စက်သုံးဆီချွေတာရေးအတွက် ဝန်ထမ်းများ နေအိမ်မှသာအလုပ်လုပ်ရန် ပါကစ္စတန်ဗဟိုဘဏ်ညွှန်ကြား

အစ္စလာမ်မာဘတ်၊ စက်သုံးဆီဖူလုံရေး

နိုင်ငံအနေဖြင့် စက်သုံးဆီကိုချွေတာနိုင်ရေးနှင့် ဒေါ်လာငွေကြေးပြတ်လပ်မှုမရှိစေရေးအတွက် ဗဟိုဘဏ်ဝန်ထမ်းများအနေဖြင့် သီတင်းပတ်တစ်ပတ်တွင် နှစ်ရက်ကို နေအိမ်မှသာ အလုပ်လုပ်ရန်နှင့် အစည်းအဝေးများကိုလည်း အဝေးရောက်စနစ်ဖြင့်သာ ကျင်းပရန် ပါကစ္စတန်ဗဟိုဘဏ်က ညွှန်ကြားလိုက်ကြောင်း သိရသည်။

ထို့ပြင် ဝန်ထမ်းများအနေဖြင့် လူစုကာကားငှားစီးသည့်စနစ်ကိုဖော်ဆောင်ရန်၊ ကားစီးစဉ် လေအေးပေးစက်များကို ပိတ်ထားရန်၊ ပရိဘောဂပစ္စည်းများ ဝယ်ယူမှုကို ဆိုင်းငံ့ထားရန်နှင့် ခရီးသွားလာမှုကို တားမြစ်ကန့်သတ်ရန် ဗဟိုဘဏ်က တောင်းဆိုထားသည်။

အလားတူ ဘဏ်လုပ်ငန်းစုတစ်ခုလုံးနှင့် အခြားသော ဘဏ်လုပ်ငန်းရှင်များအနေဖြင့်လည်း စွမ်းအင်ကိုချွေတာနိုင်ရေးအတွက် ဖြစ်နိုင်သမျှ လုပ်ဆောင်ရန် ဗဟိုဘဏ်က တိုက်တွန်းထားသည်။

လက်ရှိတွင် ပါကစ္စတန်အစိုးရက ကုန်ပဒေသာတိုက်များနှင့်စက်ရုံများကို စောစောစီးစီးပိတ်ရန်နှင့် အလုပ်လုပ်ရက်ကိုလည်း  သီတင်းပတ်တစ်ပတ်တွင် တစ်ရက်လျှော့ချရန် ညွှန်ကြားထားပြီးဖြစ်သည်။

ပါကစ္စတန်နိုင်ငံအနေဖြင့် စက်သုံးဆီများကို ပြည်ပနိုင်ငံများမှသာ အဓိကထားတင်သွင်းလျက်ရှိရာ ပြီးခဲ့သည့်နှစ် ဇူလိုင်လမှ ယခုနှစ် မေလအတွင်း ၉၉ ရာခိုင်နှုန်းအထိ တိုးမြှင့်တင်သွင်းလာရကြောင်း သိရသည်။                      

Ref: TST