အဆင့်မြင့်စွမ်းဆောင်ရည်များနဲရေချလာတဲ့ တရုတ်ရေတပ်အတွက် တတိယမြောက်လေယာဉ်တင်သင်္ဘော

အဆင့်မြင့်စွမ်းဆောင်ရည်များနဲရေချလာတဲ့ တရုတ်ရေတပ်အတွက် တတိယမြောက်လေယာဉ်တင်သင်္ဘော

တရုတ်နိုင်ငံက နိုင်ငံရဲ့ရေတပ်အတွက် တတိယမြောက်တစ်ဖြစ်လဲ ဒုတိယမြောက်ပြည်တွင်းထုတ်ဖြစ်တဲ့ လေယာဉ်တင်သင်္ဘော တစ်စင်းကို ဇွန် ၁၇ ရက်တုန်းက ရေချလိုက်ပါတယ်။

အခုရေချလိုက်တဲ့ လေယာဉ်တင်သင်္ဘောကြီးဟာ တရုတ်ရေတပ်အတွက် နောက်ထုတ်မယ့် လေယာဉ်တင်သင်္ဘောတွေရဲ့စံပြ သင်္ဘောကြီးလည်း ဖြစ်လာပါပြီ။

ဖူကျန်းလို့အမည်သမုတ်ထားတဲ့ ဒီသင်္ဘောကြီးဟာ တန်ချိန် ၈၀၀၀၀ ကျော်ရှိတဲ့အပြင် နည်းပညာမြှင့်တင်မှုအပိုင်းမှာ ဆိုရင်လည်း လျှပ်စစ်သံလိုက်သုံး လေယာဉ်ပစ်လွှတ်စနစ်နဲ့ လေယာဉ်ပြန်ဖမ်းကိရိယာများကို ပြည်တွင်းနည်းပညာများနဲ့ ထုတ်လုပ်တပ်ဆင် ထားတာတွေ့ရပါတယ်။

တရုတ်ပြည်သူ့တပ်မတော်ရေတပ်ဟာ ပင်လယ်ပြာ ရေတပ်ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေတာပါ။ ဒီအချိန်မှာ နိုင်ငံအတွက် တတိယမြောက်အဖြစ် ရေချလိုက်နိုင်တဲ့ လေယာဉ်တင်သင်္ဘောကြီးက အရင်သင်္ဘောနှစ်စင်းထက် အရွယ်အစားအားဖြင့်လည်း ပိုမိုကြီးမားပါတယ်။ စွမ်းဆောင်ရည်အားဖြင့်လည်း ပိုမိုမြင့်မားပါတယ်။ ခေတ်ရှေလည်း ပိုရောက်ပါတယ်။

ဒါကြောင့် ဖူကျန်းလေယာဉ်တင်သင်္ဘောဟာ တရုတ်ရဲ့ပြိုင်ဘက်အဖြစ် သတ်မှတ်ထားတဲ့ အမေရိကန်ရေတပ်သုံး လေယာဉ်တင် သင်္ဘောတွေနဲ့ တန်းတူနီးပါး ယှဉ်လာနိုင်ပြီလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့်တော့ လျှပ်စစ်သံလိုက်သုံး လေယာဉ်ပစ်လွှတ်စနစ်လိုမျိုး နည်းပညာများကို အသုံးပြုလာနိုင်တဲ့အတွက်ပါပဲ။

ဖူကျန်းလေယာဉ်တင်သင်္ဘော ရေချပွဲအခမ်းအနားကို တရုတ်နိုင်ငံသင်္ဘောတည်ဆောက်ရေး ကော်ပိုရေးရှင်းလီမိတက်ပိုင် ကျန်းနန်း သင်္ဘောကျင်းမှာ ကျင်းပခဲ့တာပါ။ ဖူကျန်းဆိုတဲ့အမည်က ပြည်နယ်တစ်ခုရဲ့အမည်ဖြစ်ပါတယ်။ အဲဒီပြည်နယ်ကတော့ ထိုင်ဝမ်ကျွန်း ကိုမျက်နှာမူထားတဲ့ နိုင်ငံအရှေ့ပိုင်းရှိ ကမ်းရိုးတန်းပြည်နယ်ပါပဲ။

