သီရိလင်္ကာရှိဆီဆိုင်တစ်ဆိုင်၌ ဆူပူအုံကြွမှုဖြစ်ပွား၊ လုံခြုံရေးတပ်ဖွဲ့ကပစ်ခတ်ဖြိုခွင်း

ကိုလံဘို၊ ပြည်တွင်းရေး

သီရိလင်္ကာနိုင်ငံရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ဆူပူအုံကြွမှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းလိုက်ရကြောင်း တာဝန်ရှိသူများက ဇွန် ၁၉ ရက်တွင်ပြောသည်။

ဇွန် ၁၈ ရက်ညပိုင်းတွင် ဖြစ်ပွားသော အဆိုပါဆူပူအုံကြွမှုမှတစ်ဆင့် တပ်မတော်၏ စစ်ဆေးရေးစခန်းတစ်ခုကို ကျောက်တုံးများ၊ ခဲများဖြင့်ပစ်ပေါက်ကာ စစ်သုံးယာဉ်တစ်စီးကိုဖျက်ဆီးမှုများ ဖြစ်ပွားလာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ်  လူစုခွဲလိုက်ရခြင်းဖြစ်ကြောင်း စစ်ဘက်မှပြောရေးဆိုခွင့်ရှိသူ  နီလန်သာပရီမာရတ်နီက ပြောသည်။

ကိုလံဘိုမြို့မြောက်ဘက် ၃၆၅ ကီလိုမီတာအကွာ ဗီဆူဗာမာဒူမြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ဆီထည့်မည့်သူများ တန်းစီ နေစဉ် စက်သုံးဆီပြတ်လပ်သွားရာမှစ၍ ဆူပူအုံကြွမှုများဖြစ်ပွားရာမှ စစ်ဆေးရေးစခန်းကို တိုက်ခိုက်မှုများလုပ်လာသည်အထိ  ဖြစ်ပွားလာခြင်းဖြစ်သည်။

သီရိလင်္ကာနိုင်ငံအတွင်း စီးပွားပျက်ကပ်ဆိုက်နေစဉ် ဆန္ဒပြမှုများစွာဖြစ်ပွားလာသော်လည်း ယခုမှပထမဆုံးအကြိမ် သေနတ်ပစ်ခတ် လူစုခွဲခြင်းဖြစ်ရာ ဆူပူဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် အရပ်သားလေးဦးနှင့် စစ်သည်သုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း  ရဲတပ်ဖွဲ့က ပြောသည်ဟု သိရသည်။

သီရိလင်္ကာနိုင်ငံအနေဖြင့် အစားအစာ၊ စက်သုံးဆီနှင့်ဆေးဝါးများ အပါအဝင် မရှိမဖြစ်လိုအပ်သောပစ္စည်းများကို တင်သွင်းနိုင်ရေး အတွက် နိုင်ငံခြားငွေကြေးပြတ်လပ်မှုနှင့် ရင်ဆိုင်ရသောကြောင့် လွတ်လပ်ရေးရပြီးနောက် အဆိုးဝါးဆုံးသော စီးပွားပျက်ကပ်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထို့နောက် စက်သုံးဆီပြတ်လပ်မှုများနှင့် ရင်ဆိုင်လာရစဉ် စက်သုံးဆီများကို ခွဲတမ်းနှင့်ပေးနေရသည့် အနေအထားကြောင့် စက်သုံးဆီ အရောင်းဆိုင်များ၌ လုံခြုံရေးတပ်ဖွဲ့များကို အစောင့်အကြပ်အဖြစ် ထားရှိလာရခြင်းဖြစ်ကြောင်း သိရသည်။                     

Ref: TST