မြောက်ကိုရီးယားအစိုးရက အူရောင်ရောဂါဖြစ်ပွားရာဒေသသို့ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့စေလွှတ်

ပြုံယမ်း၊ ပြည်တွင်းရေး

မြောက်ကိုရီးယားအစိုးရက နိုင်ငံအတွင်းရှိ အူရောင်ရောဂါဖြစ်ပွားရာ ပြည်နယ်သို့ အမျိုးသားအဆင့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ကို စေလွှတ်ထားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဇွန် ၁၉ ရက်တွင် ဖော်ပြထားသည်။

တောင်ဝမ်ဂေးပြည်နယ်ရှိ အနည်းဆုံးအိမ်ထောင်စု ၈၀၀ အနေဖြင့်   ပြင်းထန်အူရောင်ရောဂါဖြစ်ပွားမှုကို ခံစားနေရခြင်းဖြစ်သည်။

ယခုအခါ အစိုးရအနေဖြင့်  ရောဂါဖြစ်ပွားသူများကို  သီးသန့်ခွဲထားခြင်း၊ ဒေသခံအားလုံးကို အထူးဂရုပြု စောင့်ကြည့်ခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အထူးကုသမှုပေးခြင်း၊ သက်ကြီးများနှင့် သက်ကြီးရွယ်အိုများကဲ့သို့ ရောဂါ ကူးစက်လွယ်သူများကို စောင့်ကြည့်ခြင်းတို့ ဆောင်ရွက်ပေးနေကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားသည်။

အလားတူ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများသည် သောက်ရေနှင့်သုံးရေများ ဘေးကင်းစိတ်ချရမှုရှိစေရေးအတွက် မိလ္လာစနစ်နှင့် အခြားသော စွန့်ပစ်အမှိုက်များအပါအဝင် ပိုးသတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ထိုသတင်းဌာနက ဆက်လက် ဖော်ပြထားသည်။

အူရောင်ရောဂါဆိုသည်မှာ အူလမ်းကြောင်း ဆိုင်ရာကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး မြောက်ကိုရီးယား၌ ဖြစ်ပွားနေသော ရောဂါသည်  ဝမ်းပျက်ဝမ်းလျှောရောဂါ သို့မဟုတ် အူရောင်ငန်းဖျားရောဂါ ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားမှ တာဝန်ရှိသူများက ထုတ်ပြန်ထား သည်ဟု သိရသည်။                            

Ref: TST