ဒါကြောင့် ဖူကျန်းလေယာဉ်တင် သင်္ဘောကြီးဟာ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှု နဲ့ကိုယ်ကျိုး စီးပွားတို့ကို အခိုင်အမာကာကွယ်ပေးမယ့် သင်္ဘောကြီးအဖြစ် တရုတ်ပြည်သူအများစုက ယုံကြည်ထားကြပါတယ်။ ဖူကျန်း  လေယာဉ်တင် သင်္ဘောတစ်စင်းလုံးကို ပြည်တွင်းမှာပဲ ပြည်တွင်းနည်းပညာနဲ့ အပြည့်အဝထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ဒီသင်္ဘောကို အခုလိုရေချလိုက်နိုင်ခြင်းဟာ လေယာဉ်တင်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအတွက် မှတ်တိုင်တစ်ခု စိုက်ထူလိုက် နိုင်သလိုပါပဲလို့  တရုတ်စစ်ရေးကျွမ်းကျင်သူ ဆုန်ချောင်ပင်းက ပြောပါတယ်။

ဒီသင်္ဘောကြီးကို ရေချလိုက်ပြီဖြစ်ပေမယ့် တည်ဆောက်ရေးလုပ်ငန်းက အလုံးစုံမပြီးပြတ်သေးပါဘူး။ အချောသပ်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကျန်ပါသေးတယ်။ အဲဒီအချောသပ်လုပ်ငန်းတွေထဲမှာ ဆီပိုက်တွေ၊ ဓာတ်ငွေ့ပိုက်တွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ လက်နက် စနစ်တွေ အချောသပ်တပ်ဆင်မှုတို့ ပါဝင်တယ်လို့ ဆုန်ချောင်ပင်းက ဆက်ပြောပါတယ်။

ဒါ့အပြင် အခုသင်္ဘောကြီးဟာ အရင်သင်္ဘောတွေထက် များစွာကြီးမားပြီး လေယာဉ်ပစ်လွှတ်စနစ်တွေတပ်ဆင်ပါဝင် လာတဲ့အတွက် အချောသပ်လုပ်ငန်းဟာ အချိန်အတော်အသင့် ကြာမြင့်ဦးမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဒီလိုမျိုးအချောသပ် လုပ်ငန်းတွေ ပြီးစီးသွားတဲ့အခါကျမှ ပင်လယ်ပြင်အတွင်း လက်တွေ့စမ်းသပ်ခုတ်မောင်းမှုတွေကို လုပ်ဆောင်သွားမှာပါ။ အဲဒီစမ်းသပ် ခုတ်မောင်း မှုတွေပြီးမှသာ ဖူကျန်းလေယာဉ်တင်သင်္ဘောကို တရုတ်ရေတပ်ဆီ လွှဲပြောင်းပေးမှာဖြစ်တဲ့အတွက် အခုကနေဆိုရင် နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက်တော့ကြာဦးမှာဖြစ်ပါတယ်။

တိုးမြှင့်လာတဲ့စွမ်းဆောင်ရည်

တရုတ်ရေတပ်မှာ လက်ရှိစစ်ဆင်ရေး အသုံးပြုနေတဲ့ လေယာဉ်တင် သင်္ဘောနှစ်စင်းရှိပါတယ်။ တစ်စင်းက ဆိုဗီယက်ခေတ် သင်္ဘောကို အဆင့်မြှင့်တင်ပြုပြင်ထားတဲ့ လျောင်နင်ဖြစ်ပြီး ဒုတိယတစ်စင်းကတော့ လျောင်နင်ကိုပဲနမူနာယူ တည်ဆောက်ထား တဲ့ရှန်တုံတို့ပါပဲ။

သူတို့နှစ်စင်းစလုံးဟာ အလေးချိန်အားဖြင့် တန်ချိန် ၆၀၀၀၀ ဝန်းကျင်ခန့်သာရှိပြီး လေယာဉ်ပျံတက်ဖို့အတွက်ဆိုရင်လည်း လျှောစောက်ပုံစံ လေယာဉ်ကုန်းပတ်ကို အသုံးပြုထားတာပါ။

