အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့၌ မုတ်သုံကာလရေကြီးမှုများကြောင့် သေဆုံးသူအနည်းဆုံး ၁၁၆ ဦးအထိရှိလာ

နယူးဒေလီ၊ သဘာဝဘေး

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ မုတ်သုံကာလအတွင်းဖြစ်ပွားသောရေကြီးမှုများကြောင့် သေဆုံးသူအနည်းဆုံး ၁၁၆ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက ဇွန်၂၁ ရက်တွင် ထုတ်ပြန်သည်။

မုတ်သုံကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လေဆိပ်တစ်ခုရေလွှမ်းမိုးခံရကာ တယ်လီဖုန်းတိုင်များ၊ တံတားများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုလဲသည့်အတွက် ပြည်သူသန်းပေါင်းများစွာမှာ အဆက်အသွယ်ပြတ်တောက်ပြီး ကယ်ဆယ်ရေး သမားများက ပြည်သူသိန်းပေါင်းများစွာကို မဖြစ်မနေကယ်ဆယ်မှုများ လုပ်ဆောင်နေရသည်။

အဆိုပါ သဘာဝဘေးကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်မှ အနည်းဆုံး လူ ၇၃ ဦးသေဆုံးကြောင်း တာဝန်ရှိသူ များကပြောသည်။

အာသံပြည်နယ်နှင့် အိမ်နီးချင်းပြည်နယ်ဖြစ်သည့် မက်ဂါလာယာပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချာရာပန်ဂျီနှင့် မော်ဆင်းရမ်မြို့တို့မှာ  ရေကြီးမှုဒဏ်ကို ဆိုးဝါးစွာခံစားနေရသည်။

မော်ဆင်းရမ်မြို့၌ တစ်ရက်အတွင်းမိုးရေချိန် ၁၀၁ စင်တီမီတာအထိ စံချိန်တင်ရွာသွန်းကာ မြေပြိုမှုများကြောင့် မိသားစုတစ်စုမှ လူငါးဦးသေဆုံးကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း မေလမှစ၍ယခုအချိန်အထိ မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးမှုများကြောင့် နိုင်ငံအရှေ့ မြောက်ပိုင်းရှိ ကလေးငယ် ၁ ဒသမ ၆ သန်းအပါအဝင် လူဦးရေ ၄ သန်းကျော်မှာအိမ်မဲ့ယာမဲ့ဖြစ်နေကြောင်း ကုလသမဂ္ဂ ကလေး သူငယ်ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ထားသည်။

Ref: TST