို့မှုများရှိကြောင်း၊ တစ်ပတ်လျှင် ၂ ကြိမ် အကြမ်းဖက်မှုနှင့် ပတ်သက်သည့်သတင်းလွှာ Information Sheet ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ပြုလုပ်ခြင်းရှိကြောင်း၊ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများအားလုံး၊ ပြည်ပရှိ မြန်မာသံရုံးများအားလုံး၊ UN နှင့်ဆိုင်သော အဖွဲ့အစည်းများအားလုံးနှင့် နိုင်ငံတကာသို့ မိမိတို့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ၎င်းတို့ အနေဖြင့် မသိချင်ယောင်ဆောင်နေကြောင်း၊ ၎င်းတို့လိုချင်သော၊ လုပ်ချင်တာလုပ်ခြင်းမျိုးသာရှိကြောင်း၊ ပြင်သစ်သံအမတ်ကြီးနှင့် ပတ်သက်၍လည်းကောင်း၊ ကုလသမဂ္ဂနှင့် ပတ်သက်၍လည်းကောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသေးစိတ် ဖြေကြားပေးမည်ဖြစ်ကြောင်း၊ စက်သုံးဆီကိစ္စနှင့် ပတ်သက်၍ ဝန်ထမ်းများသို့ ဆီမပေးဘဲ ငွေကိုသာပေးခြင်းသည် အဆိုပါ ဝန်ထမ်းများအတွက် နိုင်ငံခြားမှနေ၍စက်သုံးဆီ သီးသန့်တင်သွင်းခြင်းမျိုး မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့လုပ်ဆောင်နေရခြင်းသည် ဝန်နှင့်အားမမျှဟု ပြောဆိုနေခြင်းများကိုလည်း ကြားရကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍   အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သုံးသပ်ချက်အရ ရာထူးအဆင့်မြင့်သည့်ဝန်ထမ်းများကို ဆီဖြတ်ခြင်းသည် အကြောင်းထူးကိစ္စမဟုတ်သော်လည်း အလယ်အလတ်တန်းရာထူးရှိ အမှန်တကယ်သုံးစွဲနေရသည့် ဝန်ထမ်း များကို ဆီအနည်းငယ်လျှော့၍ ပေးခြင်းသည် ၎င်းတို့အနေဖြင့် အနည်းငယ်အခက်အခဲ ဖြစ်မည်ဆိုသည်ကို သိရှိကြောင်း၊ အဆင့်ဆင့် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြင်သစ်သံအမတ်ကြီးနှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် ယခုလ ၆ ရက်နေ့မှစပြီး သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ပြင်သစ်သံရုံးသို့လည်း ကန့်ကွက်စာပေးပို့ခဲ့ကြောင်း၊ ပြင်သစ် သံအမတ်ကြီးကိုလည်း ယခုလ ၉ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့  ခေါ်ယူ၍ အမြဲတမ်းအတွင်းဝန် ကိုယ်တိုင် ကန့်ကွက်ခဲ့ကြောင်း၊  အဆိုပါလုပ်ဆောင်မှုသည် သံတမန်ရေးရာ၌ အပြင်းထန်ဆုံး သတိပေးခြင်းမျိုးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်မှုများကို သံရုံးများသာမက သက်ဆိုင်ရာ နိုင်ငံများကပါ ကောင်းစွာသိရှိကြကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အခြေအနေကို ရှင်းလင်းပြောပြခြင်း၊ ဖြစ်စဉ်အမှန်များကိုအသိပေးခြင်း၊  မှန်ကန်မှုမရှိသည့် စွပ်စွဲချက်များ၊  အတည်ပြုချက်မရှိသည့် ကိန်းဂဏန်းများ ချဲ့ကားပြောဆိုမှုများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းထောက်ပြ အသိပေးခြင်းများရှိကြောင်း၊ နိုင်ငံခြား ရေး ဝန်ကြီးဌာနသည် နိုင်ငံတကာဆက်ဆံရေးနှင့် UN Charter ၊ သံတမန် ဆက်ဆံရေး၊ ဗီယင်နာကွန်ဗင်းရှင်းပါ အတိုင်း ဘောင်ထဲမှ နေ၍ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပြီး တစ်ဖက်မှဆောင်ရွက်ချက်များသည် အထက်ပါဥပဒေများကို ကျော်လွန်ပြီး ဝင်ရောက် စွက်ဖက်မှုများကိုလည်း အမြဲထောက်ပြသတိပေးမှုများပြုလုပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာတစ်ခုကို ဗိုလ်ချုပ်တို့ အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့သတင်းတစ်ခုပေးလိုကြောင်း၊ ရန်ကုန်မြို့၌ ဒေါ်လာ ၆ သောင်းမှ ၁ သိန်းကျော်အထိ  Hate Speech ဆိုသည့်ခေါင်းစဉ်ဖြင့်  အဖွဲ့ အစည်းတချို့ကိုခေါ်၍ ယခုစတင်ဆောင်ရွက်နေကြောင်း၊ ၎င်းတို့ ဦးတည်ချက်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ဗုဒ္ဓဘာသာဝင်များက ၎င်းတို့ OIC နှင့်ပတ်သက်သော ဘာသာကို ထိခိုက်စေသည့်၊ ပုတ်ခတ်စေသည့်၊ စော်ကားသည့်စကားများကိုသီးခြား စုဆောင်းပြီး OIC မှတစ်ဆင့် ICC ၊ ICJ သို့ပေးပို့ပြီး  ဘာသာရေး အသွင်ဆောင်ရန် ကြိုးစားနေကြောင်းကို မိမိအနေဖြင့်လွန်ခဲ့သည့် သီတင်းပတ်က သတင်းရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သတိချပ်စေလိုကြောင်း တင်ပြသည်။

လူထုရင်ဖွင့်သံသတင်းဌာနမှအယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦးက မိမိအဓိကမေးမြန်းလိုသည်မှာ မိမိတို့နိုင်ငံသားများနှင့် နိုင်ငံတော်ကြား တွင် ပျောက်ဆုံးနေသည့် ငွေကြေးများ အကြောင်းဖြစ်ပါကြောင်း၊ လျှပ်စစ်မီတာဘေများကို အချိန်မှန်မှန်လာ မဖတ်ပါကြောင်း၊ အောက်ခြေ၌ အပစ်ခံရခြင်း၊ အသတ်ခံရခြင်းများရှိသည်ဆိုပြီး နှစ်လ သုံးလ တစ်ခေါက်ပေါင်းဖတ်ပါကြောင်း၊ ဘေလ်စာရွက်ကို နှစ်လသုံးလ ပေါင်းပေးပါကြောင်း၊ ဘေသွားဆောင်သည့်အခါတွင် ဒဏ်ကြေးဆောင်ရပါကြောင်း၊ ယင်းဒဏ်ကြေးများသည်လည်း တစ်နေရာနှင့် တစ်နေရာမတူပါကြောင်း၊ တချို့နေရာတွင် ငွေ ၂၀၀၀ ကျပ် ဒဏ်ရိုက်ပြီး တချို့နေရာတွင် ငွေ ၄၀၀၀ ကျပ်ဒဏ်ရိုက် ပါကြောင်း၊ သို့သော်လည်း ငွေလက်ငင်းဖြတ်ပိုင်း မပေးပါကြောင်း၊ အလွတ်ငွေကြေးပေးရပါကြောင်း၊ ရပ်/ကျေး များတွင်လည်း ဧည့်စာရင်း တိုင်ကြားသည့်အခါ ပုံမှန် ၅၀၀၀ ကျပ်ပေးရပါကြောင်း၊ သက်တမ်းပုံမှန်တိုးမည်ဆိုပါက ငွေ ၁၀၀၀ ကျပ် ပေးရပါကြောင်း၊  ရက်ကျော်ပါက ၅၀၀၀ ကျပ်ထပ်ပေးရပါကြောင်း၊ ထိုသို့ပေး နေရသည့် ငွေကြေးများရှိပါကြောင်း၊ ထို့ပြင် ခရီးသွားသည့် အခါတွင် လည်း ဂိတ်များတွင် ကြေညာထားသည်များရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်မပါပါက ထောက်ခံစာဖြင့် ခရီးသွားလာခွင့် မပြုဟု ကြေညာထားပါကြောင်း၊ သို့သော် ယခုနိုင်ငံသား စိစစ်ရေးကတ် ပါသော်လည်း ထောက်ခံစာ ထပ်တောင်းပါကြောင်း၊ ထောက်ခံစာ မပါပါက ငွေကြေးကောက်ခံပါကြောင်း၊ ၂၀၀၀ ကျပ်/၃၀၀၀ ကျပ်ပေးကြရပါကြောင်း၊ မိမိအနေဖြင့် ဥပမာအနေဖြင့် တစ်ခုစီခန့်သာ  ထည့်ပြောခြင်းသာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ တခြားတခြားပေးနေရသည့် ငွေကြေးများစွာရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ငွေကြေးများ ပေးဆောင်ရသော်လည်း