ဖူကျန်းလေယာဉ်တင်သင်္ဘောမှာကျတော့ တန်ချိန်က ၈၀၀၀၀ ကျော်ရှိပြီး လျှပ်စစ်သံလိုက်သုံး လေယာဉ်ပစ်လွှတ်စနစ်ကို အသုံးပြု ထားတာဖြစ်ပါတယ်။ ဒါကြောင့် ယခင်နှစ်စင်းနဲ့ယှဉ်ရင် ဖူကျန်းကလေယာဉ်အစင်းရေ ပိုမိုတင်ဆောင်နိုင်မှာဖြစ်သလို လေယာဉ် ပစ်လွှတ် စနစ်ကိုအသုံးပြုထားတဲ့အတွက် ကုန်းပတ်ပေါ်ကနေ လေယာဉ်လွှတ်တင်နိုင်မှုနှုန်းကိုလည်း မြင့်မားစေမှာပါ။

ဒါ့အပြင် သင်္ဘောပေါ်ကလေယာဉ်တွေဟာ လျှောစောက်ပေါ်ကနေအရှိန်နဲ့ ပျံသန်းရတာမဟုတ်ဘဲ ပစ်လွှတ်စနစ်နဲ့ ပျံသန်းရတဲ့ အတွက် လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းတွေကိုလည်း အရင်ကထက် ပိုမိုသယ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် လေယာဉ်တင်သင်္ဘောတစ်စင်းမှာ တိုက်လေယာဉ် အများစုသာ နေရာယူရပေမယ့် ဖူကျန်းမှာကျတော့ ကြိုတင်သတိပေးလေယာဉ်နဲ့ ကုန်တင်လေယာဉ်တို့လိုမျိုး အကြီးစားလေယာဉ်များကိုလည်း တင်ဆောင်သွားနိုင်ဦးမှာပါ။

လျှပ်စစ်သံလိုက်သုံး လေယာဉ်ပစ်လွှတ်စနစ်ဟာ တခြားစနစ်တွေနဲ့နှိုင်းယှဉ်ရင် နည်းပညာပိုင်းမှာသာမက အစစအရာရာမှာ သာလွန်တာကိုလည်းတွေ့ရမှာပါ။

ဘာကြောင့်လဲဆိုတော့ သူတို့ဟာပေါ့ပါးတယ်။ စွမ်းအင်အနည်းငယ်ကိုသာ အသုံးပြုတယ်။ လျင်မြန်စွာ အားပြန်ပြည့်နိုင်တယ်။ မတူညီတဲ့လေယာဉ် အမျိုးမျိုးကို ပစ်လွှတ်ဖို့အတွက် လိုအပ်တဲ့စွမ်းအင်ပမာဏကို ကိုက်ညီအောင်ချိန်ညှိနိုင်တယ်။

ဖူကျန်းပေါ်မှာ တင်ဆောင်သွားမယ့် လေယာဉ်တွေကလည်း လျှပ်စစ်သံလိုက်သုံး လေယာဉ်ပစ်လွှတ်စနစ်နဲ့ ကိုက်ညီအောင် အဆင့်မြှင့်တင်ထားတဲ့ J-15 အကြီးစားတိုက်လေယာဉ်၊ J-15 အီလက်ထရွန်နစ်စစ်ဆင်ရေးလေယာဉ်၊ J-35 လို့ခေါ်ရမယ့် မျိုးဆက် သစ် ကိုယ်ပျောက်တိုက်လေယာဉ်၊ KJ-600 အမည်ရတဲ့ ကြိုတင်သတိပေးလေယာဉ်နဲ့ လက်နက်တပ်ဆင်ထားတဲ့ ကင်းထောက် ဒရုန်းများဖြစ်တယ်လို့ လေ့လာသူများကဆိုပါတယ်။

ပြိုင်ဘက်နဲ့နှိုင်းယှဉ်မှု

တရုတ်ရဲ့ပြိုင်ဘက်က အမေရိကန်ဖြစ်တယ်လို့ ပြောခဲ့ပြီးပါပြီ။ အမေရိကန်ရေတပ်အနေနဲ့ အသုံးပြုနေတဲ့ အဆင့်အမြင့်ဆုံး လေယာဉ်တင် သင်္ဘောက ဖို့အတန်းအစားလေယာဉ်တင်သင်္ဘောဖြစ်ပြီး တန်ချိန်တစ်သိန်းရှိပါတယ်။ သူ့မှာ လျှပ်စစ်သံလိုက်သုံး လေယာဉ် ပစ်လွှတ်စနစ် လေးခုပါဝင်ပြီး နျူကလီးယားစွမ်းအင် အသုံးပြုထားတာပါ။

