ဂျိုအန်ဂမ်ပါဖိတ်ခေါ်ဖလားဗိုလ်လုပွဲအဖြစ် ဘာစီလိုနာအသင်းနှင့် ရိုးမားအသင်းတို့ သြဂုတ် ၇ ရက်တွင်ကစားရန် ထုတ်ပြန်ကြေညာ

ဂျိုအန်ဂမ်ပါဖိတ်ခေါ်ဖလားဗိုလ်လုပွဲအဖြစ် ဘာစီလိုနာအသင်းနှင့် ရိုးမားအသင်းတို့ သြဂုတ် ၇ ရက်တွင်ကစားရန် ထုတ်ပြန်ကြေညာ

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်းသည် ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီသစ်မတိုင်မီ ဂျိုအန်ဂမ်ပါဖိတ်ခေါ်ဖလား ဗိုလ်လုပွဲအဖြစ် နည်းပြမော်ရင်ဟို  တာဝန်ယူကိုင်တွယ်နေသည့် ရိုးမားအသင်းနှင့် ကစားမည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ၁၉၆၆ ခုနှစ်မှစတင်ပြီး ဘောလုံးရာသီသစ်မစတင်မီ ရာသီကြိုခြေစမ်းပွဲဖြစ်သော ဂျိုအန်ဂမ်ပါဖိတ်ခေါ် ဖလားပြိုင်ပွဲအဖြစ် ဥရောပထိပ်တန်းအသင်းတစ်သင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ ဂျိုအန်ဂမ်ပါဖိတ်ခေါ်ဖလားပြိုင်ပွဲအဖြစ် ၁၉၆၆ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ပြိုင်ပွဲဝင်အသင်းလေးသင်းဖြင့် ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကျင်းပခဲ့သော်လည်း ၁၉၉၇ ခုနှစ်မှစတင်ကာ ၂၀၂၁ ခုနှစ်ပြိုင်ပွဲအထိ ဘာစီလိုနာအသင်းနှင့် တခြားဥရောပ ထိပ်တန်းအသင်းတစ်သင်းဖြင့်သာ ဗိုလ်လုပွဲ အဆင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ၂၀၂၁ ခုနှစ်က စီးရီးအေထိပ်သီး  ဂျူဗင်တပ်စ်အသင်းနှင့် ဂျိုအန်ဂမ်ပါဖိတ်ခေါ်ဖလားပြိုင်ပွဲဗိုလ်လုပွဲအဖြစ်   ကစားခဲ့ရာ  ဘာစီလိုနာအသင်းက ဂျူဗင်တပ်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူးနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းသည်   ရာသီကြိုခြေစမ်းပွဲများအဖြစ် အင်တာမိုင်ယာမီအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်း၊  ဂျူဗင်တပ်စ်အသင်း၊  နယူးယောက် ရက်ဘူးဒ်အသင်းတို့နှင့် ခြေစမ်းပွဲများကစားအပြီးတွင် ရိုးမားအသင်းနှင့် ဂျိုအန်ဂမ်ပါဖိတ်ခေါ်ဖလားဗိုလ်လု ပွဲကစားမည် ဖြစ်ကြောင်း သိရသည်။        

Ref;ESPN