ကွင်းလယ်ကစားသမားဒီဂျောင်း၏ အပြောင်းအရွှေ့ ကြန့်ကြာနေခြင်းမှာ စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်ကြောင့်သာ ဖြစ်ကြောင်း ဘာစီလိုနာ အသင်းဥက္ကဋ္ဌပြော

ဘာစီလိုနာအသင်းနှင့်  မန်ယူအသင်းတို့ကြား  ကွင်းလယ်ကစားသမား ဒီဂျောင်း၏ အပြောင်းအရွှေ့ ကြန့်ကြာနေခြင်းမှာ စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ် ကြောင့်ဖြစ်သည်ဟု   ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ပြောသည်။

မန်ယူအသင်းသည်      လက်ရှိကစားသမား အပြောင်းအရွှေ့ကာလ အစပိုင်းကတည်းက ဒီဂျောင်းကို ခေါ်ယူရန်   ကြိုးပမ်းနေပြီး  လက်ရှိအချိန်ထိ အောင်မြင်မှု မရရှိသေးခြင်း ဖြစ်သည်။

မန်ယူအသင်းက  ဒီဂျောင်းကိုခေါ်ယူရန် ကစားသမားဖြစ်သူနှင့်     သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဘာစီလိုနာ အသင်းထံ  ပြောင်းရွှေ့ကြေး ယူရို  ၆၅ သန်းအပြင်  အပိုဆုကြေး  ငါးသန်းဖြင့် ကမ်းလှမ်းခဲ့ သော်လည်း  ဘာစီလိုနာ အသင်းက  ပယ်ချခဲ့ခြင်းဖြစ်သည်။

လက်ရှိ    စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်၏ အသင်းဘဏ္ဍာရေးစည်းမျဉ်းနှင့်   ညှိစွန်းနေသည့် ဘာစီလိုနာ အသင်းအတွက် အပြောင်းအရွှေ့ကာလတွင် အသင်းဝင်ငွေရှာဖွေရန် လိုအပ်နေပြီး ဘာစီလိုနာအသင်းက ဒီဂျောင်းကို မန်ယူအသင်းကမ်းလှမ်းသည့် တန်ကြေးနှင့် လက်ခံလိုသော်လည်း စပိန်လာလီဂါ ဘောလုံး အဖွဲ့ချုပ်၏   ဘဏ္ဍာရေးစည်းမျဉ်းကြောင့် အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ရရှိမှသာ ရောင်းချရမည်ဖြစ်သည်။

ဘာစီလိုနာအသင်းသည်  ဒီဂျောင်းကို  ၂၀၁၉ ခုနှစ်က အေဂျက်အသင်းမှ ပြောင်းရွှေ့ကြေး  ယူရို ၆၅ သန်းဖြင့် ခေါ်ယူထားပြီး စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းအရ  ဘာစီလိုနာ အသင်းအနေဖြင့် ဒီဂျောင်းကိုဝယ်ယူစဉ်ကတန်ကြေးထက် ပိုသည့် တန်ကြေးရရှိမှသာ ရောင်းချနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်ထိ  မန်ယူအသင်းနှင့်  ဘာစီလိုနာ အသင်းတို့ကြား သဘောတူညီမှု မရရှိသေးသော်လည်း မန်ယူအသင်းက  ဒီဂျောင်းကို  ယခုရက်ပိုင်းအတွင်း ခေါ်ယူလိုနေသည့်အတွက်  ယူရို သန်း  ၇၀ ကို ပေးချေဖွယ်ရှိ နေကြောင်း သိရသည်။

 Ref;Fabrizio Romano