ဖူကျန်းကတော့ တန်ချိန်ကလည်း နည်းတယ်။ စွမ်းအင်ကလည်း သမားရိုးကျစွမ်းအင်ကို အသုံးပြုထားတဲ့အတွက် ဖို့လေယာဉ် တင်သင်္ဘောနဲ့ ယှဉ်ရင်တော့စွမ်းဆောင်ရည် အနည်းငယ်နည်းပါးပါတယ်။ ဒါပေမဲ့ တရုတ်လိုနိုင်ငံအနေနဲ့ အချိန်တိုအတွင်းမှာ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး လေယာဉ်တင်သင်္ဘောကို မီလုနီးပါး လိုက်နိုင်တဲ့ စွမ်းဆောင်ရည်ရှိတာကတော့ အံ့မခန်းပါပဲ။

လက်ရှိကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေတဲ့ လေယာဉ်တင်သင်္ဘောတွေမှာ သံလိုက်စနစ်သုံး လေယာဉ်ပစ်လွှတ်စနစ်ကို အသုံးပြုနိုင် တာဆိုလို့ ယခင်က အမေရိကန်တစ်နိုင်ငံတည်းသာ ရှိပါတယ်။ အခုတော့ တရုတ်နိုင်ငံကပါ အဲဒီစနစ်ကို အသုံးပြုနိုင်တဲ့အတွက်  ဒီစနစ်ကို အသုံးပြုနိုင်တဲ့ နိုင်ငံနှစ်နိုင်ငံဖြစ်လာပါပြီ။

လေယာဉ်တင် သင်္ဘောတစ်စင်းရဲ့ အလုံးစုံတိုက်ပွဲဝင် စွမ်းဆောင်ရည်ကိုနှိုင်းယှဉ်မယ်ဆိုရင် အစောင့်လိုက်သင်္ဘောတွေနဲ့ တခြား တိုက်ခိုက်ရေးစနစ်တွေ၊ လေယာဉ်တင်သင်္ဘောကို အသုံးပြုတဲ့ဗျူဟာတွေနဲ့ နှိုင်းယှဉ်ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ လေယာဉ်တင်သင်္ဘောအစောင့်လိုက်သင်္ဘောဖြစ်တဲ့ Type 055 အကြီးစား ဖျက်သင်္ဘောဟာဆိုရင် အမေရိကန်ရဲ့ အဆင့်မြင့်ဖျက်သင်္ဘောထက် များစွာသာလွန်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် တရုတ်က အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေးအတွက် လေယာဉ်တင်သင်္ဘောကိုအသုံးပြုပေမယ့် အမေရိကန်ကတော့ ဗိုလ်ကျစိုးမိုးမှုကို အကောင်အထည် ဖော်ရေးအတွက် အသုံးပြုတာဖြစ်တယ်လို့ အမည်မဖော်လိုသူ တရုတ်စစ်ရေး ကျွမ်းကျင်ပညာရှင်တစ်ဦးက ထောက်ပြထားပါတယ်။

ဒါကြောင့် အတိုချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဖူကျန်း လေယာဉ်တင် သင်္ဘောက အဆင့်အမြင့်ဆုံး   သင်္ဘောဖြစ်သလို သူ့ကိုရေချလိုက်နိုင်ခြင်းဟာ တရုတ်တို့ရဲ့ အနာဂတ်လေယာဉ်တင်သင်္ဘော တည်ဆောက်ရေးအစီအစဉ်ကို  အချိန်တို အတွင်းပိုမိုတိုးတက်နိုင်စေမှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ဒီအခြေအနေတွေအပေါ်မူတည်ပြီး သုံးသပ်ရမယ်ဆိုရင်အမေရိကန်အနေနဲ့ အချိန်တိုအတွင်း လေယာဉ်တင် သင်္ဘောတစ်စင်းကို မတည်ဆောက်နိုင်ပေမယ့် တရုတ်နိုင်ငံက တည်ဆောက်နိုင်တဲ့အတွက် နောက်ထပ် ထွက်ပေါ်လာမယ့် တရုတ် လေယာဉ်တင်သင်္ဘောဟာ တန်ချိန်တစ်သိန်းနဲ့ နျူကလီးယားစွမ်းအင်သုံး သင်္ဘောမဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှတပ်အပ် မပြောနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Ref: Global Times

ထက်မြတ်