နိုင်ငံရေးဆုံးဖြတ်ချက်အမှားများကြောင့် စီးပွားရေးကျဆင်းမှုနဲ့ရင်ဆိုင်ရတော့မယ့် ဗြိတိန်

နိုင်ငံရေးဆုံးဖြတ်ချက်အမှားများကြောင့် စီးပွားရေးကျဆင်းမှုနဲ့ရင်ဆိုင်ရတော့မယ့် ဗြိတိန်

ဗြိတိန်နိုင်ငံက စီးပွားရေးကျဆင်းမှုဆီ ဦးတည်လာနေပါပြီ။ ဒါပေမဲ့ အခုမှအစပဲရှိပါသေးတယ်။ ဒီလိုပြောလိုက်သူကတော့ ဒါဟမ် တက္ကသိုလ်မှ ဘဏ္ဍာရေးနဲ့စီးပွားရေးပါမောက္ခ ကီဗင်ဒိုးပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေတစ်ခုမှာ အရေးကြီးတဲ့ အကြောင်းအရာတစ်ရပ်က ငွေကြေးဖောင်းပွမှုပါပဲ။ ငွေကြေးဖောင်းပွမှုက ကိုယ့်ဒုက္ခကိုယ်ရှာသလို၊ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်သလို ဖြစ်နေရတဲ့ကိစ္စတစ်ခုပါ။

ဒီတော့ ကုန်ဈေးနှုန်းတွေ တည်ငြိမ်စေဖို့ထိန်းသိမ်းရမယ့်တာဝန်ဟာ ဗြိတိန်ဗဟိုဘဏ်ရဲ့တာဝန်ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့  ဗဟိုဘဏ်အပေါ်မှာလည်း ယုံကြည်မှုမဲ့နေရပါပြီ။ ဗြိတိန်ဗဟိုဘဏ်က ဇွန် ၁၆ ရက်မှာ သူ့ရဲ့အတိုးနှုန်းကို ၁ ဒသမ ၂၅ ရာခိုင်နှုန်း အထိမြှင့်တင်လိုက်ပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအတိုးနှုန်းဖြစ်ပြီး ဒီနှစ်ဆောင်းဦးရာသီ အရောက်မှာတော့ ငွေကြေး ဖောင်းပွမှုက ၁၁ ရာခိုင်နှုန်းအထိမြင့်တက်လာဖွယ်ရှိပါတယ်။

ဗြိတိန်ဗဟိုဘဏ်အနေနဲ့ ဖြစ်ပေါ်လာနေတဲ့ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စလို့ အတိုးနှုန်းတွေကို တိုးမြှင့်ခဲ့တာဖြစ်ပြီး အခုဆိုရင် ငါးကြိမ်မြောက်ဖြစ်လာပါပြီ။အလားတူ ဗဟိုဘဏ်က နိုင်ငံရဲ့စီးပွားရေး တိုးတက်မှု အခြေအနေကို လျှော့ချခန့်မှန်းလိုက်တဲ့အတွက်လည်း စီးပွားရေး ကျဆင်းမှုဆီ ပိုမိုဦးတည်သွားနေတယ်လို့ ပညာရှင်များက အခုလို သုံးသပ်လာတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလမှာ စားသုံးသူဈေးနှုန်းအညွှန်းကိန်း တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုကိုတိုင်းတာတဲ့ ကုန်ဈေး နှုန်းက ၉ ရာခိုင်နှုန်း မြင့်တက်လာတာကိုတွေ့ရပါတယ်။ မတ်လတုန်းက စားသုံးသူဈေးနှုန်း အညွှန်းကိန်းဟာ ၇ ရာခိုင်နှုန်း တိုးမြင့်လာပြီး နောက် ဧပြီလမှာ ဆက်လက်မြင့်တက်လာတဲ့အတွက် ငွေကြေးဖောင်းပွမှုသည်လည်း မြင့်တက်လာနေတယ်လို့ ဆိုနိုင်ပါတယ်။

မေလအတွက် စားသုံးသူ ဈေးနှုန်း အညွှန်းကိန်းက ၁၀ ရာခိုင်နှုန်းအထိမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင် တချို့က မျှော်မှန်းသုံးသပ်ထားပါတယ်။ တရားဝင်အချက်အလက်ကတော့ ဇွန် ၂၂ ရက်မှသာထွက်လာမှာပါ။ ဗဟိုဘဏ်ကလည်း  ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းနဲ့ ဒီနှစ်အတွင်းမှာ ဘဏ်အတိုးနှုန်းတွေကို ငါးကြိမ်တိုင်တိုင် တိုးမြှင့်ခဲ့ပြီးဖြစ်ပေမယ့် ဒီနှစ်ဆောင်းဦးရာသီ အရောက်မှာတော့ ငွေကြေးဖောင်းပွမှုက ၁၁ ရာခိုင်နှုန်း အထိမြင့်တက်လာနိုင်တယ်လို့ သတိပေးထားပြန်ပါ သေးတယ်။

အလားတူ ဗြိတိန်နိုင်ငံမှာ အစားအစာနဲ့ စွမ်းအင်ဈေးနှုန်းတွေ ကြီးမြင့်လာမှုကလည်း ဗြိတိန်နိုင်ငံသားတွေကို နေထိုင်မှု ကုန်ကျ စရိတ် အကျပ်အတည်းနဲ့ ရင်ဆိုင်ရစေဦးမှာ ဖြစ်ပါတယ်။ ဒီတော့ ဗြိတိန်နိုင်ငံအနေနဲ့ ငွေကြေးဖောင်းပွမှုကို မထိန်းချုပ်နိုင်ဘူး လားလို့မေးရင် ထိန်းချုပ်နိုင်ပါတယ်လို့ဖြေရပါလိမ့်မယ်။ ဒါပေမဲ့  ဗဟိုဘဏ်အနေနဲ့ အလွန်မြင့်မားလှတဲ့ အတိုးနှုန်းကို သတ်မှတ်ပေး ဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဒါ့အပြင် ငွေကြေးပမာဏ များပြားလာမှုကိုလည်း ကောင်းစွာထိန်းချုပ်နိုင်ဦးမှဖြစ်မှာပါ။ ဒီတော့ ဒီအခြေအနေတွေ အားလုံးဟာ ဗြိတိန်ဗဟိုဘဏ်အပေါ်မှာသာ မူတည်နေတယ်လို့ ပါမောက္ခကီဗင်ဒိုးက ထောက်ပြထားပါတယ်။ တကယ်လို့များ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် ဘဏ်အတိုးနှုန်းတွေကို အလွန်မြင့်မားစွာတိုးမြှင့်လိုက်ပြီဆိုရင် ဖြစ်ပေါ်လာမယ့် သူ့ရဲ့အကျိုးဆက် ကလည်း မသေးလှပါဘူး။

ဒီတော့ ဘဏ်အတိုးနှုန်းကို တိုးမြှင့်လိုက်ပြီဆိုပါစို့။ ငွေချေးသူတွေအနေနဲ့ ဘဏ်ကို အတိုးကြီးစွာပေးရတော့မှာပါ။ ဒါဆိုရင် အိမ်ခြံမြေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဆိုးကျိုးသက်ရောက်စေပါလိမ့်မယ်။ ဒီလိုသာဖြစ်ခဲ့ရင် နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုက  ဟန့်တား နှောင့်ယှက်ခံလိုက်ရမှာ ဖြစ်တဲ့အတွက် စီးပွားရေးကျဆင်းမှုကို ပိုမိုတွန်းအားပေးရာရောက် သွားနိုင်တယ်လို့ ဂျေပီမော်ဂန်မှ စီးပွားရေးပညာရှင်များက သတိပေးထားပါတယ်။

အဲဒီမတိုင်ခင် ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း ဘဏ္ဍာရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဖိလစ်ဟမ်းမွန်းက ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး ဟာ အခုလာမယ့်ဆောင်းဦးရာသီအရောက်မှာ သိသိသာသာကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါသေးတယ်။ ဗြိတိန်ဗဟိုဘဏ် ကတော့ အခုဒုတိယသုံးလပတ်မှာ  နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုက သုည ဒသမ ၃ ရာခိုင်နှုန်း လျော့နည်းသွားမယ်လို့ ခန့်မှန်းထား ပါတယ်။ သူ့ရဲ့ခန့်မှန်းမှုကြောင့် ဗြိတိန်နိုင်ငံဟာ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ညံစီနေအောင် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စီးပွားရေးတိုးတက်မှုမရှိတာ နှစ်လမျှသာရှိသေးတဲ့အတွက် နိုင်ငံတစ်နိုင်ငံ အနေနဲ့ စီးပွားရေးကျဆင်း တယ်လို့ဆိုရလောက်အောင် မလုံလောက်သေးဘူးလို့ ပါမောက္ခနဲ့ စာရေးဆရာတစ်ဦးဖြစ်တဲ့ ရော့နီ အတ်ကင်ဆန်က  ပြောထားပါတယ်။

