အာဖဂန်နစ္စတန်၌ငလျင်လှုပ်မှု သေဆုံးသူအနည်းဆုံးအယောက် ၁၀၀၀ နီးပါးရှိ

ကဘူး၊ သဘာဝဘေး

အာဖဂန်နစ္စတန်နိုင်ငံ၌ ဇွန် ၂၂ ရက်နံနက်အစောပိုင်းတွင် ၆ ဒသမ ၁ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ရာ သေဆုံးသူ စုစုပေါင်း အနည်းဆုံး အယောက် ၁၀၀၀ နီးပါးရှိကြောင်းနှင့် ဒဏ်ရာရရှိသူ ၁၅၀၀ ကျော်ရှိကြောင်း တာလီဘန် အာဏာပိုင်များက ပြောသည်။

ငလျင်လှုပ်ခတ်မှုကို အဆိုးဆုံးခံစားရသည့်ပြည်နယ်မှာ ပက်တီကာပြည်နယ်ဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူများ စာရင်းကို အဆိုပါ ပြည်နယ်ပြန်ကြားရေး ဌာနအကြီးအကဲက ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများမှာ ပြည်နယ်အတွင်းရှိ ခရိုင်နှစ်ခုမှသာဖြစ်ကြောင်း ထိုတာဝန်ရှိသူက ဆက်ပြော သည်။

ငလျင်ကြောင့်သေဆုံးသူ ၉၂၀ နှင့် ဒဏ်ရာရရှိသူ ၆၀၀ ကျော်ရှိကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဒုတိယဝန်ကြီးက အစောပိုင်းတွင် ထုတ်ပြန်ပြီးနောက် ပြည်နယ်ပြန်ကြားရေးဌာနက ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် သေဆုံး သူများနှင့် ဒဏ်ရာရရှိသူ အရေအတွက်သည် ယခုထက်ပိုမိုမြင့်တက်လာနိုင်ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြထား သည်။

အဆိုပါငလျင်သည် နိုင်ငံအရှေ့မြောက်ပိုင်း ခို့(စ်)မြို့မှ ၂၇ မိုင်အကွာ မြေအောက်အနက် ၃၁ မိုင်တွင်လှုပ်ခတ်ခြင်း ဖြစ်ကြောင်းနှင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကလည်း ငလျင်ဒဏ်ကိုခံစားရကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က ထုတ်ပြန်ထားသည်။        

Ref: RT