NATO အနေဖြင့် နောက်ထပ်စစ်အေးတိုက်ပွဲ ဖြစ်ပေါ်စေရေးမကြိုးပမ်းရန် တရုတ်တိုက်တွန်း

ပေကျင်း၊ နိုင်ငံရေး

NATO တပ်ဖွဲ့အနေဖြင့် နောက်ထပ်စစ်အေးတိုက်ပွဲ ဖြစ်ပွားစေရေးကြိုးပမ်းမှုများကို ရှောင်ကြဉ်ရန်၊ တရုတ်နိုင်ငံနှင့်ပတ်သက်၍ သတင်းအမှားများ ထုတ်ပြန်နေမှုရပ်တန့်ရန် တရုတ်နိုင်ငံကတောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ဇွန် ၂၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

NATO တပ်ဖွဲ့သည် စစ်အေးတိုက်ပွဲမှထွက်ပေါ်လာသည့် ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့အကြီးဆုံး စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်ကြောင်းနှင့် ၎င်း၏မူလအမည်သတ်မှတ်ချက်မှာ မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့ ဖြစ်သော် လည်း ၎င်း၏အင်အားကိုပြသရန် အာရှ-ပစိဖိတ်ဒေသအထိ ခြေဆန့်လာနေကြောင်း ဝမ်ဝန်ဘင်းက ဆက်ပြောသည်။

ထိုကဲ့သို့သော NATO တပ်ဖွဲ့၏ လုပ်ဆောင်ချက်များသည် အလွန်အန္တရာယ်များပြီး အာရှ-ပစိဖိတ်ဒေသရှိနိုင်ငံများနှင့် ကမ္ဘာ တစ်ဝန်းလုံး၏ ပြတ်ပြတ်သားသား ဆန့်ကျင်မှုများကိုသာ ရရှိစေမည်ဖြစ်ကြောင်း ဝမ်ဝန်ဘင်းက ဆိုသည်။

အလားတူ NATO တပ်ဖွဲ့ကြောင့် ဥရောပဒေသတစ်ခုလုံး ကမောက်ကမအခြေအနေနှင့်ရင်ဆိုင်နေရကြောင်း၊ ထိုအချိန်တွင် အာရှဒေသနှင့် ကျန်တစ်ကမ္ဘာလုံးကို ကမောက်ကမဖြစ်စေရေး လုပ်ဆောင်နေမှုများကို ရှောင်ကြဉ်သင့်ကြောင်း ဝမ်ဝန်ဘင်းက တောင်းဆိုထားသည်။

ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ စပိန်နိုင်ငံမက်ဒရစ်မြို့၌ကျင်းပမည့်ထိပ်သီးအစည်းအဝေးတစ်ခုတွင် NATO တပ်ဖွဲ့အနေဖြင့် ရုရှား နိုင်ငံကို ၎င်းတို့၏ လုံခြုံရေးကို သိသိသာသာနှင့် တိုက်ရိုက်ခြိမ်းခြောက်နေသော အန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ရန် သဘောတူ မည်ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံသည်လည်း NATO တပ်ဖွဲ့၏အကျိုးစီးပွားများ၊ လုံခြုံရေးနှင့် စံတန်ဖိုးများကို ပျက်စီးစေနိုင်သည့် နိုင်ငံအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အဆိုပါစစ်ရေးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့က အစောပိုင်းတွင် ပြောထားသည် ဟုသိရသည်။

Ref: Tass