ဒါပေမဲ့ စီးပွားရေးကျဆင်းမှု စတင်ဖြစ်ပွားခြင်းနဲ့ ငွေကြေးဖောင်းပွမှု ပေါ်ပေါက်လာရခြင်းတို့ရဲ့ အကြောင်းရင်းခံကတော့ နိုင်ငံရေး ကြောင့်သာ လုံးလုံးလျားလျားဖြစ်တယ်လို့ ရော့နီအတ်ကင်ဆန်က ဆိုထားပါတယ်။ ကိုဗစ်ကြောင့် အစိုးရကချမှတ်တဲ့ လော့ဒေါင်း တွေကနေ စီးပွားရေးအထနှေးတာနဲ့ ဗဟိုဘဏ်က ငွေစက္ကူတွေ အလျှံပယ်ရိုက်ထုတ်မှုတွေကြောင့် အခုလိုဖြစ်ရတာလို့ သူက ထောက်ပြထားတာပါ။ ဒီနေရာမှာ  နိုင်ငံရေးဆုံးဖြတ်ချက်အမှားတွေကြောင့်  ကိုယ့်ပါးကိုယ်ရိုက်လိုက်သလို ဖြစ်ရတဲ့ အခြေအနေ တွေကိုလည်း တွေ့ရပါတယ်။ အထင်ရှားဆုံးအခြေအနေကတော့ ဗြိတိန်နိုင်ငံဟာ အမေရိကန်၊ ဥရောပသမဂ္ဂတို့နဲ့ပေါင်းပြီး ရုရှား နိုင်ငံရဲ့ ဘဏ္ဍာရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ စွမ်းအင်ကဏ္ဍတို့အပေါ်  ပိတ်ဆို့မှုတွေချမှတ်လိုက်ခြင်းပါပဲ။

ဒီလိုမျိုးရုရှားရဲ့ စွမ်းအင်ကဏ္ဍအပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်ခြင်းကြောင့် စက်သုံးဆီဈေးနှုန်းတွေ အလွန်မြင့်တက်လာတဲ့ အတွက် စီးပွားရေးတိုးတက်မှုအခြေအနေကို တိုက်ရိုက်ခြိမ်းခြောက်လာနိုင်တာဖြစ်ပါတယ်။ မတ်လတုန်းကဆိုရင် ဗြိတိန်ဝန်ကြီး ချုပ် ဘောရစ်ဂျွန်ဆင်က  ရုရှားဆီကနေတင်သွင်းနေတဲ့ စွမ်းအင်တွေအပေါ် ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ နိုင်ငံ အတွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်လာပေမယ့် ဘောရစ်ဂျွန်ဆင်ကတော့ ဒီနှစ်အကုန်မှာ ရုရှားဆီကနေ ရေနံတင်သွင်းမှု  သုညအထိရောက်အောင်လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပြန်ပါတယ်။

ဗြိတိန်နိုင်ငံအတွင်းကို ဈေးသက်သက်သာသာနဲ့ ဝင်ရောက်နေတဲ့ ရုရှားရေနံတွေ မဝင်ရောက်နိုင်တော့တဲ့အတွက် စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ငွေကြေးဖောင်းပွမှုကို အရှိန်တိုးမြင့်သွားစေပါတယ်။ အခုဆိုရင် ဗြိတိန်နိုင်ငံတစ်ဝန်း ဓာတ်ဆီနဲ့ ဒီဇယ် တစ်လီတာပျမ်းမျှဈေးနှုန်းတွေဟာ ၁ ဒသမ ၈ စတာလင်ပေါင်နဲ့ ၁ ဒသမ ၉ စတာလင်ပေါင် အသီးသီး မြင့်တက် လာတာကိုတွေ့ရပါတယ်။

အလားတူ ဗြိတိန်နိုင်ငံက ရုရှားဆီကနေ သဘာဝဓာတ်ငွေ့တင်သွင်းမှုကိုလည်း ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားကကူညီပေးမယ်လို့ ပြောထားသည့်တိုင်အောင် ယူကရိန်းကပင်လယ်နက် ဆိပ်ကမ်းတွေကနေ ကုန်ပစ္စည်း တင်ပို့မှုကို ဆက်လက်တားမြစ်ထားမယ်လို့ဆိုတဲ့အတွက် လက်ရှိဖြစ်ပွားနေတဲ့ ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေမယ်လို့ စီးပွားရေး ပညာရှင်များက သတိပေးထားပါသေးတယ်။

