ရုရှားက တရုတ်အတွက်ပင်မရေနံထောက်ပံ့သူဖြစ်လာ

မော်စကို၊ စွမ်းအင်

ပြီးခဲ့သည့်မေလအတွင်း ရုရှားနိုင်ငံကတရုတ်နိုင်ငံအတွက် ပင်မရေနံထောက်ပံ့သူ ဖြစ်လာကြောင်း တရုတ်အကောက်ခွန် ဌာနမှ ဇွန် ၂၀ ရက်တွင် ထုတ်ပြန်သော စာရင်းဇယားများအရသိရသည်။

မေလအတွင်း တရုတ်နိုင်ငံက ရုရှားနိုင်ငံမှတင်သွင်းသော ရေနံပမာဏသည် ပြီးခဲ့သည့်နှစ်ထက် ၅၅ ရာခိုင်နှုန်း  ပိုမိုမြင့်တက်လာကာ တန်ချိန်အားဖြင့် ၈ ဒသမ၄၂ သန်းနီးပါး သို့မဟုတ် တစ်ရက်လျှင်ရေနံစည်သန်းပေါင်း ၁ ဒသမ ၉၈ သန်းအထိရှိလာသည်ကို တွေ့ရသည်။

ထို့ပြင် ပြီးခဲ့သည့်လအတွင်း တရုတ်ကရုရှားမှ ရေနံတင်သွင်းမှုပမာဏသည် ဧပြီလကထက် ၂၅ ရာခိုင်နှုန်းမြင့်တက်လာသော ကြောင့်  ရုရှားနိုင်ငံက  ဆော်ဒီအာရေဗျနိုင်ငံကို ကျော်လွန်ကာ တရုတ်နိုင်ငံအတွက် ပင်မရေနံထောက်ပံ့ပေးသည့် နိုင်ငံဖြစ်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ဧပြီလအတွင်း ဆော်ဒီအာရေဗျနိုင်ငံမှ တစ်ရက်လျှင်ရေနံစည်သန်းပေါင်း ၂ ဒသမ ၁၇ သန်း တင်သွင်းနေရာမှ မေလတွင် ၁ ဒသမ ၈၄ သန်းအထိလျှော့ချတင်သွင်းလိုက်သည်။

အလားတူ ဘရာဇီးနိုင်ငံမှ တရုတ်နိုင်ငံသို့ရေနံတင်ပို့မှုသည်လည်း မေလတွင် ၁၉ ရာခိုင်နှုန်းကျဆင်းကာ ရေနံတန်ချိန် ၂ ဒသမ ၂ သန်းသာ တင်ပို့ရတော့သည်ကို တွေ့ရသည်။ တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကြောင့် ရေနံလိုအပ်ချက် ကျဆင်းလာသော်လည်း နိုင်ငံအနေဖြင့် မေလအတွင်း ရေနံတင်သွင်းမှုပမာဏမှာ ၁၂ ရာခိုင်နှုန်းနီးပါးမြင့်တက်လာကာ တစ်ရက် လျှင် ရေနံစည်သန်းပေါင်း ၁၀ ဒသမ ၈ သန်းအထိရောက်ရှိလာသည်။

ရုရှားနိုင်ငံအနေဖြင့် ယခုနှစ်အစောပိုင်းမှစ၍ ရေနံစိမ်းများအပေါ် လျှော့ဈေးများ သတ်မှတ်ပြီးနောက် တရုတ်နိုင်ငံက ရုရှားနိုင်ငံမှ  ရေနံတိုးမြှင့် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။    

Ref: RT