နိုင်ငံတော်ကိုအခွန်အနေဖြင့် အမှန်တကယ်ဝင်ရောက်ပါသလား၊ မည်သည့်နေရာတွင် ပျောက်ဆုံးသွားပါသလဲ၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့စီမံညွှန်ကြားပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်း သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  လျှပ်စစ်မီတာခများနှင့်ပတ်သက်ပြီး တချို့နေရာ များတွင်ကောက်ခံရာ၌ အခက်အခဲရှိပါကြောင်း၊ တချို့ အိမ်များတွင်အိမ်၌လူမနေဘဲ လျှပ်စစ်မီတာခကောက်ခံရသည်ဟုဆိုသည့် အဖြစ်မျိုးများလည်း ရှိခဲ့ပါကြောင်း၊  ယခင်ကလည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက   ဖြေပြီးဖြစ်ပါကြောင်း၊ တချို့နေရာများတွင် မှားယွင်းကောင်း မှားယွင်းနိုင်ပါကြောင်း၊ ထိုအရာများ ကို ပြန်လည်ဆောင်ရွက်၍ ရသည်ဟုပြောလိုပါကြောင်း၊ မှတ်ပုံတင်နှင့် ထောက်ခံစာစစ်ဆေးခြင်းအပိုင်းကို မိမိတို့ကြပ်မတ် ဆောင်ရွက် ပေးသွားမည်ဟုပြောလိုပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်  မီတာခကောက်ခံခြင်းများနှင့်ပတ်သက်ပြီး လက်ရှိ လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြား ပေးစေလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်၊ ရန်ကုန်၊ မန္တလေး သုံးခုသည် ဓာတ်အားရောင်းချခြင်း၊ ပြန်လည်ကောက်ခံခြင်းလုပ်ငန်းများကိုလုပ်ပါကြောင်း၊ လစဉ် ၁ ရက်နေ့တွင် မီတာဘေဖတ် ခြင်း၊ မီတာဘေထုတ်ခြင်း၊  မီတာခကောက်ခံခြင်း လုပ်ငန်းများကို လုပ်ပါကြောင်း၊ သို့သော်လည်း အခြေနေအရပ်ရပ်ကြောင့် ငွေကောက်ခံသည့်နေရာတွင် နှောင့်နှေးရသည်များရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကြိုးစားကောက်ခံသော်လည်း လစဉ်အကြွေး ကျန်သည်များ ရှိပါကြောင်း၊ ကျန်ခဲ့သည့်လများအတွက် စီမံချက်များဖြင့် ကောက်ခံသည့်လုပ်ငန်းများ ဆက်လုပ်ပါကြောင်း၊ အကြွေးကျန်သည့်ကိစ္စများတွင် အကြောင်းအမျိုးမျိုးကြောင့် မဆောင်နိုင်သည့် ကိစ္စများလည်းရှိပါကြောင်း၊ ကျန်ခဲ့သည့် အကြွေး ကျန်များကို မိမိတို့ထံ လာဆောင်သည့်အခါတွင် ပြန်လည်စိစစ်ပြီး တိတိကျကျလုပ်ဆောငနိုင်ရန်အတွက် ညွှန်ကြားချက်များလည်း ထုတ်ထားပါကြောင်း၊ တချို့နေရာများတွင် အနည်းငယ်လွဲနေနိုင်သည်များရှိပါက လိုအပ်သည့်နေရာများတွင် လိုအပ်သကဲ့သို့ ညွှန်ကြားချက်များ ထုတ်ပြီး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မီးသုံးစွဲသူများကလည်း မီတာခများကို ပုံမှန်ပေးဆောင်ပါက ပြည်သူများပို၍ မီးမှန်မှန်ကန်ကန်ရသွားမည်ဟု ဖြည့်စွက်ဖြေကြားသည်။

လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦး က နောက်ဆက်တွဲ တစ်ခုအနေဖြင့် ပြည်သူများ၏ ငိုညည်းနေသည့် ပြဿနာလေးတစ်ခုကို တင်ပြလိုပါကြောင်း၊ ယခင်က ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာဧရိယာတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားပါကြောင်း၊ ယခုလအတွင်းတွင် သန်လျင်၊ ဒလ၊ တွံတေးတို့တွင်ဆိုင်ကယ်စီးနင်းခွင့်ထပ်ပိတ်ပါကြောင်း၊ ကြေညာ ချက်အရ  ယင်းသို့ဆိုသော်လည်း အောက်ခြေမြေပြင်တွင်  ကော့မှူးမြို့နယ်ဘက်က ရွာတချို့အထိ  ဆိုင်ကယ်စီးနင်းခွင့် ပိတ်လိုက် သည်ဟု သိရကြောင်း၊ ဆိုင်ကယ်နှင့်တက်လာပါက ဖမ်းပါကြောင်း၊  သိမ်းပါကြောင်း၊ ယင်းရွာများတွင် လိုင်းကားမရှိပါကြောင်း၊    ၎င်းတို့အနေဖြင့် ကျောင်းသွား/ကျောင်းလာ၊ ဈေးဝယ်ကအစ အခက်အခဲဖြစ်နေသည့်အတွက် ပြည်သူများ ငိုညည်းနေကြပါ ကြောင်း၊     ယင်းအရာများကို အဆင်ပြေစေရန်  မည်သို့ဆောင်ရွက်ရမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက တချို့နေရာများတွင် လုံခြုံရေးအရ ကန့်သတ်ထားသည့် ဖြစ်စဉ်နှင့်လုပ်နေရသည်များဖြစ်ပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ဆက်သွယ်မေးမြန်းထားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

လူထုရင်ဖွင့်သံသတင်းဌာနမှ သတင်းထောက် ဦးစိုးစိုးမင်းက မိမိသည် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်က ဖြစ်ပါ ကြောင်း၊ လက်ရှိ  မိမိတို့မြို့နယ်ရှိ တောင်သူများသည်  ငွေကြေးပြန်ဆပ်ရန်အတွက် အခက်အခဲများစွာဖြင့် ကြုံတွေ့နေရပါကြောင်း၊ ကိုဗစ်-၁၉ ကတစ်မျိုး၊ ဆန်၊ ဆီကုန်ဈေးနှုန်းများကြီးနေသည်က တစ်မျိုးဖြစ်နေသောကြောင့် ငွေကြေးပြန်ဆပ်ရန်အတွက် ရုန်းကန် နေရသည့် အတွက် ဗိုလ်ချုပ်တို့အနေဖြင့်  မည်သို့ဖြေလျှော့၊  ဖြေရှင်း ပေးနိုင်မည်ကို သိလိုပါကြောင်း  မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်နိုင်ငံလုံးတွင်ရှိသည့် တောင်သူ ၁၈ သိန်းခန့်ကို  စိုက်ပျိုးရာသီအလိုက် ချေးငွေများ ထုတ်ပေးထားခြင်းများရှိကြောင်း၊ တစ်နှစ်ကို စိုက်ပျိုးစရိတ်ချေးငွေ သုံးမျိုးထုတ်ပေးထားပါကြောင်း၊ တစ်ဧက တစ်နှစ်တာ ကာလအတွင်း အများဆုံးစိုက်ပျိုးစရိတ်ချေးငွေ နှစ်မျိုးထိချေးခွင့်ရှိပါကြောင်း၊ နှုန်းထားများ သတ်မှတ်ပြီးဖြစ်ပြီး အတိုးနှုန်း အနေဖြင့် တစ်နှစ် ၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မူလစိုက်ပျိုးစရိတ်အပြင် လယ်တစ်ဧကကို ငွေကျပ် ၅၀၀၀၀ နှုန်း ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် ထပ်မံတိုးမြှင့် ချေးပေးခဲ့ပါကြောင်း၊ လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှထုတ်ချေးပေးသည့် ချေးငွေနှစ်မျိုးမှ သုံးမျိုးထိရယူထားကြောင်းကိုလည်း တွေ့ရပါကြောင်း၊ ၂၀၂၀-၂၀၂၁ တွင်ဖြစ်ခဲ့သည့် ကိုဗစ်-၁၉ သက်ရောက်မှုနှင့် ငွေကြေးစီးဆင်း လည်ပတ်မှု အခက်အခဲတချို့ကြောင့် တောင်သူတချို့အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ  ပြန်လည် ပေးဆပ်အခက်အခဲရှိကြောင်းတွေ့ရသည့်အတွက် ရာသီအလိုက်စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန် ကာလတိုးမြှင့်ပေးခြင်း၊ ဒဏ်တိုးလျှော့ပေါ့ပေးခြင်း၊ ကိုဗစ်-၁၉ အထူးချေးငွေပြန်လည်ပေးဆပ်ရန်ကာလ သုံးကြိမ်တိုင်တိုင် တိုးမြှင့်ပြင်ဆင်ပေးခဲ့ခြင်းကို  ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အဆုံးအဖြတ်နှင့်တောင်သူများ ချေးငွေပြန်ဆပ်မှုအဆင်ပြေစေရန် နိုင်ငံတော်က  ဖြေလျှော့ ပေးခဲ့ပါကြောင်း၊ ယခင်ချေးငွေများကို ကျေလည်စွာပေးဆပ်ပြီးသည့် တောင်သူများကို ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ  ထုတ်ချေးခြင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့်အတွက်ကြောင့် ယခုနှစ်တွင် ယခင်နှစ်များကထက် ငွေကြေးစီးဆင်းမှု ပိုမိုလည်ပတ်ထိရောက်အောင် ဆောင်ရွက်နေသည်ကိုတွေ့ရပါကြောင်း၊ တောင်သူများအနေဖြင့် ချေးငွေပေးဆပ်မှုအခက်အခဲများကို နိုင်ငံတော်နှင့် နိုင်ငံတော် ပိုင်များအနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် ဖြေလျှော့မှုများ၊ ငွေကြေးလည်ပတ်စီးဆင်းမှု ကောင်းမွန်အောင် စီစဉ်ဆောင်ရွက်နေသည့် နည်းလမ်းများဖြင့် မိမိတို့ကူညီဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နိုင်ရန်အတွက်ရှိပါသည်ဟု ပြန်လည် ပြောကြားသည်။

နိဂုံးချုပ်အနေဖြင့် ပညာရေးဝန်ကြီးဌာနက ယနေ့သတင်းစာထဲတွင် တက္ကသိုလ်ဝင် အောင်စာရင်းထုတ်ပြန်မည့်ကိစ္စနှင့်ပတ်သက်၍   ကြေညာထားပြီးဖြစ်ပါကြောင်း၊ သို့သော် ပြည်သူလူထုများ ပိုမိုသိရှိရန်အတွက် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်က အောင်စာရင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူလူထုများ Awareness ဖြစ်အောင်ထုတ်ပြန်ပေးမည့် Website  နှင့်ထုတ်ပြန် မည့်အကြောင်းကိုပြောပြပေးရန် မေတ္တာရပ်ခံလိုပါကြောင်းပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကသတင်းစာထဲတွင်လည်း မည်သည့် Website က ကြေညာမည်ကို ကြေညာ ထားပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်တွင်ရှိသည့် စာစစ်ဌာနများတွင်လည်း ဖြေထားသူများက သွားရောက်ကြည့်ရှု နိုင်ပါကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အောင်စာရင်းများနှင့်ပတ်သက်ပြီး ထပ်မံပြောကြားလိုသည်မှာ စာစစ်ဌာနအလိုက် ကျောင်းများတွင် နံနက် ၆ နာရီတွင် အပြီးကပ်ပေးမည်ဖြစ်ကြောင်း၊ နံနက် ၄ နာရီမှစပြီး ကြေညာထားသည့်  Website များတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်း၊  နှစ်စဉ်ဖြစ်နေသည့်   အခက်အခဲရှိပါကြောင်း၊ တချို့က ၄ နာရီဆိုသော်လည်း  ၁ နာရီ၊ ၂ နာရီခန့်ကတည်းက ဝင်နေသူများ လည်း ရှိကြောင်း၊ ဝင်ရောက်ကြည့်ရှုသူများသောကြောင့်  Website က Hang သွားသည်ထိ ဖြစ်ခဲ့ခြင်းများ ရှိပါကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာနက  အချိန်မီထုတ်ပြန်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံးကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မိမိအနေဖြင့် မေတ္တာပို့ဆုတောင်းလိုသည်မှာ ယခုနှစ်အောင်စာရင်းများ ထုတ်ပြန်သည့်အခါတွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေထားသည့် ကျောင်းသူ/ကျောင်းသားများ၊ ၎င်းတို့၏ မိဘများအားလုံး ပျော်ရွှင်နိုင်ကြပါစေဟု ပြောကြားသည်။

 

မြဝတီ