၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)တွင် ဟံသာဝတီယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်း ထိပ်တိုက်တွေ့ဆုံနေ

ရန်ကုန်၊ ဘောလုံး

၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇွန် ၂၅ ရက်မှစတင်ကျင်းပမည်ဖြစ်ပြီး    ပွဲစဉ် ဇယားများကို ဇွန် ၂၀ ရက်က ထုတ်ပြန်ကြေညာရာတွင် ပွဲစဉ်(၁)၌ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့    ထိပ်တိုက် တွေ့ဆုံနေကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် က နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် မကျင်းပနိုင်ဘဲ ဖျက်သိမ်းခဲ့ရကာ ယခုနှစ် မှသာ ပြန်လည် ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် အသင်းက ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။

၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့်အတူ ရန်ကုန်ယူနိုက်တက်အသင်း၊ ဟံသာဝတီ ယူနိုက်တက်အသင်း၊ ဧရာဝတီယူနိုက်တက်အသင်း၊ ရတနာပုံအသင်း၊ မြဝတီအသင်း၊ မဟာယူနိုက်တက်အသင်း၊  ISPE အသင်း၊ ရခိုင်ယူနိုက်တက်အသင်း နှင့် GFA အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပွဲစဉ်(၁)တွင် မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်း၊ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက် တက်အသင်း၊ မဟာယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်း၊   ISPE   အသင်းနှင့်    ရခိုင်ယူနိုက်တက်အသင်း၊  GFA   အသင်းနှင့်  ရတနာပုံအသင်းတို့  ထိပ်တိုက်တွေ့ဆုံနေကြသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို ဇွန် ၂၅ ရက်မှ သြဂုတ် ၂၅ ရက်အထိလည်းကောင်း၊ ဒုတိယ အကျော့ ပွဲစဉ်များကို စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၆ ရက်အထိလည်းကောင်း ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ တစ်ပတ်လျှင် ငါးပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

STA