တကယ်တမ်းကျတော့ နိုင်ငံရဲ့စနစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ခြေများစွာရှိပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအရ ချမှတ်တဲ့ ဆုံးဖြတ်ချက်များနဲ့  တာဝန်မဲ့မှုရဲ့ အကျိုးဆက်တွေကြောင့် စီးပွားရေးတိုးတက်မှုဟာ မလိုလားအပ်ဘဲ နှောင့်နှေးသွားရတာဖြစ်တယ် လို့ ရော့နီအတ်ကင်ဆန်က ပြောထားပါတယ်။ နောက်တစ်ချက်က နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုက အင်မတန် မြင့်တက်နေ ပေမယ့်  လုပ်ခလစာကို တိုးမြှင့်သတ် မှတ်ပေးဖို့အစီအစဉ်မရှိတဲ့ ဘောရစ်ဂျွန်ဆင်ရဲ့ ဆုံးဖြတ်ချက်ကလည်း  တိုင်းပြည်ရဲ့ စီးပွားရေး ကျဆင်းမှုကို လျင်မြန်စွာ ဖြစ်ပေါ်စေဖို့ တွန်းအားပေးနေခြင်းပါပဲ။

ဒီအတွက် ဘောရစ်ဂျွန်ဆင်ရဲ့ အကြောင်းပြချက်က လုပ်ခလစာတိုးပေးလိုက်ခြင်းအားဖြင့် တစ်ပြိုင်နက်တည်းဖြစ်ပေါ် လာမယ့် ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ်အခြေခံလို့ နောက်ထပ်လုပ်ခလစာတိုးမြှင့်ပေးရမှာနဲ့ပဲ သံသရာလည်သွားလိမ့် မယ်ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့အောက်စဖို့၊ ကိန်းဘရစ်၊ လန်ဒန်တက္ကသိုလ်များမှ ဆရာများအပါအဝင် စီးပွားရေးပညာရှင် ၆၇ ဦးက ဝန်ကြီးချုပ် ဆီပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာတော့ပညာရှင်များက ဝန်ကြီးချုပ်အနေနဲ့ တိုက်ပွဲမှားတိုက်နေတယ်လို့ အပြစ်တင်ဝေဖန်ထားပါတယ်။

ဒါ့အပြင်အလုပ်သမားတွေကို လုပ်ခလစာတိုးပေးတာက ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေမှာမဟုတ်ဘဲ အရင်လစာနဲ့ပဲ မြင့်တက်လာ တဲ့ လူနေမှုကုန်ကျစရိတ်ကို ပေးချေရခြင်းကသာ အကျပ်အတည်းကို ပိုဆိုးလာစေမှာဖြစ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။ ဖေဖော်ဝါရီလကနေ  ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုနဲ့ နှိုင်းယှဉ်ရင် လုပ်ခလစာက ၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဧပြီလကနေ မေလအတွင်းမှာတော့ ပိုလို့သာကျဆင်းလာပါတယ်။

အခုဆိုရင် စီးပွားရေးကျဆင်းမှုကလည်း ဖြစ်အံ့ဆဲဆဲ၊ ငွေကြေးဖောင်းပွမှုကလည်း  မြင့်တက်နေဆဲ၊  လူနေထိုင်မှု ကုန်ကျစရိတ် ကလည်း တိုးမြင့်နေဆဲဖြစ်တဲ့အတွက် နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြမှုကြီးတွေ ဖြစ်ပေါ်လာဖို့လည်း ရှိနေပြန်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံအနေနဲ့ လက်ရှိမှာစီးပွားရေး ကျဆင်းတော့မယ့် အခြေအနေနဲ့ရင်ဆိုင်လာရခြင်းဟာ အထူးသဖြင့် ကမ္ဘာ့ နိုင်ငံရေးအခြေအနေကြောင့်ဆိုတာထက် နိုင်ငံရေးဆုံးဖြတ်ချက်အမှားတွေကြောင့်သာ ဖြစ်တာကိုတွေ့ရတဲ့အတွက် ကိုယ်ဖော်တဲ့ ဆေး ကိုယ့်ဘာသာစားရတော့မယ့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။   

Ref: Sputnik

ထက်မြတ်