တောင်ကိုရီးယားက ပြည်တွင်းဖြစ်ဒုံးပျံဖြင့် ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာ လွှတ်တင်နိုင်

ဆိုး၊ အာကာသ

တောင်ကိုရီးယားနိုင်ငံက ဇွန် ၂၁ ရက်တွင် ပြည်တွင်းဖြစ်ဒုံးပျံဖြင့် ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ကြောင်း သိရသည်။

တောင်ကိုရီးယားအလံတံဆိပ် ရိုက်နှိပ်ထားသည့် နျူရီအမည်ရှိ ကိုရီးယားဂြိုဟ်တု လွှတ်တင်ယာဉ်အမှတ်(၂)ကို နိုင်ငံအရှေ့ တောင်ပိုင်း ကမ်းရိုးတန်းရှိ ဂိုဟောင်းဒုံးလွှတ်ကွင်းမှ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင်လွှတ်တင်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဒုံးပျံတွင် ပါဝင်သည့်အဆင့်သုံးဆင့်စလုံး မှန်ကန်စွာအလုပ်လုပ်ပြီး သတ်မှတ်အမြင့်ဖြစ်သည့် ကီလိုမီတာ ၇၀၀ သို့ရောက်ရှိ သောအခါ ပါဝင်လာသည့် ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာ ခွဲထုတ်ကာပတ်လမ်းအတွင်း လွှတ်တင်လိုက်နိုင်ကြောင်း တာဝန်ရှိသူ များကပြောသည်။

ထို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ အာကာသအစီအစဉ်သည် မမျှော်လင့်ထားသောအနေအထားသို့ ရုတ်တရက် ထိုးတက်သွားပြီ ဖြစ်ကြောင်းနှင့် ယခုအစီအစဉ်ကိုလည်း အောင်မြင်စွာ လုပ်ဆောင်လိုက်နိုင်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး လီဂျောင်ဟိုက ပြောသည်။

ထို့ပြင် ယခုအခါတောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်းဖြစ်နည်းပညာကို အသုံးပြုကာ အာကာသယာဉ်ကိုလွှတ်တင်လိုက်နိုင်သည့် ကမ္ဘာ့သတ္တမမြောက်နိုင်ငံဖြစ်လာကြောင်း၊ အစိုးရအနေဖြင့်လည်း နိုင်ငံကိုအာကာသထဲသို့ အမီလိုက်နိုင်သည့်နိုင်ငံဖြစ်အောင် ဆက်လက်တိုးတက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် သြဂုတ်လတွင် လပတ်ယာဉ်ကိုလွှ တ်တင်သွားရန် စီစဉ်ထားကြောင်းလည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သည့်ရှစ်လက ပြည်တွင်းဖြစ်ဒုံးပျံယာဉ်ကို ပထမဆုံးစမ်းသပ်လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အောင်မြင် ခဲ့ခြင်းမရှိသည့်အတွက် ယခုလွှတ်တင်မှုက ဒုတိယအကြိမ်လွှတ်တင်မှုဖြစ်သော်လည်း ပထမဆုံးအကြိမ် အောင်မြင်မှုဖြစ်ကြောင်း သိရသည်။            

Ref: TST