စက်သုံးဆီဈေးမြင့်တက်မှုအတွက် အမေရိကန်နိုင်ငံသား ၅၀ ရာခိုင်နှုန်းကျော်က ဂျိုးဘိုင်ဒင်ကိုအပြစ်တင်

ဝါရှင်တန်၊ နိုင်ငံရေး

အမေရိကန်နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် စက်သုံးဆီဈေးနှုန်းများမြင့်တက်မှုအတွက် အမေရိကန်နိုင်ငံ သား ၅၀ ရာခိုင်နှုန်းကျော်က ဂျိုးဘိုင်ဒင်ကို အပြစ်တင်ဝေဖန်ထားကြောင်း သိရသည်။

အဆိုပါစစ်တမ်းကို ရက်စမက်ဆန်စစ်တမ်း ကောက်ယူရေးအဖွဲ့က ပြီးခဲ့သည့်သီတင်းပတ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ဇွန် ၂၁ ရက်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုစစ်တမ်းအရ အမေရိကန်နိုင်ငံသား၅၂ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒင်၏ ညံ့ဖျင်းလှသော စွမ်းအင် မူဝါဒများအပေါ်ကိုသာ အပြစ်တင် ဝေဖန်ထားသည်ကို တွေ့ရသည်။

စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လုပ်ရပ်ကြောင့်ဖြစ်သည်ဟု အမေရိကန် အစိုးရက  တတွင်တွင်ပြောသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပူတင်အပေါ် လက်ညှိုးထိုးသူ ၁၁ ရာခိုင်နှုန်းသာရှိသည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၂၉ ရာခိုင်နှုန်းမှာမူ စွမ်းအင်ကုမ္ပဏီများကိုသာ အပြစ်တင်ဝေဖန်ထားကာ ထိုကုမ္ပဏီများ အနေဖြင့် လက်ရှိဖြစ်ပွားနေသော ပထဝီနိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ ၎င်းတို့၏အိတ်ကပ်များထဲသို့သာ ငွေများသဲ့ထည့် နေသည်ဟုဆိုထားသည်။

အမေရိကန်နိုင်ငံသည် ၎င်းကိုယ်၌က ရေနံထုတ်လုပ်တင်ပို့သော နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံအတွက်လိုအပ်သော စွမ်းအင် များအနက် ၂ ရာခိုင်နှုန်းကိုသာ ရုရှားနိုင်ငံမှ တင်သွင်းနေခြင်းဖြစ်ပြီး မတ်လတွင် အဆိုပါတင်သွင်းမှုကို တားမြစ်လိုက်မှုက အမေရိကန် ပြည်တွင်း စွမ်းအင်ဈေးကွက်အပေါ် ကြီးစွာသော သက်ရောက်မှုမရှိပေ။

လက်ရှိတွင် အမေရိကန်နိုင်ငံတစ်ဝန်း စက်သုံးဆီဈေးများ လွန်စွာကြီးမြင့်လာကာ ငွေကြေးဖောင်းပွမှုသည်လည်း နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးသို့ရောက်ရှိလာသည့်အတွက် လာမည့်နှစ်စပိုင်းတွင် တစ်နိုင်ငံလုံး စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း သိရသည်။          

Ref: RT